ချယ်လ်ဆီးအသင်းကို ရောင်းချဖို့ စီစဉ်နေပြီဖြစ်တဲ့ အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်

ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ဟာ ချယ်လ်ဆီး အသင်းကို ရောင်းချဖို့စီစဉ်နေပြီး အဲဒီလိုရောင်းချဖို့ စီစဉ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ ချမှတ်ခဲ့တာဖြစ်တယ်လို့လည်း အေဘရာမိုဗစ်ချ်က ချယ်လ်ဆီးအသင်းဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ပြီး ပြောကြားခဲ့ပါတယ်။

 

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအား စစ်ဆင်ရေးဆင်နွှဲမှုများ ပြုလုပ်ပြီးနောက် ရုရှားဘီလျံနာတွေကို ဥရောပသမဂ္ဂက ပိတ်ဆို့မှုများ ပြုလုပ်ခဲ့တာကြောင့် ရုရှားနိုင်ငံသားဖြစ်တဲ့ အေဘရာမိုဗစ်ချ်က ချယ်လ်ဆီးအသင်းကို ရောင်းချဖို့စီစဉ်လာခဲ့တာဖြစ်ပြီး ချယ်လ်ဆီးအသင်းကို ပေါင်စတာလင် သုံးဘီလီယံနဲ့ ရောင်းချသွားမယ်လို့ ဈေးနှုန်းသတ်မှတ်ထားတာ ဖြစ်ပါတယ်။

 

အေဘရာမိုဗစ်ချ်ဟာ ၂၀၀၃ ခုနှစ်အတွင်းက ချယ်လ်ဆီး အသင်းကို ပေါင်သန်း ၁၄၀ နဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး ချယ်လ်ဆီး အသင်းပိုင်ရှင်ဘဝမှာ ချန်ပီယံလိဂ်ဖလား နှစ်ကြိမ်၊ ပရီမီယာလိဂ်ဖလား နှစ်ကြိမ်၊ အက်ဖ်အေဖလားငါးကြိမ်၊ ယူရိုပါလိဂ် ဖလားနှစ်ကြိမ်နဲ့ လိဂ်ဖလားသုံးကြိမ်တို့ကို ရယူဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

အေဘရာမိုဗစ်ဟာ ချယ်လ်ဆီးအသင်းနဲ့အတူ ၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်းက ယူအီးအက်ဖ်အေ စူပါဖလားကို ရယူဆွတ်ခူးနိုင်ခဲ့ပြီး ဖေဖော်ဝါရီလအတွင်းကလည်း ကမ္ဘာ့ကလပ်အသင်းများ ဖလားကို ပထမဆုံးအကြိမ် ရယူဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

 

အေဘရာမိုဗစ်ချ်ဟာ ချယ်လ်ဆီးအသင်း ပိုင်ရှင်ဘဝမှာ နည်းပြအပြောင်းအလဲ ၁၃ ဦးအထိပြုလုပ်ခဲ့ပြီး အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာလည်း ပေါင်နှစ်ဘီလီယံကျော် သုံးစွဲခဲ့သူ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂက ပိတ်ဆို့မှုတွေပြုလုပ်ခဲ့တဲ့ ရုရှားဘီလျံနာတွေထဲမှာ အဲဗာတန်အသင်းနဲ့ စီးပွားရေးဆိုင်ရာ ချိတ်ဆက်မှုတွေရှိနေတဲ့ အလီရှာယူစမာနော့ဗ်လည်း ပါဝင်နေတယ်လို့ သိရပါတယ်။

 

လက်ရှိတွင် ဥရောပသမဂ္ဂနိုင်ငံများသို့ ယူကရိန်းဒုက္ခသည် ၆၅၀၀၀၀ ကျော် ရောက်ရှိနေကြောင်း သိရသည်။

 

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်- အောင်ကျော်ကျော်