ခရမ်းသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

ခရမ်းသီးမှာ ဗီတာမင်တွေ၊ အာဟာရဓာတ်တွေနဲ့ အမျှင်ဓာတ်တို့အပြည့်အဝပါဝင်ပါတယ်။ ခရမ်းသီးက နှလုံး၊ ဦးနှောက်၊ အရေပြားနဲ့ အရိုးကို အကျိုးပြုတဲ့အပြင် အစာချေစနစ်ကို ကောင်းမွန်စေပြီး အမျိုးအစား ၂ ဆီးချိုရောဂါကိုပါ ထိန်းနိုင်တဲ့အစွမ်း ရှိတယ်လို့ သိရပါတယ်။

 

သူ့ရဲ့ကောင်းကျိုးတွေထဲက တစ်ချက်ကတော့ အဆီဓာတ်မပါရှိတာပဲဖြစ်ပါတယ်။ မီးဖုတ် စားတာပဲဖြစ်ဖြစ်၊ ဟင်းချက်စားတာပဲဖြစ်ဖြစ် မျိုးစုံသုံးလို့ရတဲ့ ခရမ်းသီးဟာ အဆီချအသား ကျစ်လျစ်ဖို့အတွက်လည်း အသုံးဝင်မှာဖြစ်ပါတယ်။

 

ခရမ်းသီးရဲ့ကောင်းကျိုးများ

 

(၁) နှလုံးရဲ့လုပ်ဆောင်ချက် ကောင်းစေတယ်

 

နှလုံးကျန်းမာရေးအတွက် ကိုလက်စထရောပမာဏနဲ့ သွေးဖိအားကို မှန်ကန်တဲ့အဆင့်ရှိမှာ ထိန်းထားနိုင်ဖို့ လိုပါတယ်။ သည်လိုမှမထိန်းနိင်ရင် ဆိုးရွားတဲ့ နှလုံးရောဂါအခြေအနေတ ွေဖြစ်နိုင်ခြေပိုများစေပါတယ်။ ခရမ်းသီး ဟာ phytonutrients လို့ခေါ်တဲ့ နှလုံးကိုကာကွယ်ပေးတဲ့ ဒြပ်ပေါင်းတစ်မျိုးပါဝင်မှုကြောင့် ရောင်ရမ်းမှုကို လျော့ကျစေပြီး သွေးကြောလုပ်ဆောင်ချက်တွေ ကောင်းမွန်စေတယ်လို့ သုတေသနတစ်ခုက ဖော်ပြခဲ့ပါတယ်။

 

ခရမ်းသီးမှာ မကောင်းတဲ့ကိုလက်စထရောပါဝင်မှုပမာဏလည်းနည်းပါးတာကြောင့် နှလုံး သွေးကြောပိတ်ဆို့မှုဖြစ်စေနိုင်တဲ့ အဆီချေးတွေဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။

(၂) ဦးနှောက်ကိုကာကွယ်ပေးတယ်

 

ခရမ်းသီးအခွံမှာပါတဲ့ nasunin လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးကြောင့် ခရမ်းရောင်ဖြစ်နေတာပါ။ nasunin ဟာ ဦးနှောက်ထဲက အဆီဓာတ်တွေကို ထိခိုက်မှုမရှိအောင် ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိထားပါတယ်။ ဦးနှောက်ဆဲလ်အမြှေးတွေထဲမှာ တွေ့ရတဲ့ သည်အဆီတွေက အာဟာရဓာတ်တွေကို စုပ်ယူပေးတာဖြစ်ပါတယ်။

 

ဒါ့ကြောင့် ခရမ်းသီးကိုချက်မယ်ဆိုရင် အခွံကအရေးပါတာကြောင့် အခွံခွာမပစ်ပါနဲ့။

 

(၃) အမျိုးအစား ၂ ဆီးချိုရောဂါကို ထိန်းချုပ်နိုင်တယ်

 

အာဟာရဓာတ်တွေအပြည့်အဝပါတဲ့အပြင် အမျှင်ဓာတ်ပါဝင်မှုများပြီး ပျော်ဝင်လွယ်တဲ့ ကာဗိုဟိုက်ဒရိတ်တွေ လည်း နည်းပါးပါတယ်။ဒါ့ကြောင့် ဆီးချိုရောဂါရှိသူတွေဟာ ထမင်းစားရင် ခရမ်းသီးဟင်းတစ်ခွက်တော့ ထည့်သွင်းသင့်ပါတယ်။

 

ခရမ်းသီးမှာ ဂလူးကို့စ်စုပ်ယူမှုကိုထိန်းချုပ်ပေးတဲ့ဒြပ်ပေါင်းတွေဖြစ်တဲ့ alpha-glucosidase နဲ့ angiotensin တို့ ပါဝင်မှုမြင့်မားတာကြောင့် ဆီးချိုကာကွယ်ပြီး ထိန်းချုပ်နိုင်တယ်လို့ သုတေသနက ဆိုပါတယ်။ phenols ဆိုတဲ့ ဓာတ်ကြောင့်လည်း အင်ဆူလင်က ကာဗိုဟိုက်ဒရိတ်တွေကိုဖြိုခွဲမှုနှေးကွေးစေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်ပါတယ်။

 

(၄) ကိုယ်အလေးချိန်ကိုကျစေတယ်

 

ဝိတ်ချဖို့စဉ်းစားနေသူဖြစ်ရင် ခရမ်းသီးက အကူအညီပေးပါလိမ့်မယ်။ အမျှင်ဓာတ်များလို့ သင့်ကို အချိန်အတော်ကြာ ဗိုက်ပြည့်နေစေပြီး ကယ်လိုရီကလည်း နည်းပါတယ်။ ခရမ်းသီးအစိမ်း ၁၀ဝ ဂရမ်မှာ ၂၄ ကယ်လိုရီသာ ပါရှိပါတယ်။

 

(၅) အသားအရေလှစေတယ်

 

ခရမ်းသီးမှာ ဗီတာမင် စီနဲ့ အီး ကြွယ်ဝတာကြောင့် နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ဒဏ်ကို အကာအကွယ်ပေးပါတယ်။ ဒါ့အပြင် အရေးအကြောင်းများ၊ အမည်းစက်များ အပြင် အိုမင်းရင့်ရော်မှု လက္ခဏာတွေကို နှေးကွေးစေပါတယ်။

 

Nasunin ဟာ ဆဲလ်အမြှေးပါးတွေထိခိုက်ရောင်ရမ်းစေတဲ့( ဝက်ခြံနဲ့ psoriasis မှာလိုမျိုး) အခြေအနေတွေ မဖြစ်စေဖို့ ကာကွယ်တဲ့ free radical တားဆီးရေးပစ္စည်းအဖြစ် လုပ်ဆောင်ပေးပါတယ်။ အသားအရေ လှပစေဖို့ အတွက် လိုအပ်တဲ့ niacin, folate, နဲ့ manganese ဓာတ်တို့ကိုလည်း ခရမ်းသီးမှာတွေ့ရပါတယ်။

 

(၆) အရိုးသန်မာစေတယ်

 

သင့်မှာ အရိုးပွရောဂါဖြစ်လာနိုင်တဲ့အန္တရာယ်ရှိနေတယ်ဆိုရင်လည်း ခရမ်းသီးကို မကြာခဏ စားပေးဖို့လိုပါတယ်။ အရိုးကျန်းမာရေး အတွက် အရေးပါတဲ့ phytonutrients, iron, manganese, နဲ့ vitamin K တို့လည်းကြွယ်ဝစွာ ပါဝင်ပါတယ်။သည်ဓာတ်တွေက ကယ်လ်စီယမ်ကို ထိရောက်စွာအသုံးချနိုင်ဖို့ထောက်ကူပေးတာဖြစ်လို့ နောက်ဆုံးမှာ အရိုးသန်မာမှုကို အားပေးတာဖြစ်ပါတယ်။

 

(၇) သံဓာတ်လွန်ကဲခြင်းကို လျှော့ချပေးတယ်

 

Nasunin ကြောင့်ပါပဲ။ nasunin က သင့်ရဲ့ခန္ဓာကိုယ်စနစ်ထဲက ပိုလျှံနေတဲ့ သံဓာတ်ပမာဏကို လျှော့ချပေးနိုင်ပါတယ်။ သံဓာတ်လွန်ကဲတဲ့အခါ ရုတ်တရက်နှလုံးခေတ္တရပ်ခြင်း၊ ကင်ဆာတို့နဲ့ ဆက်နွှယ်စေပြီး free radical ထွက်ရှိမှုကို တိုးစေနိုင်ပါတယ်။ အထူးသဖြင့် သွေးဆုံးကာနီးအမျိုးသမီးတွေမှာ သံဓာတ်လွန်ကဲမှု ပိုဖြစ်စေနိုင်ပါတယ်။

 

(၈) စိတ်ကျရောဂါလက္ခဏာတွေကို သက်သာလျော့ပါးစေတယ်

 

Serotonin လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးချို့တဲ့တဲ့အခါ စိတ်ကျဝေဒနာနဲ့ စိုးရိမ်ပူပန်မှုကို ဖြစ်စေတယ်လို့ သုတေသီတွေကပြောကြပါတယ်။ ခရမ်းသီးမှာ serotonin အတွက်အရေးပါတဲ့ scopoletin ဓာတ်တစ်ခုပါဝင်တာကြောင့် စိတ်ကျရောဂါအတွက် သက်သာလျော့ပါးစေပါတယ်။

 

(၉) အစာခြေစနစ်ကိုကောင်းစေတယ်

 

ရေဓာတ်နဲ့ အမျှင်ဓာတ်ပါဝင်မှုများတဲ့ ခရမ်းသီးတွေဟာ အစာခြေစနစ်အတွက်ကောင်းတာကြောင့် စားသင့်တဲ့အသီးဖြစ်ပါတယ်။

 

ခရမ်းသီးကို ချက်စား၊ မီးဖုတ်စား၊ ပေါင်းစားလို့ရပေမယ့် ကြော်စားရင်တော့ သတိပြုသင့်တာက ခရမ်းသီးက ဆီအရမ်းစုပ်ပါတယ်။

 

ရေးသားသူ Yun Sandi Nan Monဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်