ခရမ်းမြို့နယ် ကမာကလူလျှပ်စစ်ရေတင် ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်းကာ ပူးပေါင်းပါဝင် ဆည်မြောင်းစနစ် အကောင်အထည်ဖော်

ခရမ်း ၂၄ ဇွန်

 

ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် ကမာကလူ လျှပ်စစ်ရေတင်လုပ်ငန်းအတွက် ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်းထူထောင်ရေးနှင့် ပူးပေါင်းပါဝင် ဆည်မြောင်းစနစ် အကောင်အထည်ဖော်ခြင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ကမာကလူကျေးရွာ အုပ်ချူပ်ရေးမှူးရုံးခန်းမ၌ ကျင်းပခဲ့သည်။

 

ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ကျင့်သုံးရသည့် ရည်ရွယ်ချက်မှာ ဆည်မြောင်း၊ ရေ‌ပေးမြောင်း၊ ရေပေးအဆောက်အဉီများ ပြုပြင်ထိန်းသိမ်းရာတွင် ပြုပြင်ထိမ်းသိမ်းမှုစရိတ် ထိရောက်စေရန်နှင့် ရေကို အကျိုးရှိစွာ အသုံးပြုနိုင်ရန်အပြင် မြစ်ရေတင်ရေကို အသုံးပြုသည့် ရေအသုံးချသူများအသင်း အဖွဲ့အစည်းများမှတစ်ဆင့် ဌာနနှင့် တောင်သူလယ်သမား ပူးပေါင်းပါဝင်သော ရေစီမံခန့်ခွဲမှုစနစ်ကို လွယ်ကူစွာ စတင်အသုံးပြုနိုင်ရန်ဖြစ်သည်ဟု ရန်ကုန်တောင်ပိုင်းခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဉီးစီးဌာန(ရေအရင်းမြစ်) လက်ထောက်ညွှန်ကြားရေးမှူး ဉီးမြင့်ဟန်ထံမှ သိရသည်။

 

အဆိုပါအခမ်းအနားသို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဉီးတင်မောင်သန်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဉီးကျော်ထွန်းနှင့် တာဝန်ရှိသူများ၊ ကမာကလူ လျှပ်စစ်ရေတင် ရေသောက်စိုက်ဧကမှ တောင်သူများနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြသည်။

 

ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ရေတင်လုပ်ငန်း ၂၂ ခု ဆောင်ရွက်လျက်ရှိပြီး အကျိုးပြုဧက ၂၄၅၁၈ ဧကရှိပြီး ၂၀၁၉-၂၀၂၀ ခုနှစ် နွေစပါးစိုက်ဧက ၁၄၆၀၀ အား တောင်သူများ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင် နွေစပါးအပြင် လိုအပ်ပါက မိုးစပါးအောင်ရေ ပေးဝေနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။ ခရမ်းမြို့နယ်တွင် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းနှစ်ခုရှိပြီး ယနေ့ ကမာကလူကျေးရွာတွင် (WUG/WUA) အဖွဲ့ ဖွဲ့စည်းခြင်းဖြင့် ပြည်သူပူးပေါင်းပါဝင်သည့် ဆည်မြောင်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ကိုမင်း(ခရမ်း)