ခရမ်းချဉ်သီးဈေး ထူးကဲစွာမြင့်တက်၊ ရာသီချိန်အမီ စိုက်ပျိုးခဲ့သည့်ခြံများ အဆင်ပြေနေ

ဒီဇင်ဘာ ၂၂

 

ခရမ်းချဉ်သီးဈေးနှုန်းများ ထူးကဲစွာမြင့်တက်နေသည့်အတွက် ရာသီချိန်အမီ စိုက်ပျိုးခဲ့သည့်ခြံများ အဆင်ပြေနေကြကြောင်း ဈေးကွက်ကျွမ်းကျင်သူများထံမှ သိရသည်။

 

“ခရမ်းချဉ်သီးဈေးက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကို မြင့်တက်နေပါတယ်။ မိုးကုန်ခါနီးလောက်က စိုက်ပျိုးခဲ့တဲ့ခြံတွေတော့ ဈေးကောင်းနဲ့ကြုံသွားတာပေါ့။ မိုးကုန်ခါနီးက စိုက်ထားတဲ့ ခရမ်းချဉ်သီးခြံတွေက ဖေဖော်ဝါရီလလောက်အထိ ခူးနေရဦးမှာပါ။ ခါတိုင်းနှစ်တွေဆိုရင်လည်း ဒီရာသီက ခရမ်းချဉ်သီး ဈေးကောင်းရတဲ့ ရာသီချိန်ပဲ ဆိုပေမယ့် ဒီနှစ်ကတော့ ဘယ်တုန်းကမှ မကြုံဖူးအောင်ကို ဈေးကောင်းနေတာပါ”ဟု မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှ ခရမ်းချဉ်သီးဈေးကွက်ကျွမ်းကျင်သူ ကိုအောင်ချမ်းသာက ပြောသည်။

 

လက်ရှိဈေးကွက်အတွင်း ခရမ်းချဉ်သီး တစ်ပိဿာလျှင် လက်လီဈေး ၂၅၀၀ ကျပ်၊ လက်ကားဈေး ၂၃၀၀ ကျပ်ဝန်းကျင် ပေါက်ဈေးများရှိနေကြောင်း သိရသည်။

 

“ဒါတောင် အခုဈေးက နည်းနည်းလေး ပြန်ကျသွားတဲ့ဈေးပါ။ အစောပိုင်းကဆိုရင် ခရမ်းချဉ်သီးတစ်ပိဿာကို သုံးထောင်ကျပ်အထိကို ဈေးထိုးတက်သွားခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့တစ်ပတ်လောက်အထိကို သုံးထောင်ကျပ် ဈေးရရှိခဲ့ပါတယ်။ အောက်တိုဘာလလောက်ကတည်းက ဈေးက စပြီး မြင့်တက်လာတာပါ”ဟု ကိုအောင်ချမ်းသာက ဆက်လက်ပြောသည်။

 

ယခုနှစ်တွင် စိုက်ပျိုးရေး သွင်းအားစုစရိတ်များ မူလကထက် ၂ ဆမြင့်တက်နေခြင်းကြောင့် ခရမ်းချဉ်သီး စိုက်ပျိုးသူအများစုမှာ စိုက်ဧကများကို လျှော့ချစိုက်ပျိုးခဲ့ကြသည်။ သို့ဖြစ်၍ ဈေးကွက်လိုအပ်ချက်နှင့် အထွက်နှုန်း မညီမျှခြင်းကြောင့် ဈေးနှုန်းများ အဆမတန် မြင့်တက်သွားခြင်းဖြစ်သည်ဟု ဈေးကွက်ကျွမ်းကျင်သူများ၏ သုံးသပ်ချက်အရ သိရှိရသည်။

 

နန်းထက်ထက်ချစ်