ခရမ်းချဉ်သီး စျေးနှုန်းများ လက်ကားစျေးတစ်ပိဿာလျှင် ၂၀၀ ကျပ်ထိ ကျဆင်း

မန္တလေး ၇ မတ်

 

ခရမ်းချဉ်သီး စိုက်ပျိုးသူများပြားလာမှုကြောင့် ဇန်နဝါရီလမှစတင်၍ တစ်ရိပ်ရိပ်ကျ ဆင်းလာခဲ့သည့် ခရမ်းချဉ်သီးစျေးနှုန်းများမှာ ယခုမတ်လဆန်း၌ တစ်ပိဿာလျှင် လက်ကားစျေးနှုန်းအဖြစ် ၂၀၀ ကျပ်အထိ ကျဆင်းနေကြောင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရမ်းချဉ်သီး စိုက်ပျိုးသူ တောင်သူများထံမှ သိရသည်။

 

“ခရမ်းချဉ်သီးကို စိုက်ပျိုးသူများလာသလို ထွက်ရှိတဲ့ပမာဏကလည်း များလာတဲ့အတွက် ဇန်နဝါရီလလောက်က လက်ကားစျေး တစ်ပိဿာကို ကျပ် ၅၀၀ လောက်ရှိနေရာကနေ ဒီမတ်လမှာ စျေးက အောက်ဆုံးနီးပါးအထိ ထိုးကျသွားတာပါ။ ကျွန်တော်တို့ စိုက်ပျိုးသူတွေအနေနဲ့ တစ်ပိဿာကို ၃၀၀ ကျပ်လောက် ရရင်တောင် အဆင်ပြေပေမယ့် လက်ရှိပေါက်စျေးက အကောင်းဆုံးအသီးတောင် ကျပ် ၂၀၀ လောက်ပဲရှိနေတော့ စိုက်ပျိုးစရိတ်နဲ့ ခူးဆွတ်တဲ့အလုပ်သမား စရိတ်တောင် မရနိုင်တော့ဘူးလေ၊ ဒါကြောင့် မခူးဆွတ်တော့ဘဲ စိုက်ခင်းထဲမှာ ဒီအတိုင်းပဲ ပစ်ထားလိုက်တော့တယ်” ဟု မြင်းခြံမြို့နယ်မှ ခရမ်းချဉ်သီး စိုက်တောင်သူ ဦးဝင်းထွန်းအောင်က ပြောသည်။

 

လက်ရှိတွင် မန္တလေးမြို့ရှိ စျေးကွက်အတွင်း၌ လက်ကားစျေးနှုန်းများအဖြစ် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ထိပ်စစျေးနှုန်းမှာ ၂၂၀ ကျပ် ဝန်းကျင်၊ အောက်စ တစ်ပိဿာလျှင် ၂၀၀ ကျပ်စျေးနှုန်းနှင့် ပိဿာချိန် ၂၂ ပိဿာမှ ၂၄ ပိဿာပါ ဂျွန်တစ်တောင်းလျှင် ငွေကျပ် ၂၀၀၀ နှုန်းသာ ပေါက်စျေးရှိနေပြီး ပွဲရုံများမှလည်း ဝင်ရောက်လာသည့် ခရမ်းချဉ်သီးများကို အပြတ်ဝယ်ယူခြင်း မပြုတော့ဘဲ ရောင်းချရမှုအပေါ် ၁၀ ရာခိုင်းနှုန်းရယူကာ လက်ကျန်အသီးများအား ပြန်လည်ပေးအပ်သည့် စနစ်ဖြင့် ဝယ်ယူနေကြောင်း သိရသည်။

 

မန္တလေးမြို့ရှိ စျေးကွက်၌ ယခင်က ခရမ်းချဉ်သီး ၂၅ ကျပ်သားအား လက်လီစျေး ငွေကျပ် ၃၀၀ နှုန်းဖြင့် ရောင်းချခဲ့သော်လည်း ယခုအခါ အဆိုပါပေါက်စျေးဖြင့် တစ်ပိဿာရရှိနေခြင်းကြောင့် အိမ်ရှင်မများမှ ခရမ်းချဉ်သီးများကို အားပါးတရ ဝယ်ယူလျက်ရှိသည်။

 

ခရမ်းချဉ်သီးပင်ကို တစ်ဧကလျှင် အပင်ရေ ၈၀၀၀ မှ ၁၀၀၀၀ ကြားအထိ စိုက်ပျိုးနိုင်ပြီး တစ်ပင်လျှင် တစ်ပိဿာခန့်ထွက်ရှိကာ တစ်ဧလျှင် စိုက်ပျိုးစရိတ်ငွေကျပ် ၁၂ သိန်းကျော် ကုန်ကျကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း မြင်းခြံ၊ မိတ္ထီလာ၊ မလှိုင်နှင့် စဉ့်ကိုင်မြို့နယ်များတွင် အများဆုံး စိုက်ပျိုးထွက်ရှိ၍ တစ်နှစ်လျှင် နှစ်သီးစိုက်ပျိုးနိုင်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)