ခရိုအေးရှားဝန်ကြီးချုပ် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရ 

၁ ဒီဇင်ဘာ

ခရိုအေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဒရေး ပလန်ကိုဗစ်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိကြောင်း တနင်္လာနေ့က ထုတ်ပြန်ကြေညာပါတယ်။

အသက် ၅၀ အရွယ် ပလန်ကိုဗစ်ဟာ ရှေးရိုးစွဲ HDZ ပါတီရဲ့ အကြီးအကဲအဖြစ် ၂၀၁၆ ခုနှစ်ကစပြီး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟာ သူ့ဇနီးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိပြီးနောက်  လွန်ခဲ့တဲ့နှစ်ရက်ကစပြီး သီးသန့် နေထိုင်နေရပါတယ်။ 

တနင်္လာနေ့အစောပိုင်းက ရောဂါပိုးစစ်ဆေးရာတွင် မတွေ့ခဲ့ဘဲ နောက်တစ်ကြိမ် ထပ်မံစစ်ဆေးရာမှာ ပိုးတွေ့ရှိတာဖြစ်ပါတယ်။ 

ဝန်ကြီးချုပ်ဟာ နေထိုင်ကောင်းကြောင်း၊ ၁၀ ရက်တိတိ သီးသန့်ခွဲခြားကာ quarantine ထားရှိ သွားမှာဖြစ်ပြီး တာဝန်တွေကို နေအိမ်ကနေ ဆက်လက် ထမ်းဆောင်သွားမှာဖြစ်ကြောင်း နဲ့ ဆရာဝန်တွေနဲ့ ကူးစက်ရောဂါအထူးကုတွေရဲ့ လမ်းညွှန်ချက်အတိုင်း နေထိုင်သွားမှာဖြစ်ကြောင်း အစိုးရအဖွဲ့ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။ 

လူဦးရေ ၄ ဒသမ ၂ သန်းနေထိုင်တဲ့ ခရိုအေးရှားနိုင်ငံမှာ အခုသီတင်းပတ်တွေအတွင်းမှာ ဗိုင်းရပ်စ်ပိုးဒဏ်ကို အလူးအလဲခံနေရကြောင်း၊ ဆေးရုံမှာ ကုသခံယူနေသူ ၂,၃၀၀ နီးပါး ရှိကြောင်း နဲ့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ၇၄ ဦးရှိကြောင်း ကြေညာချက်အရ သိရပါတယ်။ 

ကျန်းမာရေးဝန်ကြီး ဗီလီ ဘီရို့စ် လည်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရကြောင်း၊ ဆရာဝန် ၁,၀၀၀ ကျော်မှာ ရောဂါပိုး ကူးစက်ခံထားရတဲ့အတွက် ကျန်းမာရေးဝန်ထမ်း ပြတ်လပ်မှုနဲ့ ဆေးရုံမှာ ကုတင်မလုံလောက်မှုတွေနဲ့ပါ ကြုံတွေ့နေရကြောင်း သိရပါတယ်။ 

MDN
ကိုကား -AFP