ခရီးသွားမြို့အဖြစ်တည်တံ့ဖို့ ချယ်ရီပင်တွေ စိုက်ပျိုးထိန်းသိမ်းကြပါစို့

ရဲယံ

ဖြူ၊ ပြာ၊ နီ၊ ဝါ  အရောင်စုံသော ပန်းခင်းများကြောင့်၊ ချယ်ရီပန်းများ၏ အလှကြောင့်၊ အေးချမ်းသော သဘာဝ ရေမြေရာသီဥတုကြောင့်၊ ကိုလိုနီခေတ်ကျန်အဆောက်အအုံများကြောင့် ပြည်တွင်းပြည်ပခရီးသွားများ နှစ်သက် စွာ လည်ပတ်သောနေရာတစ်ခုအဖြစ် ပြင်ဦးလွင်မြို့သည်  ထင်ရှား၏။ ပြင်ဦးလွင်မြို့ကို မေမြို့၊ ချယ်ရီမြို့၊ တောင်လှေကားမြို့၊ တောင်စခန်းမြို့၊ ပန်းမြို့တော်စသည့် အမည်နာမများစွာဖြင့်လည်း လူသိများသည်။ ပြည်တွင်း ပြည်ပခရီးသွားများ နှစ်သက်ကြသည့် လှပအေးချမ်းသော ခရီးသွားစခန်းသာ မြို့အဖြစ် ရေရှည်တည်တံ့စေရန် တည်ရှိနေသည့်  သဘာဝအလှအပများကို ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်သည်။

“ချယ်ရီဆိုတာ ဂျပန်၊ တရုတ် စတဲ့ နိုင်ငံတွေမှာလည်း သူတို့နိုင်ငံရဲ့ အလှအပကို ဖော်ပြတဲ့ပန်းတစ်ခုပဲ။ ကျွန်တော် တို့မြို့ဟာ အေးချမ်းတယ်၊ လှပတယ်၊ ဒီလိုအကြောင်းတရားတွေကို ချယ်ရီပန်းလေးတွေက တစ်နည်းနဲ့ ဖော်ပြပေးနေတာပါ။ ဒါကြောင့် ချယ်ရီတွေ ပြင်ဦး လွင်မြို့မှာ ပိုပြီးရှိစေချင်တယ်။ ချယ်ရီတွေပွင့်ရင် လှနေတဲ့ ကိုယ့်မြို့လေးအတွက် ဂုဏ်ယူတယ်”ဟု  ပြင်ဦးလွင် မြို့တွင် နေထိုင်သည့် ဦးစိုင်းအောင်က ဆိုသည်။

ချယ်ရီပင်များ လျော့နည်းဆုံးရှုံးလာရ

သို့သော်လည်း တိုးပွားလာသည့် လူဦးရေ၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့ဆောင် ရွက်လာခြင်းကြောင့် ချယ်ရီပင်များ လျော့နည်းဆုံးရှုံးလာရသည့် အခြေအနေနှင့် တွေ့ကြုံလာရသည်။ ချယ်ရီပင်များ သည် ပြင်ဦးလွင်မြို့၏ အဓိကအထိမ်း အမှတ်တစ်ခု  ဖြစ်သည့်အတွက် သစ်တောဦးစီးဌာနက လုပ်ငန်းစီမံချက်ရေးဆွဲ၍  စနစ်တကျထိန်းသိမ်းစောင့် ရှောက်သွားမည်ဖြစ်သည်။

သစ်တောဦးစီးဌာနအနေဖြင့် ပြင်ဦးလွင်မြို့အား  ချယ်ရီမြို့တော်ဖြစ်စေရေး ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်ကို ငါးနှစ်တာကာလအတွက် ရေးဆွဲထားရှိပြီးဖြစ်၍ မိုးရာသီသစ်ပင် စိုက်ပျိုးချိန်၌ ချယ်ရီပင်များကို  နှစ်စဉ် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ဌာနအနေနဲ့ စီမံချက်ကာလကို ၂၀၂၂ ခုနှစ် မိုးရာသီကနေ ၂၀၂၆ ခုနှစ်  မိုးရာသီအထိ  သတ်မှတ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလို စိုက်ပျိုးရာမှာ စိုက်တဲ့အပင်တိုင်း ရှင်သန်နိုင်ဖို့ အမြင့်နှစ်ပေအထက်ရှိတဲ့ ချယ်ရီပျိုးပင်တွေကို စိုက်သွားမှာဖြစ်ပြီးတော့ တစ်နှစ်ကိုအနည်းဆုံး ချယ်ရီပျိုးပင်သုံးသောင်း  စိုက်ပျိုးသွားမှာဖြစ်ပါတယ်။  ဒီလိုစိုက်ပျိုးရာမှာလည်း ဘာပဲစိုက်စိုက် ရှင်အောင်စိုက်ဆိုသလို စိုက်ပျိုးတဲ့အပင်တွေ ရှင်သန်ဖို့အတွက် သစ်တောစိုက်ခင်း ပြုစုထိန်းသိမ်းရေး လုပ်ငန်းစဉ်တွေအတိုင်း ဆောင်ရွက်သွား မှာပါ”ဟု  မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးတင့်က ပြောကြားသည်။

ချယ်ရီမြို့တော်

ပြင်ဦးလွင်မြို့အား ထင်းရှူးမြို့တော်ဖြစ်စေရေး  ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်ကို ပြင်ဦးလွင်မြို့၏ Landmark ဖြစ်သော ချယ်ရီပင်များ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်လာစေရန်၊  ပြင်ဦးလွင်မြို့နယ်အား  ချယ်ရီ မြို့တော်ဖြစ်စေရန်၊ ချယ်ရီပင်များ ထိန်းသိမ်းခြင်း၊ ဖြည့်စွက်စိုက်ပျိုးခြင်းများဖြင့် ပြင်ဦးလွင်မြို့တော်အား ချယ်ရီ ပန်းများ ဝေဆာစွာဖူးပွင့်ပြီး သာယာလှပစေရန်၊ ချယ်ရီပင်များ တိုးပွားလာခြင်းဖြင့် သဘာဝကိုအခြေခံသော ခရီးသွား လုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်လာ နိုင်စေရန်၊ ချယ်ရီပင်များ ထိန်းသိမ်းပြုစု ခြင်း၊ ဖြည့်စွက်စိုက်ပျိုးခြင်းများတွင် ဒေသခံပြည်သူများ  ပူးပေါင်းပါဝင် ဆောင်ရွက်လာစေရန် စသည့်ရည်ရွယ် ချက်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။

နည်းလမ်းလေးမျိုးဖြင့် စိုက်ပျိုးမည်

ပြင်ဦးလွင်မြို့နယ်ကို  ချယ်ရီမြို့တော်ဖြစ်စေရေးအတွက် ၂၀၂၂ ခုနှစ် မိုးရာသီတွင် သဘာဝတောများ၌ ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း၊ လမ်းဘေး ဝဲ/ယာ တစ်အုပ်တစ်မ/ အတန်းလိုက် စိုက်ပျိုးခြင်း၊  လူထုဖြန့်ပျိုးပင်များ ဖြန့်ဝေစိုက်ပျိုးခြင်းနှင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောများ၌ စိုက်ပျိုးခြင်း စသည့် နည်းလမ်းလေးမျိုးဖြင့် စိုက်ပျိုး မည်ဖြစ်သည်။

“ကျွန်တော်တို့ဌာနအနေနဲ့ ဒီနှစ် မှာ ချယ်ရီပင်သုံးသောင်းကျော် စိုက်ပျိုးသွားမယ်။  ကျန်တဲ့စီမံကိန်းနှစ်တွေမှာ တစ်နှစ်ကို အပင် ၃၀၀၀၀ နဲ့ စီမံချက် ငါးနှစ်မှာတော့ ချယ်ရီပင်စုစုပေါင်း ၁၆၀၀၀၀ ကျော် စိုက်ပျိုးသွားမှာဖြစ်ပါ တယ်။ အခုနှစ်မှာတော့ သဘာဝတော တွေရဲ့ ကွက်လပ်ဖြစ်ပေါ်နေတဲ့ နေရာ တွေမှာ  ကွက်လပ်ဖြည့် စိုက်ပျိုးခြင်း အနေနဲ့ ဧက ၃၀၊ အပင် ၁၆၂၀၀၊ လမ်း ဘေး ဝဲ/ယာ တစ်အုပ်တစ်မ/ အတန်း လိုက် စိုက်ပျိုးခြင်းအနေနဲ့ အပင် ၃၀၀၀၊ လူထုဖြန့်ပျိုးပင်တွေ ဖြန့်ဝေစိုက်ပျိုးခြင်း အနေနဲ့ အပင် ၂၀၀၀၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောတွေမှာ စိုက်ပျိုး ခြင်းအနေနဲ့ အပင်၂၂၅၇၅ ပင်  စုစုပေါင်း ချယ်ရီပင် ၄၃၇၇၅ ပင်ကို စိုက်ပျိုးသွား မှာဖြစ်ပါတယ်။  စီမံချက်ပါ ကျန်ရှိတဲ့နှစ် တွေမှာလည်း ဆက်စပ်ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီးတော့ ပြင်ဦးလွင်မြို့တော်ကို ချယ်ရီမြို့တော်ဖြစ်စေရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် သွားမှာဖြစ်ပါတယ်”ဟု  မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဆွေက ရှင်းပြသည်။

၂၀၂၂ ခုနှစ် မိုးရာသီတွင် ချယ်ရီပင် ၄၃၇၇၅ ပင်ကို သဘာဝတောများရှိ ကွက်လပ်ဖြစ်ပေါ်နေသော နေရာများ တွင် ကွက်လပ်ဖြည့် စိုက်ပျိုးခြင်း၊ ပြည်ထောင်စုကားလမ်းမကြီး လမ်းဘေး ဝဲ/ယာတွင် ချယ်ရီပင်များ တစ်အုပ်တစ်မ စိုက်ပျိုးခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများတွင် စိုက်ပျိုးခြင်းတို့ကို သစ်တောဦးစီးဌာနက တာဝန်ယူစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်သည်။

ဧက ၃၀ တွင် ကွက်လပ်ဖြည့်စိုက်ပျိုး

သစ်တောဦးစီးဌာနသည် ပြင်ဦး လွင်မြို့နယ်အတွင်းရှိ သဘာဝတောများ အတွင်း ကွက်လပ်ဖြစ်နေသော ဧရိယာ ဧက ၃၀ တွင် ချယ်ရီပျိုးပင်ပေါင်း ၁၆၂၀၀ အား ကွက်လပ်ဖြည့်စိုက်ပျိုးခြင်းကို  သစ်တောစိုက်ခင်းများ စိုက်ပျိုးခြင်း လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်သွား မည်ဖြစ်သည်။

ထို့အတူ လမ်းဘေး  ဝဲ/ယာတွင် ချယ်ရီပင်များအား တစ်အုပ်တစ်မ/အတန်းလိုက် စိုက်ပျိုးမှုအနေဖြင့် မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီး၊ ကျေးလက်လမ်းနှင့် စည်ပင် သာယာ လမ်းဘေး ဝဲ/ယာတွင် ချယ်ရီ ပျိုးပင်ပေါင်း ၃၀၀၀ စိုက်ပျိုးသွားမည်ဖြစ်ပြီး ပန္နက်ရိုက်ခြင်း၊ ကျင်းတူးခြင်း၊ မိုက်ခရိုရိုက်ဇာ မြေထည့်ခြင်း၊ အမြင့် နှစ်ပေအထက် ပျိုးပင်များဖြင့် စိုက်ပျိုး ခြင်း၊ သေပင်ဖာထေးခြင်း၊ ပေါင်းရှင်း ခါးဆွခြင်း၊ မြေဩဇာကျွေးခြင်း၊ ခြံကာ ခြင်းလုပ်ငန်းစဉ်များကိုပါ လုပ်ဆောင်သွားမည်ဖြစ်သည်။


သစ်တောဦးစီးဌာနသည် မိုးရာသီကာလ၌ လူထုဖြန့်ပျိုးပင်များ ဖြန့်ဝေ စိုက်ပျိုးခြင်းကိုလည်း ဆောင်ရွက်လျက် ရှိရာ ယခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးချိန် ၌ လူထုဖြန့်ပျိုးပင်များအနက်  ချယ်ရီ ပျိုးပင် ၂၀၀၀ ကို ဖြန့်ဝေသွားမည်ဖြစ် ကြောင်းသိရပြီး ဒေသခံပြည်သူ အစုအဖွဲ့ ပိုင်သစ်တောများတွင်လည်း ချယ်ရီပင် ၂၂၅၇၅ ပင်ကို အခြားပင်များနှင့်အတူ ထည့်သွင်းဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ် သည်။ ဖြန့်ဝေစိုက်ပျိုးသွားမည့် ချယ်ရီ ပျိုးပင်များကို ပြင်ဦးလွင်မြို့နယ် သစ်တောဦးစီးဌာန ဒိုးကွင်  အမြဲတမ်း ပျိုးဥယျာဉ်တွင် ကြိုတင်ပျိုးထောင်ထား ရှိပြီးဖြစ်သည်။

အားစိုက်ဆောင်ရွက်

သစ်တောဦးစီးဌာနသည် ပြင်ဦး လွင်မြို့ဝန်းကျင်ရှိ ချယ်ရီပင်များအပါ အဝင် သဘာဝတောများ ထိန်းသိမ်းနိုင် ရန် မေမြို့ထင်းကြိုးဝိုင်းနှင့် တောင်ပြိုတိုးချဲ့ကြိုးဝိုင်းတို့ကို သတ်မှတ်ထားရှိပြီး ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည်။ ထိုသို့  ပြင်ဦးလွင်မြို့နှင့်  ပတ်ဝန်းကျင် ရှိသစ်တောများ  ထိန်းသိမ်းကာကွယ် နိုင်ရန် တစ်ဖက်ကဆောင်ရွက်သလို တစ်ဖက်မှလည်း စိုက်ခင်းများ တည်ထောင်စိုက်ပျိုးရေးလုပ်ငန်းများကို သစ်တောဦးစီးဌာနအနေဖြင့် အားစိုက် ဆောင်ရွက်လျက်ရှိသည်။

သစ်တောအတန်းအစား ကျဆင်း ခြင်း(Forest Degradation)၊ သစ်တော ပြုန်းတီးခြင်း (Deforestation)များ ဖြစ်ပေါ်နေသည့် သစ်တောဧရိယာများ၊ ဓမ္မတာနည်းအရ  မျိုးဆက်ရန် မဖြစ် နိုင်သော တောများနှင့် သဘာဝတော တန်ဖိုးမြှင့် စိုက်ပျိုးခြင်းနည်းအရ ပြုစုဆောင်ရွက်ပေးခြင်းဖြင့်  လုံလောက်မှုမရှိ သောတောများကို ပဝတ္တိမျိုးဆက်ခြင်းနည်း (Artificial Regeneration)ဖြင့် သစ်တောစိုက်ခင်းများကို တည်ထောင် စိုက်ပျိုးပေးခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ပျိုးဥယျာဉ်မှာ ချယ်ရီ၊  ခါတော်မီ၊  စိန်ပန်းပြာ  စတဲ့ ဒေသနဲ့ကိုက်ညီတဲ့ ပျိုးပင်တွေကို ပျိုးထောင်ထားရှိပြီး သစ်တောဦးစီးဌာန အနေနဲ့ တာဝန်ယူစိုက်ပျိုးသလို ပြည်သူလူထုထံ ဖြန့်ဝေပြီး စိုက်ပျိုးတာ လည်းရှိပါတယ်။ အခုနှစ်မှာတော့ ချယ်ရီမြို့တော်စီမံချက်အရ ချယ်ရီပျိုးပင် တွေကို လျာထားချက်ပြည့်မီအောင်၊ အရွယ်မီပျိုးပင်ရရှိအောင် ကြိုတင် ပျိုးထောင်ထားရှိခဲ့ပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ သစ်တောဦးစီးဌာန အနေနဲ့ မြို့စိမ်းလန်းစိုပြည်ရေးအတွက် လိုအပ်တဲ့ ပျိုးပင်တွေ ကြံ့ခိုင်သန်စွမ်းမှုရှိစေရေးအတွက် ပျိုးဥယျာဉ်လုပ်ငန်းတွေ ကို ရာသီအချိန်မီ ကြိုတင်ဆောင်ရွက် နေပြီဖြစ်ပါတယ်။ ကျွန်တော်တို့ဌာန အနေနဲ့ သဘာဝတောတွေမှာ ကွက်လပ် ဖြည့် စိုက်ပျိုးတာကို မိုးရွာသွန်းမှုအခြေ အနေနဲ့ချိန်ညှိပြီး  စိုက်ပျိုးလျက်ရှိပါ တယ်”ဟု ပြင်ဦးလွင်မြို့နယ် သစ်တော ဦးစီးဌာန ဦးစီးအရာရှိ ဦးဇာနည်ထွန်း က ပြောသည်။

ပူးပေါင်းဆောင်ရွက်သွားမည်

သစ်တောဦးစီးဌာနသည်  ဖြန့်ဝေ စိုက်ပျိုးပင်များ ရာနှုန်းပြည့် ရှင်သန် အောင်မြင်စေရေးအတွက် သက်ဆိုင်ရာ ခရိုင်/မြို့နယ်/ရပ်ကျေး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုရေးအဖွဲ့ အစည်းများ၊  ဒေသခံပြည်သူများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည်။

လူထုဖြန့်ဝေစိုက်ပျိုးခြင်း၊ တပ်ရင်း တပ်ဖွဲ့၊ ဌာနဆိုင်ရာများ စုပေါင်းစိုက်ပျိုး ခြင်းအနေဖြင့် ဇွန်လ ၂၉ ရက်နေ့တွင် တောင်ပြိုတိုးချဲ့ကြိုးဝိုင်း၊ အကွက် အမှတ်(၁၀)အတွင်း ချယ်ရီပင် ၂၇၀၀ ကိုလည်းကောင်း၊ လမ်းဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မန္တလေး-လားရှိုး- ဗန်းမော်- မြစ်ကြီးနား လမ်း လမ်းဘေးဝဲ/ယာများ၌ ဇွန်လ ၁၈ ရက်နေ့တွင် ချယ်ရီပင် ၁၄၅၀ နှင့် စိန်ပန်းပြာအပင် ၁၀၀ ကိုလည်းကောင်း စိုက်ပျိုးသွားမည်ဖြစ်သည်။

ထို့အတူ ပြီးခဲ့သည့် ဇွန်လ ၈ ရက် နေ့ကလည်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်တို့  ဦးဆောင်ကာ  လူအင်အား ၁၀၀၀ ဖြင့် မေမြို့ထင်း ကြိုးဝိုင်း၊ အကွက်အမှတ်(၁၄) အတွင်း ချယ်ရီပင် ၈၀၀ နှင့်  စိန်ပန်းပြာပင် ၂၈၀ ကို  စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း ပြင်ဦးလွင်မြို့နယ်  သစ်တောဦးစီးဌာနမှ သိရသည်။

စိုက်ပျိုးပြီးသည့် အပင်များကို ရှင်သန်အောင်  သစ်တောဦးစီးဌာန အနေဖြင့် ပေါင်းရှင်းခါးဆွခြင်း၊ မြေဩဇာ ကျွေးခြင်း၊ သေပင်များ တွေ့ရှိရပါက ဖာထေးစိုက်ပျိုးခြင်း၊ မီးကာကွယ်ခြင်း၊ တိရစ္ဆာန်များ စားကျက်ချဝင်ရောက်မှု မရှိစေရန် ကာကွယ်စောင့်ရှောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ် သည်။

ချယ်ရီပင်များ ပိုမိုတိုးချဲ့စိုက်ပျိုး

သို့ဖြစ်၍ ပြင်ဦးလွင်မြို့၏ အမှတ် သင်္ကေတတစ်ခုဖြစ်သော ချယ်ရီပင်များ လျော့နည်းမှုမရှိစေရန် ထိန်းသိမ်းခြင်း၊ ချယ်ရီပင်များ  ပိုမိုတိုးချဲ့စိုက်ပျိုးခြင်း များဖြင့် ပြင်ဦးလွင်မြို့အား ချယ်ရီ မြို့တော်ဖြစ်စေရေး ဆောင်ရွက်သွား ရမည်ဖြစ်ပြီး ထိုသို့ထိန်းသိမ်းခြင်းဖြင့် သဘာဝပတ်ဝန်းကျင် အလှအပများ ပေါ်လွင်ကာ ဆွဲဆောင်မှု အားကောင်းသော ခရီးသွားလုပ်ငန်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများဖြင့် ဒေသစီးပွားရေး ဖွံ့ဖြိုး မှုနှင့်  ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများသည်  ပိုမိုပွင့်လန်းလာမည်ဖြစ်ပါကြောင်း တင်ပြ ရေးသားလိုက်ရပါသည်။ ။