ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ပေး

 

၂၀၂၃ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ဂုဏ်ပြုဆောင်းပါး  (ပထမဆု)

 

ပြည့်ထူး (မင်းဘူး)

 

နိုင်ငံတစ်နိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအပြင် ၎င်းတိုးတက်မှုကို ရေရှည်စဉ်ဆက်မပြတ် ဆက်လက်ထိန်းသိမ်းထားနိုင်စေရေးအတွက် ယင်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးနှင့် လူမှုဖူလုံရေးတို့အကြား ဟန်ချက်ညီသော ဗျူဟာမြောက် လုပ်ဆောင်ချက်များ ဖြစ်စေရန်မှာ အဓိကကျလှပေသည်။ ကမ္ဘာကြီးသည် အပြန်အလှန် ချိတ်ဆက်မှုရှိ လာသည်နှင့်အမျှ ခရီးသွားလုပ်ငန်းအတွက် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၊ ယဉ်ကျေးမှုဖလှယ်မှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကဏ္ဍတို့တွင် အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ရန် အရေးကြီးလာသည်။

 

အဓိကဦးစားပေးလုပ်ငန်းတစ်ခု

 

ထို့ကြောင့် ခရီးသွားလုပ်ငန်း ရေရှည်တိုးတက်မှုနှင့်     အပြုသဘောဆောင်သော ရလဒ်များကို မြှင့်တင်ရင်း  သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံ ပြည်သူများအပေါ် ခရီးသွားလုပ်ငန်း၏ ဆိုးကျိုးသက်ရောက်မှုများကို လျှော့ချရန် ရည်ရွယ်၍ United Nations World Tourism Organization (UNWTO) က အဖွဲ့ဝင်နိုင်ငံများ၊ ခရီးစဉ်ဒေသများ၊ စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံသူများ အကြား ပေါင်းကူးတံတားအဖြစ် အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှုများ (Green Investments) အား အဓိကဦးစားပေးလုပ်ငန်းတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ ထို့အပြင် ၂၀၂၃ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ဆောင်ပုဒ်ကိုလည်း “ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ပေး (Tourism & Green Investments)” ဟု သတ်မှတ်ကာ နိုင်ငံတကာ အသိုက်အဝန်း၊ နိုင်ငံအစိုးရများ၊ နိုင်ငံစုံ ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက် များနှင့် ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာသစ်တစ်ရပ်ကို စုစည်းဆောင်ရွက်ကြ ရန် တိုက်တွန်းထားသည်။

 

အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှု ဆိုသည်မှာ

 

ခရီးသွားကဏ္ဍတွင် အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှု ဆိုသည်မှာ ခရီးသွားလုပ်ငန်းအတွင်း သဘာဝ ပတ်ဝန်းကျင်နှင့် ရေရှည်တည်တံ့သော အလေ့ အကျင့်များကို မြှင့်တင်ရန် ရည်ရွယ်သော ငွေကြေးဆိုင်ရာ လှုပ်ရှားမှုများနှင့် အစပျိုးလုပ်ဆောင်မှုများကို ဆိုလိုခြင်းဖြစ်ပါသည်။ ၎င်းတွင် ခရီးသွားလုပ်ငန်း၏ အနုတ်လက္ခဏာဆောင်သော သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ သက်ရောက်မှုများကို လျှော့ချပေးသည့် စီမံကိန်းများ၊ နည်းပညာများနှင့် မဟာဗျူဟာများဆီသို့ ငွေကြေးအရင်းအမြစ်များကို လမ်းညွှန်ပေးခြင်းများ ပါဝင်ပြီး ရည်ရွယ်ချက်မှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဂေဟစနစ်ထိန်းသိမ်းရေးတို့အကြား ဟန်ချက်ညီအောင် ဖန်တီးရန်ဖြစ်သည်။

 

ကမ္ဘာ့စီးပွားရေးဖိုရမ်က ထုတ်ဝေသည့် Global Risk Report 2023 အရ ခရီးသွားလုပ်ငန်းသည် နောင်လာမည့် ဆယ်နှစ်အတွင်း ကမ္ဘာ့စိန်ခေါ်မှု အမြင့်မားဆုံးသော ကိစ္စရပ်များအနက် တစ်ခုဖြစ်သည့် ရာသီဥတုဆိုင်ရာ အ‌ရေးပေါ်အခြေအနေများကို ဖြေရှင်းပေးနိုင်မည့်ကဏ္ဍတစ်ခုအဖြစ် ဖော်ဆောင်ရမည်ဖြစ်သည်။ ထို့ကြောင့် ခရီးသွားလုပ်ငန်းကဏ္ဍ၏ အစိမ်း‌ရောင်အသွင် ကူးပြောင်းရေးသည် ကမ္ဘာမြေအတွက်နှင့် ခရီးသွားလုပ်ငန်း အတွက်သာမက ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်၊ ကြံ့ကြံ့ခံ နိုင်ရည်ရှိစေရေး တည်ဆောက်ရန်နှင့် အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန်တို့တွင် အလွန် လိုအပ်လာပေသည်။ ထို့အပြင် ခရီးသွားလုပ်ငန်း ကဏ္ဍသည် တီထွင်ဆန်းသစ်မှုများနှင့်အတူ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ (SDGs) ၏ အစိမ်းရောင်ပန်းတိုင်များကို အကောင်အထည် ဖော် ရာတွင် ပံ့ပိုးကူညီရန် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ရန်လိုအပ်လာမည် ဖြစ်သည်။

 

အကျိုးအပြစ် ဒွန်တွဲနေ

 

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှုများ တည်ရှိနေသည့် ယနေ့ခေတ်တွင် ခရီးသွားလုပ်ငန်းသည် အကျိုးအပြစ် ဒွန်တွဲနေသော လမ်းဆုံတွင် တည်ရှိနေသည့် ကဏ္ဍတစ်ခုဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ခရီးသွားလုပ်ငန်း၏ တိုးတက် လာမှုသည် ကမ္ဘာ့စီးပွားရေးကို သိသိသာသာ အထောက်အကူပြုခဲ့သည်။ ခရီးသွားလုပ်ငန်း၏ သဘောသဘာဝအရ လုပ်ငန်းနယ်ပယ်ပေါင်းစုံတွင် အကျိုးဖြစ်ထွန်းစေသည်ဖြစ်ရာ ဖွံ့ဖြိုးပြီးနိုင်ငံများ နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ အလုပ်အကိုင်များ ဖန်တီး ပေးခြင်း၊ ဒေသတွင်းစီးပွားရေးကို အားကောင်းစေ ခြင်း၊ ဒေသဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေခြင်း၊ ရိုးရာဓလေ့များ၊ ယဉ်ကျေးမှု အမွေအနှစ်များ၊ သဘာဝအရင်းအမြစ်များနှင့် အလှအပများကို ဖွင့်လှစ်ပြသနိုင်ခြင်းစသည့် အခွင့်အလမ်းကောင်းများ ဖန်တီး‌ပေးနိုင်သည်။ ခရီးသွားလုပ်ငန်းကြောင့် ပေါ်ပေါက်လာသည့် ဝင်ငွေအခွင့်အလမ်းများကို ဒေသခံပြည်သူများက ခံစားရနိုင်ခြင်းသည် သိသာထင်ရှားသော အခွင့်အလမ်းကောင်း များအနက် ဥပမာတစ်ခုဖြစ်သည်။

 

ထိုကဲ့သို့ အကျိုးများပြားလာချိန်တွင် တစ်ဖက်တွင်လည်း ကာဗွန်ထုတ်လွှတ်မှုနှင့် သယံဇာတ သုံးစွဲမှုစသည့် ခရီးသွားလုပ်ငန်း၏ ပတ်ဝန်းကျင် ဆိုင်ရစိန်ခေါ်မှုများကိုလည်း လျစ်လျူရှု၍မရပေ။ ထိလွယ်ရှလွယ် ဂေဟစနစ်စိန်ခေါ်မှုများကြောင့် ခရီးသွားကဏ္ဍအတွက် ရေရှည်တည်တံ့သော ချဉ်းကပ်မှုတစ်ခု လိုအပ်မှုကို ပိုမိုထင်ရှားလာစေသည်။ ထို့ကြောင့်ခရီးသွားလုပ်ငန်းအတွက် ရေရှည်တည်တံ့ ခိုင်မြဲသော တိုးတက်မှုကို အကောင်အထည်ဖော်ရန် စီးပွားရေးအကျိုးအမြတ်များနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ဝတ္တရားများအကြား ချိန်ခွင်လျှာညှိပေးသည့် ဗျူဟာမြောက်ချဉ်းကပ်မှုမှာ အမှန်တကယ် လိုအပ်သည့်အချက် ဖြစ်လာသည်။

 

ခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေး

 

ယခုအခါ ခရီးသွားလုပ်ငန်း၌ အနုတ်လက္ခဏာဆောင်သော သက်ရောက်မှုများကို လျှော့ချရန်နှင့် အကျိုးကျေးဇူးများ အများဆုံးရရှိရန်၊ ဂေဟစနစ်များကို ထိန်းသိမ်းရန်၊ ဒေသခံလူထုများကို ပံ့ပိုး ကူညီရန်နှင့် ယဉ်ကျေးမှုထိန်းသိမ်းခြင်းကို မြှင့်တင်ရန်နိုင်ငံများက ကြိုးစားလာကြသည်။ ထို့အပြင် ကိုဗစ်-၁၉ ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် ဆုံးရှုံးမှုများခဲ့သည့် ခရီးသွားလုပ်ငန်းကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုများ ဆိုင်ရာ ဦးတည်ချက်နှင့် လားရာလမ်းကြောင်းများကို ပြန်လည်ချိန်ညှိပေးမည့် အခွင့်အလမ်းများကိုလည်း အလေးထား စဉ်းစားလာကြသည်။ ကိုဗစ်-၁၉ အလွန် ခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာ စေရေးနှင့်အတူ တစ်ကမ္ဘာလုံး ရင်ဆိုင်နေရသည့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းရေး၊ ကမ္ဘာ့ဖွံ့ဖြိုးရေး အစီအစဉ်များဖြစ်သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ (SDGs)၊ ရာသီ ဥတုပြောင်းလဲမှုဆိုင်ရာ ဆောင်ရွက်ချက်များ (Climate Change Activities) နှင့်အညီ ဖြစ်စေရေး တို့ကို ဦးတည်ကာ နိုင်ငံအလိုက် မဟာဗျူဟာများ၊ စီမံချက်များ ချမှတ်ရေးဆွဲလာကြသည်။

 

ထိုသို့ ရေးဆွဲကြရာတွင် ခရီးသွားကဏ္ဍကို အပြုသဘောဆောင်သော အပြောင်းအလဲဖြစ်ပေါ်စေသည့် နည်းလမ်းတစ်ခုအဖြစ် စိမ်းရောင်စိုဟု တင်စားလိုသည့် အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုအား ထည့်သွင်း စဉ်းစားလာကြသည်။ ကမ္ဘာ့စီးပွားရေး တိုးတက်မှုကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု နှင့် ဟန်ချက်ညီစေရန် ကြိုးပမ်းနေချိန်တွင် အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်း ပေါင်းစပ်‌ဆောင်ရွက်ခြင်းသည် အားကောင်းသည့် ဖြေရှင်းချက်တစ်ခုအဖြစ် ဖော်ဆောင်လိုက်ခြင်းပင် ဖြစ်သည်။ ရာသီဥတု ပြောင်းလဲမှုကို လျော့ပါးသက်သာစေရန်နှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက် ရန်တို့ကို အလေးပေးလာသည်နှင့်အမျှ အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှုသည် အနာဂတ်ကာလတွင် အဓိက မောင်းနှင်အား ဖြစ်လာပေမည်။

 

မဏ္ဍိုင်သုံးခုကို အခြေခံ၍

 

ခရီးသွားလုပ်ငန်းတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုအတွက် အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှု များမှတစ်ဆင့် အခွင့်အလမ်းများနှင့် အတွေ့ အကြုံများကို ရှာဖွေဖော်ထုတ်ရာတွင် လူမှုရေး၊ ပတ်ဝန်းကျင်နှင့် စီးပွားရေးတို့ကို ပေါင်းစပ်၍ ဖော်ဆောင်ရန် လိုအပ်သည်ဖြစ်ရာ လူသား (People)၊ ကမ္ဘာမြေ (Planet) နှင့် သာယာဝပြောမှု (Prosperity) ဟူသည့် မဏ္ဍိုင်သုံးခုကို အခြေခံ၍ သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှုများ ဖော်‌ဆောင်သွားရန် လိုအပ်မည် ဖြစ်ပါသည်။ သို့မှသာ အဆိုပါ ရင်းနှီးမြှုပ်နှံမှုများသည် ငွေကြေးဆိုင်ရာ အကျိုးအမြတ်များကို ရရှိစေရုံ သာမက ဂေဟစနစ်ထိန်းသိမ်းရေးနှင့် လူမှုဖူလုံရေး တို့ကိုလည်း အထောက်အကူပြုပေးနိုင်မည် ဖြစ်သည်။ ၎င်းမဏ္ဍိုင် သုံးခုကို အခြေခံ၍ အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှုများကို ဖော်ဆောင်ရာတွင် လူသား များအတွက် ပညာရေးနှင့် ကျွမ်းကျင်မှုတွင် ရင်းနှီး မြှုပ်နှံခြင်း၊ ကမ္ဘာမြေအတွက် ရေရှည်တည်တံ့သော အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံခြင်း၊ အစိမ်း‌ရောင်အသွင်ပြောင်းခြင်းနှင့် သာယာဝ ပြောရေးအတွက် ဆန်းသစ်တီထွင်မှုနည်းပညာများတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် စွန့်ဦး လုပ်ငန်းရှင်များအား ပံ့ပိုးပေးခြင်း စသည်တို့ကို ဦးတည်ဆောင်ရွက်သွားရန် UNWTO က လမ်းညွှန်ထားသည်။ အချုပ်အားဖြင့် ကြည့်လျှင် ကျွမ်းကျင်မှု၊ အခြေခံအဆောက်အအုံနှင့် နည်းပညာတို့တွင် အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှု ကို အလေးထားဆောင်ရွက်သွားရန်ပင် ဖြစ်ပါသည်။

 

တန်ဖိုးမြှင့်အလုပ်အကိုင်များ ဖြစ်ပေါ်လာစေရေး

 

မကြာသေးမီနှစ်များအတွင်း တစ်ကမ္ဘာလုံး ကြုံတွေ့ခဲ့ရသည့် ကိုဗစ်-၁၉ အကျပ်အတည်းကြောင့် ခရီးသွား လုပ်ငန်းကဏ္ဍတွင် ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရန်၊ ခံနိုင်ရည်အားတည်ဆောက်ရန်နှင့် ခရီးသွားလုပ်ငန်း စီးပွားရေး၏ ဖွဲ့စည်းပုံကို ပြန်လည်စဉ်းစားရန် လိုအပ်လာသည်။ UNWTO ၏ ခန့်မှန်း တွက်ချက်မှုအရ တစ်ကမ္ဘာလုံးရှိ ခရီးသွားလုပ်ငန်းဆိုင်ရာ လုပ်သားအင်အားအနေဖြင့် ၂၀၂၃ ခုနှစ်မှ စတင်ကာ ၂၀၃၀ ပြည့်နှစ်အထိ နှစ်စဉ်သန်းနှင့်ချီသော ဘာသာရပ်ဆိုင်ရာ ပညာတတ်များ လိုအပ်မည်ဖြစ်ပြီး တစ်နှစ်လျှင် အလုပ်အကိုင် ရှစ်သိန်းခန့အတွက် ခရီးသွားလာရေးဆိုင်ရာ အသက်မွေးဝမ်း ကျောင်းသင်တန်းများကို ဖော်ဆောင်ရန်လိုအပ် မည်ဖြစ်ကြောင်း သိရှိရသည်။ ထို့ကြောင့် ခရီးသွား လာရေးနှင့်သက်ဆိုင်သည့် ကဏ္ဍအားလုံးတွင် အမျိုးသမီးများ အပါအဝင် အလုပ်လုပ်ကိုင်နိုင်သည့် အရွယ်အားလုံး၏ ပညာရေးနှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် တန်ဖိုးမြှင့်အလုပ်အကိုင်များ ဖြစ်ပေါ်လာစေရေးအတွက် ထည့်သွင်းစဉ်းစား၍ ရင်းနှီးမြှုပ်နှံရမည်ဖြစ်သည်။

 

 ခရီးသွားလုပ်ငန်း၏ သဘောသဘာဝအရ လုပ်ငန်းနယ်ပယ်ပေါင်းစုံအတွက် အကျိုသက်ရောက်မှုရှိစေသည်။ မသန်စွမ်းပြည်သူမျာလည်း ပါဝင်လုပ်ကိုင်နေသည့်အပြင် တိုင်းရင်းသား လူမျိုးစုဒေသများ၌ ဒေသခံတို င်းရင်းသားများနှင့် လူငယ်များပါ ပါဝင်လုပ်ကိုင်နိုင်ပေသည်။ ခရီးသွားလုပ်ငန်းရှိ လုပ်သားအင်အား၏ ၅၄ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ကြသည်ကိုလည်း စစ်တမ်းများအရ တွေ့ရှိရသည်။ သို့ရာတွင် ကမ္ဘာ့နိုင်ငံများ၌ ဒေသခံလူငယ်များနှင့် အမျိုးသမီးများအနေဖြင့် ခရီးသွားလာရေးဆိုင်ရာ ပညာသင်ကြားနိုင်ရေး အခွင့်အလမ်း၊ အရင်းအမြစ်များနှင့် လေ့ကျင့်သင်ကြားခွင့် လက်လှမ်းမီမှုနည်းပါးခြင်း၊ စိတ်ပါဝင်စားမှု အားနည်းခြင်းတို့ကို ကြုံတွေ့နေရကြောင်း၊ လက်ရှိပညာရေးနှင့် လေ့ကျင့်ရေးအခွင့်အလမ်းများသည် ဟိုတယ်စီမံခန့်ခွဲမှု အပေါ်တွင်သာ အဓိကထားလျက်ရှိပြီး ကျန်ကဏ္ဍများအတွက် အလေးထားမှု နည်းပါးနေကြောင်း UNWTO ၏ အစီရင်ခံစာများအရ သိရှိရ၍ ၎င်းကဏ္ဍတို့အား ပြုပြင်ပြောင်းလဲမှုတွင် အလေးထားရင်းနှီးမြှုပ်နှံရန် လိုအပ်မည် ဖြစ်ပေသည်။

 

အခြေခံအဆောက်အအုံပိုင်းအနေဖြင့်ကြည့်လျှင် ကမ္ဘာလုံးဆိုင်ရာ ဟိုတယ်ရင်းနှီးမြှုပ်နှံမှု ပမာဏသည် တစ်နှစ်ထက်တစ်နှစ် ၁၃၁ ရာခိုင်နှုန်းခန့် တိုးမြင့်လာသည်ဖြစ်ရာ ၂၀၂၁ ခုနှစ်တွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၈ ဘီလီယံအထိ တိုးလာကြောင်း UNWTO ၏ အစီရင်ခံစာအရ သိရှိရသည်။ ထပ်တိုးတည်ဆောက်လာသည့် ဟိုတယ်အဆောက်အဦများအနေဖြင့် သဘာဝ ပတ်ဝန်းကျင်နှင့် ကိုက်ညီသည့် အပြင်အဆင်မျိုးများကို ဦးတည်ဆောင်ရွက်သွားရန်လည်း လိုအပ် လာသည်ကို သတိပြုရပေမည်။ ထို့အပြင် အဆောက် အဦများ၌ ကာဗွန်ဒိုင်အောက်ဆိုက် ရှင်းထုတ်သည့် နည်းလမ်းသစ်များနှင့် နည်းပညာများအတွက် ရင်းနှီးမြှုပ်နှံမှုများစွာ လုပ်ဆောင်ရန် လိုအပ်လျက်ရှိပြီး ရာသီဥတုဒဏ်ခံနိုင်သော အခြေခံအဆောက် အအုံများအဖြစ် တည်ဆောက်မည့် နည်းလမ်းများတွင်လည်း ယခုထက် ပိုမိုရင်းနှီးမြှုပ်နှံရန် လိုအပ် လျက်ရှိပေသည်။

 

ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး ချိတ်ဆက်ပေးနိုင်

 

ခရီးသွားလုပ်ငန်းသည် ဟိုတယ်စီမံခန့်ခွဲရေးနှင့် သက်ဆိုင်သည့် တည်းခိုနေထိုင်ရေးနှင့် ဧည့်ဝတ်ကျေပွန်ရေး ကဏ္ဍအပြင် ကျန်းမာရေးကဏ္ဍ၊ သယ်ယူ ပို့ဆောင်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ လမ်းတံတားကဏ္ဍ၊ စည်ပင်သာယာလှပရေးကဏ္ဍ၊ မြို့ပြနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကဏ္ဍ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ကဏ္ဍနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍစသည့် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးကို ချိတ်ဆက်ဖန်တီးပေးနိုင်သည့် လုပ်ငန်းတစ်ခုဖြစ်သဖြင့် တန်းတူညီမျှပြီး အားလုံးပါဝင် ဆောင်ရွက်နိုင်ရန် အထောက်အကူပြုသည့် လုပ်ငန်းတစ်ခုဟုလည်းဆိုနိုင်သည်။ ထို့အပြင် ခရီးသွားလုပ်ငန်းသည် မြို့ပြဒေသများ အတွက်သာမက ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေသည့် အခြားသောစီးပွားရေး ကဏ္ဍများအပေါ်၌ပါ များပြားလှသော အကျိုး သက်ရောက်မှု ရှိစေသည်မှာ အမှန်ပင်ဖြစ်သည်။ ခရီးသွားလုပ်ငန်းကြောင့် ဒေသတွင်းပူးပေါင်းဆောင် ရွက်မှုများ တိုးပွားလာပြီး အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုများ (PPPs) များ အားကောင်းလာသည် ကိုလည်း သိသာထင်ရှားစွာ တွေ့မြင်ရပေသည်။ ထို့ကြောင့်ပင် ကမ္ဘာ့နိုင်ငံများ၌ ခရီးသွားလုပ်ငန်း၏ ပံ့ပိုးပေးမှုဖြင့် အလုပ်အကိုင်နှင့် စီးပွားရေးတိုးတက်မှု ပိုမိုတိုးမြင့်လာစေရန် ရည်ရွယ်၍ ပိုမိုကောင်းမွန် သော အခြေခံအဆောက်အအုံများ၊ စျေးကွက် ရှာဖွေမြှင့်တင်ရေးကြိုးပမ်းမှုများနှင့် လေကြောင်း သယ်ယူပို့ဆောင်ရေး ဖြေလျှော့မှုများ ဆောင်ရွက်လာကြသည်။

 

ဆင်းရဲမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါ

 

စီးပွားရေးကဏ္ဍအနေဖြင့် ကြည့်လျှင်လည်း ခရီးသွားလုပ်ငန်းသည် စွန့်ဦးလုပ်ငန်းရှင်များနှင့် MSMEs ကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင်သူများအတွက် အခွင့်အလမ်းများစွာကို ဆောင်ကြဉ်းပေး နိုင်သည့်အပြင် ဆင်းရဲမှုလျှော့ချရေးနှင့် နယ်မြေဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အရေးပါသည့် ကဏ္ဍတစ်ခု ဖြစ်သည်။ ခရီးသွားကဏ္ဍ နှင့်ပတ်သက်သော လုပ်ငန်းများ၏ အရေးကြီးဆုံး သော စီးပွားရေးအင်္ဂါရပ်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဦးစားပေးရည်မှန်းချက် သုံးခုဖြစ်သည့် ဝင်ငွေ၊ အလုပ်အကိုင်နှင့် နိုင်ငံခြားငွေလဲလှယ်မှု ဝင်ငွေများကို ပံ့ပိုးပေးနေခြင်းဖြစ်သည်။ ထို့ကြောင့် ခရီးသွားကဏ္ဍ၏ စီးပွားရေးဆိုင်ရာ အကျိုးသက်ရောက်မှုများသည် အခြားသော ထုတ်လုပ်မှုကဏ္ဍများအပေါ်တွင်ပါ ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်လျက်ရှိရာ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အရှိန်အဟုန်ဖြင့် အောင်မြင်စေရန် အထောက် အကူပြုနိုင်သည်မှာ ငြင်းဆို၍ မရပေ။ ကမ္ဘာ့ခရီးသွား လုပ်ငန်းကောင်စီ (World Travel and Tourism Council -WTTC) ၏ အစီရင်ခံစာအရ တစ်ကမ္ဘာလုံး အနေဖြင့် ခရီးသွားလာရေးလုပ်ငန်းသည် ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ပြည်တွင်း အသားတင်ထုတ်ကုန် (GDP) ၏ ၇ ဒသမ ၆ ရာခိုင်နှုန်းကို ပံ့ပိုးပေးလျက်ရှိပြီး ကမ္ဘာ့အလုပ်အကိုင်စုစုပေါင်း၏ ၉ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုသည့် လူပေါင်း ၂၉၅ သန်းနီးပါးကို အလုပ်အကိုင်များ ဖန်တီးပေးခဲ့သည်ဟု တွေ့ရှိရသည်။ ၎င်းအစီရင်ခံစာအရပင် မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်တွင် ကျပ်ငွေ ၂၄၄၈ ဘီလီယံ တစ်နည်းအားဖြင့် အသားတင်ပြည်တွင်း ထုတ်ကုန် (GDP) ၏ ၂ ဒသမ ၁ ရာခိုင်နှုန်းကို ခရီးသွားကဏ္ဍ၏ တိုက်ရိုက်ပံ့ပိုးပေးနိုင်မှုမှ ရရှိခဲ့ကြောင်း သိရှိရသည်။

 

ခရီးသွားလုပ်ငန်း၌ အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများ အလေးထားဆောင်ရွက်ခြင်းဖြင့် နိုင်ငံရှိ ပြည်သူ များ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးကိုပါ အထောက်အကူ ပြုမည့်အပြင် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးကို အားပေးကူညီရာလည်း ရောက်ပေသည်။ ထို့အပြင် ပညာရေးနှင့် ကျွမ်းကျင်မှုကဏ္ဍ၊ အခြေခံအဆောက်အအုံများကဏ္ဍ၊ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု ကဏ္ဍတို့တွင် အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာ ခရီးသွားစီမံချက်များကို အားကောင်းစေ၍ ခရီးသွားလုပ်ငန်းအား ပြန်လည်ဦးမော့လာစေမည် ဖြစ်သည်။ ထို့အပြင် “ကျွဲကူးရေပါ” ဆိုသလို MSMEs ကဏ္ဍကိုလည်း ပံ့ပိုးပေးနိုင်၍ အလုပ်အကိုင်များစွာ ဖန်တီးပေးနိုင်မည့်အပြင် နိုင်ငံအတွင်း နောင်လာမည့် အနာဂတ်တိုးတက်မှုအတွက် လိုအပ်သောအခြေ အနေများ အကောင်အထည်ဖော်မှုတွင်ပါ တစ်တပ်တစ်အား ဖြစ်စေနိုင်သည့်အတွက် အထောက်အကူ များစွာ ရရှိနိုင်မည်ဖြစ်သည်။

 

စိန်ခေါ်မှုများလည်း ဆက်လက်ရှိနေ

 

အချုပ်အားဖြင့်ဆိုရလျှင် ခရီးသွားလုပ်ငန်း၏ ပိုမိုကောင်းမွန်သောအနာဂတ်သို့ မျှော်မှန်း ဆောင်ရွက်နိုင်ရန် အတွက် အတိတ်တွင်ရှိခဲ့သော အားသာချက်များ၊ အားနည်းချက်များကို အမှန်အတိုင်း သုံးသပ်ရန် လိုအပ်မည် ဖြစ်သည်။ အခွင့်အလမ်းများ၊ စိန်ခေါ်မှုများကိုလည်း ထည့်သွင်းစဉ်းစားရမည့်အပြင် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ သက်ရောက်မှုများကိုလည်း သိရှိနားလည် သဘောပေါက်ရန် လိုအပ်မည်ဖြစ်ပါသည်။ ယခုအခါ နိုင်ငံများ၌ အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းအကြား ပေါင်းစပ်ဆောင်ရွက်မှုသည် အလားအလာကောင်းများ ရှိနေသော်လည်း စိန်ခေါ်မှုများလည်း ဆက်လက်ရှိနေပါသည်။ ငွေကြေး မြှုပ်နှံမှု၊ အသိပညာအားပေးနိုင်မှုနှင့် ပြည့်စုံသော စည်းမျဉ်းစည်းကမ်း၊ မူဘောင်များစသည်တို့ လိုအပ်မည်ဖြစ်သည်။ အဆိုပါ အခက်အခဲများကို ကျော်လွှားနိုင်ရန် အစိုးရများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများ အကြား သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံအနေဖြင့်လည်း ခရီးသွားကဏ္ဍ ပြန်လည်ထူထောင်ရေးလမ်းပြမြေပုံ (၂၀၂၀-၂၀၂၅) ကို ရေးဆွဲအကောင်အထည်ဖော်လျက်ရှိပြီး ခရီးသွားလုပ်ငန်းကဏ္ဍရှိ MSMEs များကို ပံ့ပိုးပေးရေး၊ လူ့စွမ်းအားအရင်းအမြစ် စွမ်းဆောင်ရည်ဖွံ့ဖြိုး တိုးတက်စေရေး၊ အခြေအနေသစ်နှင့်ကိုက်ညီသော လုပ်ငန်းကျွမ်းကျင်မှုများနှင့် အသိပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်မီဆန်းသစ်သော ခရီးသွား လုပ်ငန်းဂေဟစနစ် (Smart Tourism Ecosystem) နှင့် ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံ တည်ဆောက်ရေးတို့ကို မူဝါဒအနေဖြင့် ချမှတ်ထားပြီးဖြစ်သည်။ ၎င်းမူဝါဒသည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင် ပါဝင်သော “ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ မြှင့်တင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်” ဟူသည့် လုပ်ငန်းစဉ်အား များစွာအထောက် အကူပြုမည်ဖြစ်ပြီး လက်ရှိနိုင်ငံတော်အစိုးရက ချမှတ်‌ဆောင်ရွက်နေသည့် စီးပွားရေး ဦးတည်ချက်တွင် ပါဝင်သော MSMEs များအား အားပေးဆောင်ရွက်လိုသည့် ဦးတည်ချက်နှင့် ကိုက်ညီသည်ကို တွေ့ရှိရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ခရီးသွားလုပ်ငန်းအတွက် အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများ ဖော်ဆောင်ရာတွင် နိုင်ငံတော် အစိုးရအနေဖြင့် အခြေခံအဆောက်အအုံနှင့် သုတေသနဖွံ့ဖြိုးတိုးတက်ရေးသာမက ငွေကြေးပံ့ပိုးမှုများ၊ အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှု အသိအမှတ် ပြုလက်မှတ်များ၊ စည်းမျဉ်းများနှင့် စံနှုန်းများ၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများ၊ စွမ်းရည်မြှင့်တင်ရေးနှင့် လေ့ကျင့်ရေးအစီအစဉ်များ၊ လူထု အသိပညာပေးလှု ပ်ရှားမှုများ၊ ဂေဟစနစ် ခရီးသွားလာမှုလုပ်ငန်းစဉ်အတွက် ပံ့ပိုးမှုများ၊ စောင့်ကြည့်ခြင်းနှင့် အစီရင်ခံခြင်းလုပ်ဆောင်မှုများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ ဆောင်ရွက်ပေးမည်ဆို ပါက နိုင်ငံ‌တော်၏ မဟာဗျူဟာ ရည်မှန်းချက်များ ပြည့်မီနိုင်မည့်အပြင် ကမ္ဘာတစ်ဝန်း ဖော်ဆောင်နေသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုအစီအစဉ်များကိုလည်း ထိရောက်စွာ အကောင်အထည် ဖော်နိုင်မည် ဖြစ်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။