ခရီးသွားလုပ်ငန်းကို ထိထိရောက်ရောက်အကောင်အထည်ဖော်နိုင်မည်ဆိုပါက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအား အထောက်အပံ့ပေးနိုင်မည်ဖြစ်

ရန်ကုန် ၈ ဇွန် 

 

မြန်မာနိုင်ငံ၏ စီးပွားရေးအခက်အခဲကို ဖြေရှင်းနိုင်ရန်မှာ ခရီးသွားလုပ်ငန်းဖြစ်ပါကြောင်း၊ စီးပွားရေးနှေးကွေးနေသည့် ကာလတွင် ခရီးသွားလုပ်ငန်းကို ထိထိရောက်ရောက်အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် အထောက်အပံ့ပေးနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောသည်။

 

ယနေ့ ညနေ ၃ နာရီက ရန်ကုန်မြို့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် ကျင်းပသည့် “မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ကွန်ဖရင့် - ၂၀၁၈” အကြိုသတင်းစာ ရှင်းလင်းပွဲ၌ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသက်လွင်တိုးက ထိုသို့ ပြောကြား ခြင်းဖြစ်သည်။

 

“လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေးကလည်း နှေးကွေးနေပါတယ်။ ဒီလိုနှေးကွေးနေတဲ့ ကာလမှာ ခရီးသွားလုပ်ငန်းကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မယ်ဆိုရင် တိုင်းပြည်ဖွံ့ဖြိုးရေးတိုးတက်ရေးကို အရှိန်အဟုန်နဲ့ အထောက်အပံ့ပေးနိုင်ပါတယ်။ အလုပ်အကိုင်ရရှိရေးနဲ့ နိုင်ငံခြားဝင်ငွေရရှိမှုကလည်း ခရီးသွားလုပ်ငန်းတိုးချဲ့ရင် တိုးချဲ့သလောက် ထိရောက်စွာ ခရီးရောက် နိုင်တယ်ဆိုတာ အားလုံးက လက်ခံထားတယ်။ ဒီအတွက် အဖြေကောင်းတွေကို ရှာဖို့ ရည်ရွယ်ချက်နဲ့ ခရီးသွားညီလာခံကို ကျင်းပရခြင်းဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသက်လွင်တိုး ကပြောသည်။

 

“မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းကွန်ဖရင့် ၂၀၁၈” “Myanmar Tourism Conference 2018” ကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းတို့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဇွန် ၁၂ ရက်တွင် နေပြည် တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန (၂) MICC-2 တွင် ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။

 

“ကျွန်တော်တို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) က Private Sector အနေနဲ့ ဦးဆောင်နေတဲ့ အသင်းတစ်သင်းပဲဖြစ်ပါတယ်။ ညီနောင်အသင်း (၁၁) သင်းနဲ့ ခရီးသွားအဖွဲ့ချုပ် လည်း ရှိပါတယ်။ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနကတော့ အဓိက focal ဝန်ကြီးဌာနအနေနဲ့ ဟိုတယ်ခရီးရဲ့ ဦးဆောင်မှုနဲ့ နှစ်ပေါင်း (၂၀) ကျော် (၂၅) ထဲ ရောက်လာပါပြီ။ Conference ဆိုတာ ကလည်း စာတမ်းဖတ်ပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေကတော့ အများကြီး လုပ်ခဲ့တာပဲရှိပါ တယ်။ အခု အားလုံးပါဝင်နိုင်တဲ့ All Inclusive Tourism Conference ကို လုပ်မှာဖြစ်ပါတယ်” ဟု ဦးသက် လွင်တိုးကပြောသည်။

 

အဆိုပါကွန်ဖရင့်ကို ခရီးသွားလုပ်ငန်းကဏ္ဍအား နိုင်ငံတော်၏ စီးပွားရေးမူဝါဒတွင် ထည့်သွင်းပါဝင် စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းရှင်များ ဆောင်ရွက်ရာတွင် ခရီးသွားလုပ်ငန်းကဏ္ဍ အရေးပါမှုပေါ်လွင်စေရန်၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဆိုင်ရာ ပုံရိပ်မြှင့်တင်နိုင်ရန်၊ ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲစေရန်၊ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုအားလုံး၏ အခွင့်အလမ်းများကို တိုင်းရင်းသားပြည်သူများ အားလုံးမျှတစွာ ရရှိခံစားစေရန် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ကြောင်း ယနေ့ စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

 

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန ရုံးခွဲများဖွင့်လှစ်ပြီး ခရီးစဉ်ဒေသများ တိုးတက်ရေးနှင့် ရေရှည်တည်တံ့ရေး ဆောင်ရွက်ရန် ပြည်နယ်အစိုးရများ၊ တိုင်းဒေသကြီးအစိုးရများ၏ အားပေးကူညီပံ့ပိုးမှု၊ စပ်ဆက်ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ကျေးလက်နေဒေသခံများ ခရီးသွားဝင်ငွေရရှိစေရန် CBT (ရပ်ရွာအခြေပြု ခရီးသွားလုပ် ငန်း) များကို ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ခရီးသွားအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများနှင့်လည်း စုစုစည်းစည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံကောင်းများရရှိထားပြီဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန် တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက ပြောသည်။

 

မြန်မာနိုင်ငံသို့ နှစ်အလိုက် ပြည်ပခရီးသွားဧည့်သည် လာရောက်လည်ပတ်မှုအနေဖြင့် ၂၀၁၇ ခုနှစ်တွင် ၃ ဒသမ ၄ သန်းကျော် ရှိခဲ့ပြီး ၂၀၁၈ ခုနှစ် ဧပြီလအထိ ပြည်ပခရီးသည် ဝင်ရောက်မှု ၁ ဒသမ ၂ သန်းကျော် ရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

 

သတင်း- မင်းသစ်(MNA)၊ သန့်ဇင်မင်း

ဓာတ်ပုံ-နေလင်း