ခရီးသွားလုပ်ငန်း စီမံကိန်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး

နေပြည်တော်  ၂၆  ဇူလိုင်

 

ခရီးသွားလုပ်ငန်း စီမံကိန်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ Center for Tourism Development (CTD) ၌ ကျင်းပသည်။

 

ဆွေးနွေးပွဲသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး‌‌ ဒေါ်နော်ပန်းသဥ္ဇာမျိုး၊ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်း (၁၁) သင်းမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဦးတင်လတ် က ယခုခရီးသွားလုပ်ငန်း ပင်မစီမံကိန်း ၂၀၂၁-၂၀၂၅ သည် ယခင်ပင်မ စီမံကိန်းကို အခြေခံ၍ ကိုဗစ်-၁၉ အလွန်တွင် ပြောင်းလဲလာမည့် ခရီးသွား လုပ်ငန်းပုံစံသစ်နှင့် လိုက်ရောညီထွေမှု ရှိစေရန် နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ပြုစုရေးဆွဲထားပါကြောင်း၊ ပင်မစီမံကိန်းတွင် မဟာဗျူဟာ () ရပ်ပါဝင်ပြီး မဟာဗျူဟာများကို ထိရောက်စွာ အကောင်ထည်ဖော်ဆောင်နိုင်ရန် လက်ရှိအမှန်တကယ် ဖြစ်ပေါ်နေသည့် အခြေအနေနှင့် ကိုက်ညီမှု ရှိစေရန်အတွက် လက်တွေ့ လုပ်ငန်းဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်းများ၏ အကြံပြုချက်များကိုလည်း ပင်မစီမံကိန်းတွင် ထည့်သွင်းသွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တက်ရောက်လာကြသူများအနေဖြင့် ပင်မစီမံကိန်းတွင် ထပ်မံဖြည့်စွက်လိုသည်များကို အကြံပြု ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန လေ့ကျင့်ရေးနှင့် ပညာပေရေးဌာနခွဲမှ ညွှန်ကြားရေးမှူးက   ခရီးသွားလုပ်ငန်း ပင်မ စီမံကိန်းရေးဆွဲ ဆောင်ရွက်ထားရှိမှုများ     စီမံကိန်းပါ မဟာဗျူဟာ () ရပ်နှင့် ဆောင်ရွက်ရမည့် အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပန်းသဥ္ဇာမျိုး၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်း (၁၁) သင်းမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များက ခရီးသွားလုပ်ငန်း ပင်မစီမံကိန်းတွင် ဖြည့်စွက်သင့်သည့် အချက်များကို အကြံပြုဆွေးနွေးပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်နေမှုများ၊ ခရီးစဉ်ဒေသ အသစ်များ ဖော်ထုတ်ရေး ဆောင်ရွက်နေမှုများ၊ လက်ရှိတွေ့ကြုံနေရသည့် အခက်အခဲများနှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို အသီးသီးဆွေးနွေး တင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်