ခရစ္စမတ် ကာလအတွင်း အပစ်အခတ် ရပ်စဲထားဖို့ ဖိလစ်ပိုင် ခေါင်းဆောင် တစ်ဖက်သတ် ကြေညာ

မနီလာ ၂၀ ဒီဇင်ဘာ

ခရစ္စမတ် ရာသီကာလမှာ ဖိလစ်ပိုင် ပြည်သူတွေ ပွဲတော်ကို ဆင်နွှဲဖို့အတွက် ကွန်မြူနစ် သူပုန်တွေနဲ့ ၁၀ ရက်ကြာ အပစ်ရပ်စဲဖို့ သမ္မတ ဒူတာတေးက တစ်ဖက်သတ် ကြေညာခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၄ ရက်ကနေ ဇန်နဝါရီ ၂ ရက်အထိ ထိုးစစ်ဆင်မှုတွေကို ရပ်နားထားဖို့ စစ်တပ်နဲ့ ရဲတွေကို ဒူတာတေးက အမိန့်ပေးထားခဲ့တယ်လို့ သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဟာရီရက်က ဆိုပါတယ်။ မာ့စ်ဝါဒီတွေနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကို အလားတူ အပြုအမူကောင်းတွေ ပြုလုပ်ဖို့ မျှော်လင့်ကြောင်း သမ္မတက ပြောခဲ့ပါတယ်။ ကွန်မြူနစ် သူပုန်လှုပ်ရှားမှု ဘက်ကတော့ မှတ်ချက် တစ်စုံတစ်ရာပေးခြင်း မရှိသေးပါဘူး။

ကွန်မြူနစ်ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ စေ့စပ်ညှိနှိုင်းသူတွေဟာ ၁၉၈၀ ခုနှစ် နှောင်းပိုင်းကတည်းက နယ်သာလန်နိုင်ငံမှာ ပြည်ပြေးတွေအနေနဲ့ နေထိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒူတာတေးဟာ ပြီးခဲ့တဲ့နှစ် သမ္မတရာထူး ရပြီးကတည်းက ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ စတင် ဆွေးနွေးခဲ့ပေမယ့် သူပုန်တွေဘက်က တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာခဲ့တဲ့အတွက် ဆွေးနွေးပွဲတွေကို မကြာသေးမီက စွန့်လွှတ်ခဲ့တာပါ။

ခန့်မှန်းခြေ သူပုန်အဖွဲ့ဝင် ၃၀ဝ၀ နီးပါးဟာ ကျေးလက်တောပိုင်းမှာ နှစ်ပေါင်း ၅၀ နီးနီး စစ်ပွဲတွေကို ဆင်နွှဲလာခဲ့ကြတာ လူပေါင်း ၄၀ဝ၀ဝ ကျော် သေဆုံးခဲ့ရပါတယ်။ ခရစ္စမတ်ကာလမှာ ဖိလစ်ပိုင် ပြည်သူတွေ စိတ်အေးလက်အေး ပျော်ရွှင်စေချင်တယ်လို့ အင်္ဂါနေ့ညက ဒူတာတေးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

(ရိုက်တာ)