ခံတွင်းကင်ဆာကို ဘယ်လိုကာကွယ်မလဲ

ရေးသားသူ Dr. Thiha Phyo Myint

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ခံတွင်းကင်ဆာကို ဘယ်လိုကာကွယ်မလဲ။

ကင်ဆာဆိုတဲ့ အသံကို ကြားလိုက်တာနဲ့ လူတိုင်းက တွန့်ခနဲ ဖြစ်သွားတတ်ကြပါတယ်။ ဟုတ်ပါတယ်၊ ကင်ဆာရောဂါဟာ တကယ်တမ်းလည်း အင်မတန်မှ ကြောက်ဖို့ကောင်းတဲ့ ရောဂါတမျိုးပါ။ ကင်ဆာအမျိုးမျိုးရှိတဲ့အနက် တချို့ကင်ဆာတွေဟာ မျိုးရိုးလိုက်လို့ဖြစ်ရတယ်၊ အစားအသောက်အနေအထိုင်တွေကြောင့် ဖြစ်ရတယ်၊ ပတ်ဝန်းကျင် (ဝါ)လုပ်ငန်းခွင် အနေအထားတွေကြောင့် ဖြစ်ရတယ် စသဖြင့် အကြောင်းရင်းခံအမျိုးမျိုး ရှိတဲ့အတွက် အချို့ကင်ဆာတွေကို ကာကွယ်လို့ရသလို၊ အချို့ကင်ဆာတွေကိုတော့ ကာကွယ်လို့ မရပါဘူး။ ဒါပေမယ့် အသက်ဉာဏ်စောင့်ဆိုတဲ့အတိုင်း မိမိဖက်က ဆင်ခြင်စရာရှိတာတွေကိုတော့ အသေအချာ ဆင်ခြင်ရမှာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံအများစုမှာ အမျိုးသားတွေကို ဒုက္ခအပေးဆုံးကင်ဆာတွေကတော့ အဆုတ်ကင်ဆာနဲ့ ခံတွင်းကင်ဆာတို့ပဲ ဖြစ်ပါတယ်။ အဆုတ်ကင်ဆာကတော့ သိကြတဲ့အတိုင်း ဆေးလိပ်သောက်သုံးမှုကြောင့် အဓိကဖြစ်ပေါ်လာရပြီး ခံတွင်းကင်ဆာရဲ့ အဓိက လက်သည်ကတော့ ကွမ်းယာပဲ ဖြစ်ပါတယ်။

ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းက ကွမ်းယာစားလာကြတယ်ဆိုပေမယ့် ဒီခေတ်လို ဆေးမျိုးစုံထည့်ပြီး စားကြတာမဟုတ်ပါဘူး။ ထုံးနဲ့ ကွမ်းသီး၊ ကွမ်းရွက်ကိုပဲ အဓိကထားပြီး စားတာပါ။ လက်ရှိကာလမှာတော့ အန္တရာယ်များပြားလှတဲ့ ကွမ်းစားဆေးမျိုးစုံကို ထည့်သွင်းပြီး ကွမ်းစားကြတာမို့ ကင်ဆာအပါအဝင် အခြားသော သွားနှင့် ခံတွင်းဆိုင်ရာ ရောဂါမျိုးစုံကို ဖြစ်ပွါးစေနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ခံတွင်းကင်ဆာမဖြစ်အောင် ဘယ်လိုနေထိုင် စားသောက်ရမယ်ဆိုတာကို မျှဝေဆွေးနွေးသွားမှာပါ။

၁။ ဆေးရွက်ကြီးငုံခြင်း၊ ကွမ်းစားခြင်းကို လုံးဝရှောင်ကျဉ်ပါ။

ကွမ်းစားခြင်း၊ ဆေးငုံခြင်းဟာ လူတွေတင်စားပြောလေ့ရှိသလို အရည်မရ၊အဖတ်မရတဲ့ အလုပ်ဖြစ်တဲ့အပြင် ကံဆိုးရင် ကင်ဆာတောင် လက်ဆောင်ရပါလိမ့်ဦးမယ်။နိုင်တီတူး၊ဘုရင်မ စတဲ့ ကွမ်းစားဆေးတွေ ထည့်မစားဘူးဆိုရင်တောင် ကွမ်းစားခြင်းဟာ ခံတွင်းကင်ဆာဖြစ်ပွါးနိုင်ချေကို အလွန်တရာမှ မြင့်တက်စေနိုင်တဲ့အတွက် ကွမ်းယာကို လုံးဝရှောင်ကျဉ်သင့်ပါတယ်။ ကွမ်းစားခြင်းဟာ သင့်ကျန်းမာရေးအတွက်သာမက သွားမှာ ကွမ်းဂျိုးများကပ်ခြင်း၊ ခံတွင်းနံ့မကောင်းခြင်း၊ ကွမ်းတံတွေးတပျစ်ပျစ်နဲ့ အင်မတန်မှ ရွံရှာဖို့ကောင်းသလို ပတ်ဝန်းကျင်ကိုလည်း အကျည်းတန်စေပါတယ်။ ဒါကြောင့် ဘယ်ရှုထောင့်ကကြည့်ကြည့် ကောင်းကျိုးမပေးတဲ့ ကွမ်းယာကို ယနေ့ပဲဖြတ်ပါ။ မစားတတ်သေးရင်လည်း လုံးဝ အကျင့်မလုပ်ပါနဲ့။

၂။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် များများ စားပေးပါ။

အာဟာရဓာတ်ချို့တဲ့ခြင်းဟာ သင့်အာခံတွင်း အတွင်းပိုင်းမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေနိုင်တာမို့ ကင်ဆာဖြစ်နိုင်ချေ ပိုများစေပါတယ်။ ဒါပေမယ့် သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေက ထောက်ပံ့ပေးတဲ့ ဗီတာမင်ဓာတ်တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidant)တွေဟာ သင့်ခုခံအားစနစ်ကို တိုးတက်ကောင်းမွန်စေပါလိမ့်မယ်။ ဒါကြောင့် အဆိုပါ အစားအစာတွေကို တတ်နိုင်သမျှ နေ့စဉ်စားပေးသင့်ပြီး မုန်လာဥနီ၊ ကျောက်ဖရုံသီး အစရှိတဲ့ အသီးအနှံတွေဟာ သင့်ခံတွင်းကျန်းမာရေးအတွက် အများကြီး အထောက်အကူပြုပါတယ်။

၃။ နည်းစနစ်ကျကျ ချက်ပြုတ်ပါ။

ဟင်းသီးဟင်းရွက်တွေကို အရမ်းကျက်သွား၊နူးသွားအောင် ချက်ပြုတ်ရင် သူတို့ရဲ့ အာဟာရတန်ဖိုး ကျသွားတတ်တာကြောင့် အကျက်မလွန်၊ အနူးမလွန်သွားအောင် ဂရုပြုရပါမယ်။ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို အစိမ်းစားခြင်းဟာလည်း အလေ့အထကောင်းတခုပါ။ ဟင်းချက်ဆီတချို့ဟာဆိုရင်လည်း ပြင်းထန်တဲ့မီးအပူနဲ့ တွေ့ရင် ကင်ဆာဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေအဖြစ် ပြောင်းလဲသွားတတ်သေးတာမို့ ဆီနဲ့ကြော်တာထက် ပြုတ်စားတာ၊ ပေါင်းစားတာစသဖြင့် အမျိုးမျိုးအဖုံဖုံ လုပ်စားကြည့်သင့်ပါတယ်။

၄။ အရက်ဖြတ်ပါ။

ရုတ်တရက်ကြည့်လိုက်ရင် ခံတွင်းကင်ဆာနဲ့ အရက် ဘာမှမဆိုင်ဘူးလို့ ထင်ရပေမယ့် အရက်အလွန်အကျွံသောက်ခြင်းဟာလည်း သင့်အာခံတွင်းကို ထိခိုက်စေလို့ ခံတွင်းကင်ဆာဖြစ်ပွါးနိုင်ချေကို မြင့်တက်စေပါတယ်။ တနေ့ကို သုံး၊လေးခွက်လောက် သောက်ရင်ကို ခံတွင်းကင်ဆာ ဖြစ်ပွါးနိုင်ချေ နှစ်ဆပိုများလာစေတယ်လို့ ဆိုပါတယ်။ ဆေးလိပ်၊ အရက်၊ ကွမ်း လိုင်းပေါင်းစုံသူဆိုရင်တော့ ပြောမနေပါနဲ့တော့။ ဒါကြောင့် အရက်သောက်တတ်ရင် ဖြတ်ဖို့နဲ့ မဖြတ်နိုင်ရင်တောင် တနေ့ကို တခွက်၊နှစ်ခွက်ထက် ပိုမသောက်မိဖို့ လိုပါတယ်။

၅။ ပါးစပ်နဲ့လိင်ဆက်ဆံရင် အကာအကွယ်သုံးပါ။

သင့်အဖော်မှာ human papillomavirus လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးရှိနေရင် ပါးစပ်နဲ့ လိင်ဆက်ဆံရာကတဆင့် ဒီဗိုင်းရပ်စ်ပိုးကူးစက်ပြီး ခံတွင်းကင်ဆာ ဖြစ်ပွါးလာနိုင်ပါတယ်။ ဒါကြောင့် ပါးစပ်နဲ့ လိင်ဆက်ဆံဖို့ အထူးထုတ်လုပ်ထားတဲ့ အကာအကွယ်ပစ္စည်းကို အသုံးပြုသင့်ပါတယ်။

၆။ သွားဆရာဝန်နဲ့ ပုံမှန်စစ်ဆေးပါ။

သွားဆရာဝန်ဟာ သင့်သွားဖြူဖွေးတောက်ပအောင် လုပ်ပေးတာ၊ အပေါက်တွေရှိနေရင် ဖာပေးတာထက်ပိုပြီး သင့်ကို အကျိုးဆောင်ပေးနိုင်ပါတယ်။ သူတို့ဟာ သင့်လျှာအောက်ခြေနဲ့ ပါးစောင်တွေအပါအဝင် အာခံတွင်းတခုလုံးကို သေချာစွာ စစ်ဆေးပေးမှာဖြစ်တာကြောင့် ခံတွင်းကင်ဆာရဲ့ ကနဦးအရိပ်လက္ခဏာတွေကို စောစီးစွာ သိရှိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အနည်းဆုံးတနှစ်ကိုတခါလောက် ဆိုသလို သွားဆရာဝန်နဲ့ ပုံမှန်စစ်ဆေးသင့်ပါတယ်။

၇။ သင့်ပါးစပ်ကို တလတခါလောက် ကိုယ်တိုင်စစ်ဆေးပါ။

သွားဆရာဝန်နဲ့ တနှစ်တခါ ပြတာပဲဆိုပြီးတော့လည်း ပေါ့ပေါ့ မနေသင့်ပါဘူး။ သင်ကိုယ်တိုင်လည်း ကိုယ့်ပါးစပ်ကိုယ် တလတခါလောက် မှန်ရှေ့မှာ စစ်ဆေးကြည့်လို့ အကျိုးမယုတ်ပါဘူး။ မှန်ရှေ့မှာရပ်၊ ပါးစပ်ကို ကျယ်ကျယ်ဟလို့ အာခေါင်တွေ၊ လျှာ၊ လျှာအောက်၊ နှုတ်ခမ်း၊ သွားဖုံး၊ ပါးစောင် စသဖြင့် စစ်ဆေးပါ။ ပုံမှန်မဟုတ်တဲ့ အနာတွေ၊ အနီကွက်အဖြူကွက်တွေ ရှိနေတာ၊ ဒီလို ရှိနေတာဟာလည်း ရက်သတ္တပတ်သုံးပတ်ထက်ကျော်နေတာ ဒါမျိုးတွေကို ဂရုပြုစစ်ဆေးရပါမယ်။

၈။ ဆေးလိပ်ငွေ့နဲ့ ဝေးဝေးနေပါ။

သင်ကိုယ်တိုင်သောက်တာပဲဖြစ်ဖြစ်၊ တခြားလူဆီက တဆင့်ခံရှူရှိုက်ရတာပဲဖြစ်ဖြစ် ဘယ်လိုနည်းနဲ့မှ ဆေးလိပ်ငွေ့တွေကို မရှူရှိုက်မိပါစေနဲ့။ ဆေးလိပ်နဲ့ ဆေးရွက်ကြီးဟာလည်း ခံတွင်းကင်ဆာ ဖြစ်ပွါးနိုင်ချေကို ပိုမြင့်စေလို့ပါ။

၉။ သွားမှန်မှန်တိုက်ပါ။

ခံတွင်းကင်ဆာကို အထူးတလည်ကာကွယ်ပေးနိုင်တယ်လို့ အတိအကျပြောနိုင်လောက်တဲ့ သုတေသနအချက်အလက်တွေ မရှိသေးသည့်တိုင် တနေ့ကို အနည်းဆုံးသွားနှစ်ကြိမ်တိုက်ခြင်း၊ သွားကြားကိုကြိုးနဲ့ သန့်ရှင်းရေးလုပ်ခြင်း (flossing)ကို အနည်းဆုံး တနေ့တကြိမ်လုပ်ပေးခြင်းဟာ သင့်ခံတွင်းကျန်းမာရေးအတွက် အလွန်အကျိုးရှိပါတယ်။

လူတိုင်းလူတိုင်းဟာ မိသားစုနဲ့ သက်တမ်းစေ့ ပျော်ရွှင်ကျန်းမာစွာ နေထိုင်သွားလိုသူတွေချည်းပါပဲ။ ခံတွင်းကင်ဆာဟာ မိမိရဲ့ နေထိုင်စားသောက်ပုံအပြုအမူတွေကို ဆင်ခြင်ထိန်းသိမ်းခြင်းအားဖြင့် ရှောင်လွှဲနိုင်တဲ့ ရောဂါတမျိုးဖြစ်တဲ့အတွက် အထက်ဖော်ပြပါ ဆောင်ရန်၊ ရှောင်ရန်အချက်လေးတွေကို လိုက်နာပေးခြင်းအားဖြင့် ခံတွင်းကင်ဆာ အိပ်မက်ဆိုးကြီးနဲ့ ဝေးဝေးမှာပဲ နေထိုင်နိုင်ပါလိမ့်မယ်။ အဓိကအကျဆုံး၊ အရေးအကြီးဆုံး အချက်ကတော့ ကွမ်းစားခြင်းကို လုံးဝ(လုံးဝ) အကျင့်မလုပ်ဖို့ပဲ ဖြစ်ပါကြောင်း။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”