ချန်ပီယံဆုအတွက် အရေးပါသည့်ပွဲတွင် ဧရာဝတီနှင့် ရန်ကုန်အသင်း အမှတ်ခွဲယူ

ပုသိမ် ၁၀ သြဂုတ်

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂၀) ပထမနေ့ကို ယနေ့ညနေပိုင်းက ကျင်းပရာ ရတနာပုံအသင်း နိုင်ပွဲပြန်ရပြီး ချန်ပီယံဆုအတွက် အရေးပါသည့်ပွဲတွင် ဧရာဝတီနှင့် ရန်ကုန်အသင်းတို့ သရေကျခဲ့သည်။

ပုသိမ်ကွင်း၌ ကျင်းပသည့်ပွဲတွင် ဧရာဝတီအသင်းနှင့် ရန်ကုန်အသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။ ယခုပွဲအနိုင်ရသည့်အသင်းက ချန်ပီယံဆုအတွက် အခွင့်အရေးပိုကောင်းမည်ဖြစ်သော်လည်း သရေကျခဲ့သောကြောင့် ရှမ်းယူနိုက်တက်အသင်းအတွက် အခွင့်အရေးဖြစ်သွားစေခဲ့သည်။ သြဂုတ် ၁၁ ရက်တွင် ကစားမည့်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း နိုင်ပွဲရယူနိုင်ပါက ထိပ်ဆုံးနေရာကို ပြန်လည်ရယူနိုင်မည်ဖြစ်သည်။ ချန်ပီယံမျှော်လင့်ချက်အတွက် နှစ်သင်းစလုံး အားကုန်ထုတ်ကစားသော်လည်း အဆုံးသတ်အားနည်းမှုကြောင့် သရေရလဒ်ဖြင့် ပြီးဆုံးခဲ့ခြင်းဖြစ်ပြီး ဒုတိယပိုင်းတွင် ဧရာဝတီအသင်း ဂိုးသွင်းခွင့်များစွာရသော်လည်း အသုံးမချနိုင်ခဲ့သောကြောင့် နစ်နာခဲ့ရသည်။

ရန်ကုန်အသင်းတိုက်စစ်တွင် ဆယ်လာပြန်ပါလာပြီး ဒဏ်ရာရနေသည့် ကောင်းထက်စိုးနှင့် ကျော်ဇင်ဦးမှလွဲ၍ လူစုံပါဝင်ခဲ့သလို ဧရာဝတီအသင်းတွင်လည်း နိုင်ငံခြားသား ကစားသမားသုံးဦးအပါအဝင် လူစုံအသုံးပြုခဲ့သည်။ ဧရာဝတီအသင်းသည် ပွဲအစတွင် ကစားပုံကောင်းသော်လည်း ၁၀ မိနစ်နောက်ပိုင်းတွင် ရန်ကုန်အသင်း၏ ဖိအားပေးခြင်းကို ခံခဲ့ရသည်။ ဧရာဝတီအသင်းတိုက်စစ်မှာ ထင်သလောက် မထိရောက်သောကြောင့် ရန်ကုန်အသင်းက ပိုဖိကစားနိုင်ခဲ့ပြီး ၂၃ မိနစ်တွင် သန်းပိုင်က ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ ပထမပိုင်းတွင် ချေပဂိုးမရခဲ့သည့် ဧရာဝတီအသင်းသည် ဒုတိယပိုင်းတွင် ကစားသမားများ အပြောင်းအလဲပြုလုပ်ကာ တိုက်စစ်မြင့်ခဲ့သည်။ ဒုတိယပိုင်းတွင် ဧရာဝတီအသင်းက တောက်လျှောက်ဖိကစားနိုင်ခဲ့ပြီး ၆၅ မိနစ်တွင် အောင်ကောင်းမာန်က ထောင့်ကန်ဘောကို ခေါင်းတိုက်ပြီး ချေပဂိုးပြန်သွင်းခဲ့သည်။ ချေပဂိုးရပြီး နောက်ပိုင်းတွင် ဧရာဝတီအသင်း ပိုဖိကစားလာနိုင်ပြီး ရန်ပိုင်စိုး၊ တင်ဝင်းအောင်နှင့် ဆာဆက်တို့ ဂိုးသွင်းခွင့်များ အသုံးမချနိုင်ခဲ့သောကြောင့် နစ်နာခဲ့ရသည်။ ပွဲပြီးခါနီးတွင် ဇော်ဝင်း၏ ကန်သွင်းချက်မှာလည်း ဘားထိထွက်ခဲ့သောကြောင့် ဧရာဝတီအသင်း နိုင်ပွဲပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ရတနာပုံအသင်းက ဒဂုံအသင်းကို ငါးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရတနာပုံအသင်းသည် အဝေးကွင်း၌ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ပြီး တိုက်စစ်မှူးဝင်းနိုင်စိုး ခြေစွမ်းပြကာ လေးဂိုးအထိသွင်းယူခဲ့သည်။ ဒဂုံအသင်းမှာမူ ရှုံးပွဲကြုံတွေ့ခဲ့သောကြောင့် တန်းဆင်းဇုန်မှလွတ်ရန် အခွင့်အရေး နည်းသွားပြီဖြစ်သည်။ ရတနာပုံအသင်းအတွက် အနိုင်ဂိုးများကို ၂၇၊ ၄၅၊ ၅၉၊ ၈၆ မိနစ်တွင် ဝင်းနိုင်စိုး၊ ၆၄ မိနစ်တွင် မြတ်ကောင်းခန့်တို့က သွင်းယူခဲ့ပြီး ဒဂုံအသင်းအတွက် ဂိုးများကို၂၃ မိနစ်တွင် ပက်ထရစ်၊ ၄၈ မိနစ်တွင် ထရာအိုရေးတို့က သွင်းယူခဲ့သည်။

ပွဲစဉ် (၂၀) ဒုတိယနေ့ကို သြဂုတ် ၁၁ ရက် ဆက်လက်ကျင်းပမည်ဖြစ်ပြီး တောင်ကြီးကွင်း၌ ရှမ်းယူနိုက်တက်နှင့် ဇွဲကပင်၊ သုဝဏ္ဏကွင်း၌ မကွေးနှင့် Southern၊ မုံရွာကွင်း၌ စစ်ကိုင်းနှင့် ရခိုင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - ဖိုးသော်ဇင်