ချည်မျှင်ရှည်ဝါ စံပြကွက် အောင်မြင်ဖြစ်ထွန်းနေမှုများကို ဝါစိုက်တောင်သူများထံနည်းစနစ်ဖြန့်ဝေပြသ

မြင်းမူ ၁၉  စက်တင်ဘာ 

    
စက်မှုကုန်ကြမ်းသီးနှံဖြစ်သော ဝါမျိုးစုံကို စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်  ၊ မြင်းမူမြို့နယ်အတွင်း စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျှက်ရှိရာ မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာနေ၊ တောင်သူ ဦးယော ပိုင်ဆိုင်သော ကွင်းအမှတ်(၂၉၃) ၊ ဦးပိုင်အမှတ်(၇၂)တွင် စံပြကွက်အဖြစ်စိုက်ပျိုးထားသည့် ရွှေတောင်(၈) ဝါစိုက်ကွင်းတွင် စက်တင်ဘာလ(၁၈)ရက်နေ့ နံနက်ပိုင်းက ဝါစိုက်တောင်သူများနှင့်တွေ့ဆုံကာ ကွင်းပြပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
    

ကွင်းသရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှုး ဦးရဲမြင့်သိန်းက ရွှေတောင်(၈)ဝါမျိုး၏ အရည်အသွေး လက္ခဏာများ ၊ စိုက်ပျိုးနည်းစနစ်များနှင့်  ထွက်ရှိနိုင်မှု အခြေအနေများနှင့် ပတ်သက်၍  ပညာပေးဆွေးနွေးရာ ကွင်းပြပွဲသို့တက်ရောက်လာကြသော ဒေသခံ ဝါစိုက်တောင်သူများက သိရှိလိုသည်များကို
ပြန်လည်မေးမြန်းခဲ့ကြကြောင်း သိရှိရသည်။ မြင်းမူမြို့နယ်တွင် ယခုနှစ်အတွင်း ဝါမျိုးစုံ(၂၂၃၇၀) ဧကစိုက်ပျိုးရန် လျှာထားဆောင်ရွက်ခဲ့ပြီး ၊ ယခုရာသီကုန်ကာလထိ  ဝါမျိုးစုံ (၂၀၁၆၆)ဧကကို စိုက်ပျိုးခဲ့ပြီး ဖြစ်ထွန်းအောင်မြင်လျှက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှုး ဦးရဲမြင့်သိန်းထံမှ သိရှိရသည်။
    

ယခုပြုလုပ်ခဲ့သော နည်းစနစ်ဖြန့်ဝေပေးခြင်း ကွင်းသရုပ်ပြပွဲသို့  မြို့နယ်အဆင့်မှတဝန်ရှိသူများ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်  ဒေသခံဝါစိုက်တောင်သူများ စုစုပေါင်း(၇၁)ဦးတက်ရောက် ကြည့်ရှု့လေ့လာခဲ့ကြကြောင်း သိရှိရသည်။

                                    
အောင်စိုးဖေ(မြင်းမူ)