“ချည်”ဇာတ်ကားထဲမှ မူယာလောက် အပြင်တွင် မချစ်နိုင်ကြောင်း သက်မွန်မြင့်ပြောကြား

လူငယ်ပရိသတ်များအတွက် အဓိကထား ရိုက်ကူးတင်ဆက်ထားသော ဒရာမာဇာတ်လမ်း အမျိုးအစားဖြစ်သည့် "ချည်" ဟု အမည်ပေးထားသည့် ရုပ်ရှင်ဇာတ်ကားတွင် အကယ်ဒမီ နေတိုး၊ အကယ်ဒမီသက်မွန်မြင့်နှင့် ရွှေသမီးတို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်က ရိုက်ကူးထားကာ ယခုစတင် ရုံတင်ပြသနေပြီဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး ချစ်ခြင်းမေတ္တာ တရားများဖြင့် ချည်နှောင်ရင်း လက်တွဲခဲ့ကြသည့် ခွန်တာနှင့် မူယာ (နေတိုးနှင့် သက်မွန်မြင့်) တို့၏ သာယာပျော်ရွှင်သော ဘဝထဲသို့ တတိယမြောက်လူတစ်ဦး ဝင်ရောက် လာသည့်အခါ ချည်နှောင်ထားသော ချစ်ခြင်းမေတ္တာတရားများ မည်သို့ပြောင်းလဲသွားနိုင်မည် ဆိုသည်ကို ရိုက်ကူးတင်ဆက်ထားသည့် ယင်း ဇာတ်ကားတွင် မူယာအဖြစ် သရုပ်ဆောင်ထားသည့် အကယ်ဒမီ သက် မွန်မြင့်ကချည်ဇာတ်ကားထဲမှ မူယာ၏အချစ်လောက် အပြင်တွင် မချစ်နိုင်ကြောင်း ပြောကြားသည်။

"ကိုယ်လည်း တွေးနေတာအပြင်မှာ မူယာလို ချစ်နိုင်ပါ့မလားပေါ့၊ ချစ်တော့ချစ်တယ်၊ မူယာလောက်တော့ သည်းခံနိုင်ပါ့မလားပေါ့။ ကိုယ်က ရွှေသမီးလို ဖြစ်မယ်ထင်တယ်။ ကိုယ်ကပဲ အချစ်ခံချင်တယ်၊ ကိုယ်က ကလေးဆိုးပဲ လုပ်ချင်တာ၊ ကိုယ်ကပဲ အနိုင်ယူချင်စိတ် ပိုများနေတယ်၊ အချိန်တွေ ပြောင်းသွားတာနဲ့အမျှ လူရဲ့ ခံစားချက်ကတော့ မတူတော့ဘူးပေါ့နော်၊ စချစ်တုန်းက ငယ်ရွယ်တဲ့အချိန်မှာတော့ ပေးဆပ်တာတွေ၊ ရယူတာတွေ မသိဘူး၊ ချစ်တာပဲသိတယ်။ ကြာလာတဲ့အချိန်မှာတော့ သံယောဇဉ်ဖြစ်လာတယ်၊ ကိုယ့်ရဲ့အိမ်ထောင်၊ ကိုယ့်ကလေးတွေအတွက် စဉ်းစားလာတယ်၊ ဒါပေမယ့် မူယာရဲ့ ချစ်ခြင်းကို မမီလောက်ဘူးပေါ့၊ မူယာရဲ့ ချစ်ခြင်းကိုတော့ လေးစားပါတယ်" ဟု သက်မွန်မြင့်က ပြောသည်။

ဇာတ်ကား ရိုက်ကူးဖြစ်သည့် အကြောင်းနှင့်ပတ်သက်၍လည်းသက် မွန်မြင့်က "ချည်ဇာတ်ကားအတွက် စပြီးခေါ်တော့ သိပ်လည်း လုပ်စရာမရှိလို့ မရိုက်တော့ဘူးတွေဘာတွေ လုပ်နေတာ၊ အဲဒီတုန်းက အခန်းစဉ်တွေပဲ သိရတာလေ၊ စကားလုံး အသေးစိတ်တွေကိုကျတော့ ရိုက်ရင်းနဲ့ ဒိုင်ယာလော့ချတော့မှ သိရတာ။ ဦးဟိန်းမင်းတို့၊ အောင်တိုင်းကျော်က ကိုနောင်တို့က သက်မွန်ရိုက်ရမယ်ဆိုတာနဲ့ ရိုက်ဖြစ်တာ၊ ဒီဇာတ်လမ်းမှာ ကိုနေတိုးနဲ့ chemistry မမိဘူးဖြစ်နေတယ်၊ ဇာတ်ကောင်အရ ၁၀ နှစ်သမီးတောင် ရနေပြီ၊ သံယောဇဉ်ကြီးနေရမယ်၊ အဲဒီ အချိန်မှာ chemistry မမိဘဲ သူထွက်သွားမှာကို မလွမ်းဘူးဖြစ်နေတယ်၊ အဲဒါကို ဦးညီ (ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင် )က အသေးစိတ် သင်ပေးပြီး သက်မွန်ရဲ့ အနုပညာအရည်အချင်းကို ညှစ်ထုတ်ပေးခဲ့တဲ့အတွက် ပိုကျေးဇူးတင်တယ်"ဟုလည်း သက် မွန်မြင့်က ဆက်ပြောပြသည်။

ကိုလင်း