ချန်နိုင်းမှာ အသွားအလာ ကန့်သတ်ပိတ်ဆို့မှု ပြန်လည်ပြဋ္ဌာန်း

၂၀ ဇွန်

 

အိန္ဒိနိုင်ငံ တောင်ပိုင်း တမီးနာဒူးပြည်နယ်မြို့တော် ချန်နိုင်းနဲ့ အိမ်နီးချင်းပြည်နယ်တွေမှာ ဇွန် ၁၉ ရက်နေ့ကစပြီး ၁၂ ရက်တိတိ အသွားအလာ ကန့်သတ်ပိတ်ဆို့လိုက်ကြောင်း သိရပါတယ်။ ချန်နိုင်းမြို့ဟာ အိန္ဒိယနိုင်ငံရဲ့ ဆဋ္ဌမမြောက် အကြီးဆုံးမြို့ဖြစ်ပါတယ်။

 

အသွားအလာ ကန့်သတ်လိုက်တဲ့ဒေသတွေမှာ လူဦးရေ ၁၅ သန်း နေထိုင်ကြောင်း သိရပါတယ်။ အသွားအလာကန့်ပိတ်ဆို့ထားတဲ့ ၁၂ ရက်အတွင်းမှာ အစားအစာဆိုင်နဲ့ ဓာတ်ဆီဆိုင်တွေကို ဖွင့်ခွင့်ပေးထားမှာ ဖြစ်ပေမယ့် နံနက် ၆ နာရီမှာ မွန်းလွဲ ၂ နာရီအထိသာ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းမှလွဲပြီး ကျန်ဒေသခံတွေဟာ နေအိမ်မှ ၁.၂ မိုင်အတွင်းကို လိုအပ်တဲ့ ပစ္စည်းဝယ်ယူရန်သာ သွားခွင့်ရှိကြောင်း သိရပါတယ်။

 

တက္ကဆီ၊ သုံးဘီးဆိုင်ကယ်နဲ့ ကိုယ်ပိုင်ယာဉ်တွေကို အရေးပေါ်အခြေအနေမှလွဲပြီး အသုံးပြုခွင့်မရှိကြောင်း စည်းမျဉ်းစည်းကမ်းမှာ ပါရှိပါတယ်။ တခြားတားမြစ်မှုတွေကတော့ အစိုးရရုံးတွေနဲ့ ဘဏ်တွေကို ဆက်လက်ဖွင့်မှာဖြစ်ပေမယ့် ဝန်ထမ်းအင်အား ၃၃ ရာခိုင်နှုန်းနဲ့သာ လည်ပတ်ရန် ပါရှိပါတယ်။ စားသောက်ဆိုင်တွေမှာ ပါဆယ်သာ ရောင်းခွင့်ရှိပါတယ်။ ဆေးရုံ၊ ဆေးခန်း၊ ဓါတ်ခွဲခန်းနဲ့ ဆေးဆိုင်တွေကိုတော့ ပုံမှန်အတိုင်း လုပ်ကိုင်ခွင့်ရရှိကြောင်း သိရပါတယ်။

 

လျှပ်စစ်ပစ္စည်း ပြုပြင်ရေးဆိုင်ပိုင်ရှင် ကုမားက လေအေးပေးစက်ပျက်လို့ သူတို့ကို ပြင်ပေးဖို့ခေါ်ခဲ့ရင် ၁.၂ မိုင်အတွင်း လမ်းလျှောက်သွားပြီး ပြင်ပေးမယ်။ ၂ နာရီနောက်ပိုင်းမှာ အိမ်ပြင်ထွက်ခွာခွင့်ကတော့ တင်းကျပ်သွားမယ်လို့ သူတို့သိထားကြောင်း ပြောပါတယ်။

 

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၃၉၆,၆၆၁ ဦးရှိပြီး သေဆုံးသူ ၁၂,၉၇၁ ဦးရှိကြောင်း ဇွန် ၂၀ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

MDN

ကိုးကား - AFP