ခင်ဦး-မုံရွာ (၆၀)အစုန်လူစီးရထား မုံရွာမြို့တွင် လူစီးတွဲ (၃)တွဲ လမ်းချော်

မုံရွာ ၈ မေ 
    

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက် ခင်ဦးမြို့မှ မုံရွာမြို့သို့ ထွက်ခွာလာသော အမှတ် (၆၀) လူစီးအစုန်ရထားသည် မေ ၈ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် မုံရွာမြို့နယ် အလုံဘူတာနှင့် မုံရွာဘူတာကြား မိုင်တိုင်အမှတ်(၄၆၁/၁၄)နှင့် (၄၆၁/၁၅)ကြားအရောက်တွင် လမ်းချော်ခဲ့ကြောင်း သိရသည်။
    

 

“စက်ခေါင်းနောက်သုံးတွဲမြောက် လူစီးတွဲက လမ်းအရှေ့ဘက်ကို (၄၅)ဒီဂရီ တိမ်းစောင်းတယ်၊ အဲဒီနောက်က မုံရွာ-ပုဇွန်တောင် ကုန်တင်တွဲကတော့ လမ်းအရှေ့ဘက်ခြမ်းမှာ တုံးလုံးလဲသွားတယ်၊ အဲဒီနောက်က တွဲကတော့ဘီးအမှတ် (၃)နဲ့(၄)က အတွင်းပိုင်းနဲ့ (၅)နဲ့(၆)အပြင်ဘက်ကို ကွာကျမှုဖြစ်ခဲ့တယ်၊ ခရီးသည်/ ဝန်ထမ်းတွေတော့ ထိခိုက်မှုမရှိဘူး၊ အခုပြင်ဆင်မှုအပိုင်းကို မန္တလေးက ကရိန်းကိုလှမ်းခေါ်ထားတယ်၊ လမ်းပိုင်းကတော့ ခေတ္တပိတ်ထားတယ်”ဟု မုံရွာဘူတာ ရုံပိုင်ကြီးက ပြောသည်။
    

 

်ါ့်

 

မုံရွာမြို့နယ် အလုံ-မုံရွာ လမ်းပိုင်း အမြန်ပြန်လည်ကောင်းမွန်ရေးအတွက် မြန်မာ့မီးရထားဌာနမှ တိုင်းမန်နေဂျာ(သွားလာရေး) ရွာထောင်၊ စစ်ကိုင်းမြို့နှင့် တိုင်းအင်ဂျင်နီယာ(မြို့ပြ) ရွာထောင်၊ စစ်ကိုင်းမြို့တို့မှ ဦးစီးပြီး မုံရွာဘူတာမှ ရုံပိုင်ကြီးနှင့် ဝန်ထမ်းများမှ ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိကြောင်းနှင့် ၎င်းလမ်းပိုင်းတွင် လက်ရှိပြေးဆွဲနေသော မုံရွာမြို့နယ် အလုံ-ဗောဓိတစ်ထောင် ခရီးစဉ်အား မုံရွာဘူတာမှ ဗောဓိတစ်ထောင်ဘူတာအထိ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 


ဝင်းဦး(ဇေယျာတိုင်း)