ခွင့်တူညီမျှ ဝါဒဖြူစင် ဖက်ဒရယ်လစ်ဇင် စကားဝိုင်း(၃)

သတင်းအဖွဲ့

တိုင်းရင်းသားပေါင်းစုံစုစည်းနေထိုင်သည့် မြန်မာနိုင်ငံတွင် ပြည်ထောင်စုကြီးအဓွန့်ရှည်ရန်၊ တိုင်းရင်းသားများ စည်းလုံးချစ်ခင်စွာ အတူတကွနေထိုင်နိုင်ရန် ငြိမ်းချမ်းရေးသည် မရှိမဖြစ်လိုအပ်လှသလို ဖက်ဒရယ်စနစ်ကို ကျင့်သုံးနိုင်ရန်အတွက်လည်း ကြိုးပမ်းလျက်ရှိသည်။ ထို့ကြောင့် ပြည်ထောင်စုနေ့ဂုဏ်ပြုအထူးအစီအစဉ်အနေဖြင့် ခွင့်တူညီမျှ ဝါဒဖြူစင် ဖက်ဒရယ်လစ်ဇင်စကားဝိုင်းဆွေးနွေးပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ရိုက်ကူးထုတ်လွှင့်ခဲ့သည်။

အဆိုပါခွင့်တူညီမျှ ဝါဒဖြူစင် ဖက်ဒရယ်လစ်ဇင် စကားဝိုင်းဆွေးနွေးပွဲ (တတိယပိုင်း)တွင် ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံများ၏ သာဓကများနှင့်ပတ်သက်၍ ရန်ကုန်တက္ကသိုလ် သမိုင်းဌာန ပါမောက္ခ (အငြိမ်းစား) ဒေါက်တာကျော်ဝင်းနှင့် ခေတ်ရနံ့မဂ္ဂဇင်းတာဝန်ခံ အယ်ဒီတာ ပြည်သွေးနိုင်တို့က ဆွေးနွေးခဲ့ကြသည်။ ထိုသို့ဆွေးနွေးခဲ့ကြသည်များကို ဖော်ပြလိုက်ရပါသည်ပြည်သွေးနိုင် ။  

ဆရာကြီးခင်ဗျား။ အပိုင်း (၁)၊ (၂) တွေမှာတော့ဖက်ဒရယ်အကြောင်း၊ ဖက်ဒရယ်ရဲ့ အနှစ်သာရအကြောင်း၊ ဖက်ဒရယ်ရဲ့ အားသာချက်တွေကို ကျွန်တော်တို့ဆွေးနွေးခဲ့ကြပြီး ဖြစ်ပါတယ်။ ဒီကနေ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံများရဲ့ သာဓက ဆိုတဲ့အခါမှာ ကမ္ဘာပေါ်မှာ ဖက်ဒရယ်စနစ်ကျင့်သုံးနေတဲ့ နိုင်ငံတွေထဲမှာ ဘယ်နိုင်ငံတွေကိုများ ဆရာကြီးအနေနဲ့ စံပြုလောက်တယ်။ အတုယူလောက်တယ်ဆိုတာသာဓက ထုတ်ဖော်ပြီး ရှင်းပြပေးပါဦးခင်ဗျာ။

ဒေါက်တာကျော်ဝင်း ။ ။ ပထမဦးဆုံး ဖက်ဒရယ်နိုင်ငံတွေထဲမှာ အများကနေပြီး ပြည်ထောင်စုပုံစံစစ်တယ်၊ ပြည်ထောင်စုရဲ့ ထူးခြားတဲ့။ ထင်ရှားတဲ့လက္ခဏာတွေ အပြည့်စုံဆုံးပါတဲ့နိုင်ငံကိုပြပါ လို့ပြောရင် အမေရိကန်ပြည်ထောင်စုပါပဲ။ အမေရိကန်ပြည်ထောင်စုရဲ့ ဖက်ဒရယ်ဖြစ်လာပုံ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် စတာကတော့ ကွန်ဖက်ဒရေးရှင်းကနေ စခဲ့တာပါ။ အမေရိကန်မှာ အင်္ဂလိပ်ကိုလိုနီ လက်အောက်ကနေပြီး လွတ်လပ်ရေးရဖို့ ကြိုးပမ်းတဲ့ အခါမှာ ပြည်နယ် ၁၃ ခုရှိခဲ့ပါတယ်။ 

ဖက်ဒရယ်ပြည်ထောင်စု အဲဒီပြည်နယ် ၁၃ ခုက မိမိတို့အကျိုးတူကိစ္စရပ်တွေကို ပူးပေါင်းဆောင်ရွက်တဲ့အခါ ကွန်ဖက်ဒရေးရှင်း ကနေစခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကွန်ဖက်ဒရေးရှင်းဟာ အလုပ်မဖြစ်ဘူး၊ နိုင်ငံတော်ရေရှည်တည်တံ့ရေးအတွက် အလုပ်မဖြစ်ဘူးဆိုတာ သိတဲ့အတွက် တကယ့် ဖက်ဒရယ်ပြည်ထောင်စုကိုစပြီးတော့ တည်ထောင်ဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွေ ကိုလည်း ဆွဲခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ဖက်ဒရယ်ပုံစံကိုကြည့်မယ်ဆိုရင် အခြေခံဥပဒေ ၂ မျိုးရှိ တာကို တွေ့ရပါတယ်။ ဖက်ဒရယ်ဖွဲ့စည်းပုံနဲ့ ပြည်နယ်တွေရဲ့ ဖွဲ့စည်းပုံဆိုပြီး ရှိပါတယ်။

လွှတ်တော်မှာလည်း ဖက်ဒရယ်လွှတ်တော်ရှိသလို ပြည်နယ်လွှတ်တော်တွေ ရှိပါတယ်။ လွှတ်တော်မှာ လွှတ်တော်နှစ်ရပ်ထားတာ တွေ့ရတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ နိုင်ငံတော်သမ္မတရဲ့ အခန်းကဏ္ဍက အင်မတန်မှ ကြီးမားပါတယ်။ ဒါပေမယ့် နောက်ထူးခြားချက်တစ်ခုက ဘာရှိသလဲဆိုတော့ တရားရုံးတွေက ဗဟိုမှာလည်း ရှိတယ်။ ပြည်နယ်တွေမှာလည်းရှိတယ်။ ပြည်နယ်တွေမှာလည်း ပြည်နယ်တရားရုံးတွေ ရှိတယ်။ 

သူတို့ရဲ့ ပြည်နယ်အလိုက်ပေးထားတဲ့ အခွင့်အရေးတွေမှာလည်း ပြည်နယ်တစ်ခုနဲ့တစ်ခု ကွဲပြားခြားနားတာ တွေရှိတယ်။ အာဏာခွဲဝေတဲ့ အချက်အလက်တွေမှာရော၊ ပြီးတဲ့အခါမှာ ဖက်ဒရယ်တရားရုံးကနေပြီး အငြင်းပွားနေတဲ့ ကိစ္စတွေကို ဖြေရှင်းတဲ့နေရာမှာ အမေရိကန်ပြည်ထောင်စုရဲ့ ပုံစံသည် ဖက်ဒရယ်ရဲ့ အင်္ဂါရပ်တွေ အကုန်လုံးပြည့်စုံတဲ့အတွက် ကျန်တဲ့ကမ္ဘာ့နိုင်ငံတွေက ဖက်ဒရယ်ပုံစံ အတိကျဆုံးနိုင်ငံသည် အမေရိကန်ပြည်ထောင်စုကိုပဲ အတုယူသင့်တယ်လို့ ပြောကြတာဖြစ်ပါတယ်။ 

ပြည်သွေးနိုင် ။ ။ သူတို့ဆီမှာဆရာကြီးပြောသွားသလိုဆိုရင်လွှတ်တော်တွေလည်း နှစ်ရပ်စီ ရှိတယ်။ ဖက်ဒရယ်လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် ဆိုတာလည်း ရှိတယ်။ နောက်ပြီး သမ္မတရဲ့ လုပ်ပိုင်ခွင့်က အတော်ကြီး ကြီးမားတယ်ဆိုတာ တွေ့ရတယ်။ အဲဒီတော့ တရားရေးဌာနတွေရဲ့ အကြောင်းတွေကိုရော ရှေ့ပိုင်းမှာ ဆရာကြီးပြောသွားတဲ့အထဲမှာ ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရတွေ ပဋိညာဉ်ထားတယ်။ အဲဒီအခါမှာ အငြင်းပွားမှုတွေပေါ်ပေါက်ခဲ့ရင် အရေးကြီးတာက အမြင့်ဆုံးဖြစ်တဲ့ တရားလွှတ်တော်ချုပ်တရားရုံးဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီတော့ အမေရိကန်ပြည်ထောင်စုကို စံပြုပြီးတော့ ဆရာကြီးက ရှင်းပြတဲ့အခါမှာ အမေရိကန်ပြည်ထောင်စုရဲ့ တရားရေးဌာနက ဘယ်လိုကျင့်သုံးသလဲ ဆိုတာကိုလည်း ဆက်ပြီးတော့ ပြောပြပေးပါဦးခင်ဗျား။

ဒေါက်တာကျော်ဝင်း။ ။ အမေရိကန်ပြည်ထောင်စုမှာ တရားရုံးစနစ်ကို ကြည့်မယ်ဆိုရင် ဖက်ဒရယ်တရားရုံးကတော့ အမြင့်ဆုံးဖြစ်ပါတယ်။ ကျန်တဲ့ပြည်နယ်တွေမှာလည်း သူ့တရားရုံးနဲ့သူ ရှိပါတယ်။ တချို့သော အကြောင်းကိစ္စတွေရှိတယ်။ ဥပမာ- လက်ထပ် ထိမ်းမြားခြင်းတို့၊ ကိုယ်ဝန်ဖျက်ချခြင်းတို့ အဲဒါမျိုးတွေ ကျတော့ ပြည်နယ်တစ်ခုနဲ့တစ်ခု တရားရုံးတွေက ဆုံးဖြတ်တာချင်း မတူကြပါဘူး။

ပြည်နယ်တွေနဲ့ ဗဟိုအစိုးရကြားထဲမှာ တရားရေး ကိစ္စတွေနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေဖြစ်လာရင် အဓိကဆုံးဖြတ်ချက်ချတာက ဖက်ဒရယ်တရားရုံးကနေ ဆုံးဖြတ်ချက်ချပါတယ်။ အဲဒါကြောင့် သူက တရားရေး မှာတော့ အမြင့်ဆုံးအာဏာပိုင်ဖြစ်ပါတယ်။ အဲဒါတွေက သူများနိုင်ငံနဲ့ မတူပါဘူး။ တရားရေးဌာနကလည်း တကယ့်ကို တိကျမှန်ကန်ပြီး၊ တကယ့်ကိုဖြောင့်မှန်ပြီး ဘက်လိုက်မှုမရှိတဲ့ တရားစီရင်ရေးစနစ်ကို ကျင့်သုံးခြင်း သည် အမေရိကန်ပြည်ထောင်စုရဲ့ တရားစီရင်ရေးစနစ်ဟာ အင်မတန်မှအတုယူစရာကောင်းတယ်လို့ မြင်ပါတယ်။ 

ပြည်သွေးနိုင် ။ ဆရာကြီး ပြောသွားသလိုဆိုရင် ပြည်နယ်တွေမှာလည်း သူ့ရဲ့ကိုယ်ပိုင် တရားရေးစနစ်တွေရှိတယ်။ ကိုယ်ပိုင်လုပ်ထုံးလုပ်နည်း တွေရှိတဲ့အတွက် ပြည်နယ်တစ်ခုနဲ့တစ်ခု မတူညီကြဘူး။ ဆရာကြီးပြောသွားတဲ့ လက်ထပ်ထိမ်းမြားခွင့်နဲ့ပတ်သက်တာ၊ ကိုယ်ဝန်ဖျက်ချခွင့်နဲ့ပတ်သက်တာ၊ နောက်တစ်ခုက ဆေးခြောက်လို၊ ကိုကင်းလိုတွေ သုံးစွဲခွင့်နဲ့ပတ်သက်တာ တွေမှာလည်း ဆုံးဖြတ်ချက်ချတဲ့ တရားဥပဒေတွေဟာ ပြည်နယ်တစ်ခုနဲ့တစ်ခု မတူဘူးဆိုတာ ဆရာကြီးရှင်းပြ သွားတာကိုကျွန်တော်တို့မှတ်သားရပါတယ်။ ဆက်ပြီးတော့ အမေရိကန်ပြည်ထောင်စုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တစ်တွေအမြဲကြားနေရတဲ့ ကွန်ဂရက်၊ ဆီးနိတ်နဲ့ House of Representative တို့ အဲဒီအကြောင်းတွေကိုလည်း ဆက်ပြီး ရှင်းပြပေးပါဦးခင်ဗျာ။

ဒေါက်တာကျော်ဝင်း ။ ။ အမေရိကန်ပြည်ထောင်စုရဲ့ လွှတ်တော်မှာ ကြည့်မယ် ဆိုရင်တော့ ခုနပြောတဲ့ဆီးနိတ်နဲ့ House of Representative အဲဒီနှစ်ခုရှိတယ်။ သူ့မှာ ထူးခြားချက်က ကျန်တဲ့နိုင်ငံတွေမှာက ပြည်သူ့လွှတ်တော်နဲ့လူမျိုးစုလွှတ်တော်ဆိုပြီး ထားပါတယ်။ မြန်မာနိုင်ငံမှာလည်း ၁၉၄၇ ခုနှစ် အခြေခံ ဥပဒေမှာတုန်းက လူမျိုးစုလွှတ်တော်ဆိုတာထားတယ်။ ထားတဲ့အခါမှာ Equal to Representative ပုံစံမျိုးမဟုတ်ဘူး။ အခုတော့ အမျိုးသားလွှတ်တော်ခေါ်မှာပေါ့။ မြန်မာနိုင်ငံမှာ ၁၉၄၇ ခုနှစ် အခြေခံဥပဒေမှာ ကျင့်သုံးတဲ့အထဲမှာ ကြည့်ရင်တော့ လူမျိုးစုရဲ့ ဦးရေအလိုက် လွှတ်တော် တက်ခွင့်ပေးတယ်။

ထူးခြားချက်တွေရှိ အမေရိကန်မှာတော့ ပြည်နယ်တိုင်း ပြည်နယ်တိုင်းက တူညီတဲ့အချိုးအစားနဲ့ပဲ လွှတ်တော်ကို တက်ရောက်ခွင့် ပေးထားတယ်။ ပြည်နယ်ကြီးတာ၊ သေးတာမကြည့်ဘူး။ နှစ်ယောက်ဆိုနှစ်ယောက်ပဲ။ အကုန်တစ်ပြေးညီပဲ။ နောက်ပိုင်းမှာ ကျွန်တော်တို့မြန်မာနိုင်ငံမှာ တောင်းဆိုလာတာက လူဦးရေအလိုက်မလုပ်ဘဲနဲ့ Equal to Representative ပေါ့။ တူညီတဲ့ အချိုးအစားအတိုင်းပဲ တက်ခွင့်ပေးပါ။ အဲဒီတော့ အမေရိကန်ရဲ့ လွှတ်တော်က အဲသလို ထူးခြားချက်တွေရှိတာ တွေ့ရပါတယ်။ 

ပြည်သွေးနိုင် ။ ။ ဆရာကြီးကတော့ ခေတ်သစ်ဖက်ဒရယ်စနစ်နဲ့ ပတ်သက်ရင် စံထားရတဲ့ အမေရိကန်ပြည်ထောင်စုအကြောင်းကို ရှင်းပြသွားပါတယ်။ ဆက်လက်ပြီးတော့ နောက်နိုင်ငံတစ်နိုင်ငံ အနေနဲ့ ဥပမာပေးပါဆိုရင် ဘယ်နိုင်ငံကိုများ ဥပမာပေးပြီး ပြောချင်ပါသလဲခင်ဗျာ။ 

ဒေါက်တာကျော်ဝင်း။ ။ ကျွန်တော်ဆွစ်ဇာလန်နိုင်ငံကိုပြောချင်ပါတယ်။ ဆွစ်ဇာလန် နိုင်ငံကလည်း တကယ်တော့အစကတော့ ကွန်ဖက်ဒရေး ရှင်းနဲ့စတာပဲ။ အဲဒီကနေ ၁၈၄၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဖက်ဒရယ်ကို ပြောင်းသွားတာ။ ဘာကြောင့် ဖက်ဒရယ်စနစ်ကို ပြောင်းရတာလဲဆိုတော့ သူ့မှာ ပြည်ပ အန္တရာယ်တွေရှိတယ်။

ပြည်ပအန္တရာယ်တွေ ကာကွယ်ဖို့ ပြည်ပအန္တရာယ်တွေက ကာကွယ်ဖို့နဲ့ သူတို့မှာရှိတဲ့ ပြည်ထောင်စုဖွဲ့မယ်ဆိုတဲ့အခါမှာ ဆွစ်ဇာလန်နိုင်ငံသားတွေက ဆုံးဖြတ်ခဲ့တာပါတယ်။ ဆွစ်ဇာလန်နိုင်ငံက ပြည်ထောင်စုဖွဲ့တဲ့အခါ အခက်အခဲကြီး ၃ မျိုးရှိပါတယ်။ နံပါတ်တစ်က ဘာသာစကားအခက်အခဲပါ။ နောက် တစ်ခုက လူမျိုးကွဲပြားမှု၊ နောက်ပြီး နိုင်ငံရေးအရ ကွဲပြားမှုတွေရှိတယ်။

အဲဒီလို အခက်အခဲ ၃ ရပ်ကို ကျော်လွှားပြီးတဲ့အခါမှာ ပြည်ထောင်စုကြီးကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။ သူ့မှာလည်း Separation of Power အာဏာခွဲဝေမှုမှာ ဆွစ်ဇာလန်မှာကျတော့ ပြည်နယ်တွေကို Canton လို့ ခေါ်တယ်။ အဲဒီပြည်နယ်တွေကို ဘယ်လိုအာဏာမျိုးတွေ ပေးမယ်။ ဗဟိုအစိုးရက ဘယ်လိုအာဏာတွေ ခွဲဝေ ပေးမယ်ဆိုတာကို အတိအကျပြဋ္ဌာန်းထားတာရှိပါတယ်။ အဲဒီတော့ ဆွစ်ဇာလန်က အမေရိကန်ပြည်ထောင်စုနဲ့ ကွဲပြားခြားနားတာတွေလည်း ရှိတယ်။ သူက တကယ့်ကို ပြည်ထောင်စုစစ်စစ်တော့ မဟုတ်ဘူး။ တစ်ပြည်ထောင် နည်းနည်းဆန်တဲ့ဘက်ကို ယိုင်တယ်။

တချို့ဟာတွေလည်းဟန်ပြုပြည်ထောင်စုပဲ၊ ဘာဖြစ်လို့လဲဆိုတော့ တချို့နေရာတွေမှာ ပြည်နယ်တွေ ပေးထား တဲ့ အခွင့်အာဏာတွေကို ဗဟိုအစိုးရက ပယ်ဖျက်လို့ရတဲ့ အခွင့်အရေးယူထားတယ်။ အဲဒါကြောင့် ဆွစ်ဇာလန်နိုင်ငံ ရဲ့ ဖွဲ့စည်းပုံဟာလည်း ထူးခြားတဲ့ဖွဲ့စည်းပုံလို့ပြောနိုင်ပါတယ်။ ဘာလို့ဆိုတော့ အထက်မှာ ကျွန်တော်ပြောသလို ပြည်ထောင်စုစစ်စစ်နိုင်ငံများနဲ့ ပြည်ထောင်စုယောင်ယောင် နိုင်ငံများအမျိုးအစားထဲမှာ ကြည့်မယ်ဆိုရင် ဆွစ်ဇာလန်က တစ်ခုအပါအဝင် ဖြစ်ပါတယ်။

ပြည်သွေးနိုင် ။ ။ ဒါဆိုရင် ဆွစ်ဇာလန်ကလည်း ပထမကွန်ဖက်ဒရေးရှင်းကနေ ဖက်ဒရယ်ကို ပြောင်းလဲလာတယ်။ ထူးခြားတာက သူ့ဆီမှာ ဖက်ဒရယ်လွှတ်တော်မှာကိုက ပြင်သစ်တို့၊ ဂျာမနီတို့ ဘာသာစကားကိုသုံးပြီး ပြောတယ်ဆိုတာလည်း ဆရာ ကြီးရဲ့ စာအုပ်တွေထဲမှာ ရေးသားထားတာကို မှတ်သား ရပါတယ်။ ။

နောက်တစ်ခု စောစောပိုင်းကတော့ Hybrid Federalism ကို ဆရာကြီးပြောပါတယ်။ ခုနဆရာကြီး ပြောသွားတဲ့အထဲမှာ Quasi- Federalism ကိုပြောပါတယ်။ Quasi- Federalism နဲ့ပတ်သက်ပြီး သတ်မှတ်ကြ တာကတော့ ကနေဒါကိုရည်ညွှန်းပြီး ပြောလေ့ရှိပါတယ်။ အဲဒီတော့ ကနေဒါအကြောင်းလည်း ဆရာကြီးနည်းနည်းလေး ပြောပြပေးပါဦး။

ဒေါက်တာကျော်ဝင်း။ ။ ကနေဒါရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုကြည့်ရင် သူကတော့ အင်္ဂလိပ်ရဲ့ အမွေကိုဆက်ခံထားတာပေါ့နော်။ Commonwealth ထဲမှာ ပါတာပေါ့။ သူ့ရဲ့ အခြေခံဥပဒေ ပုံစံကိုကြည့်ရင် အင်္ဂလန်ဘက်နည်းနည်းယိုင်တာကို တွေ့ရတယ်။ သူက အမေရိကန်ပြည်ထောင်စုရဲ့ အခြေခံဥပဒေနဲ့ ပြောင်းပြန်ဖြစ်တယ်။ အမေရိကန်ပြည်ထောင်စုမှာက သီးသန့်ထားတဲ့၊ ကန့်သတ်ထားတဲ့အာဏာတွေကို  ဗဟိုအစိုးရက ယူထားတယ်။ ကျန်တာတွေကို ပြည်နယ်တွေကို ပေးရတယ်။

ဒီမှာကျတော့ ပြောင်းပြန်ဖြစ်တယ်။ အရေးကြီးတဲ့ ဘာသာရပ်တွေကို ပြည်နယ်တွေကိုပေးထားပြီးတော့  ကျန်တဲ့ဘာသာတွေကို ဗဟိုအစိုးရကိုပေးရတယ်။ အဲဒီတော့ အမေရိကန်နဲ့ ပြောင်းပြန်ဖြစ်နေတယ်။ နောက် တစ်ခုက ကနေဒါရဲ့ ပုံစံကိုကြည့်မယ်ဆိုရင် အဲဒီအထဲမှာ အမေရိကန်ပြည်ထောင်စုမှာ ပြည်နယ်ရဲ့ အကြီးအကဲကို Governor လို့ခေါ်တယ်။

ဒီမှာတော့ Lieutenant Governor လို့ခေါ်တယ်။ အဲဒါအင်္ဂလိပ်ပုံစံယူထားတာပဲ။ အဲဒီပုဂ္ဂိုလ်က သူ့ပြည်နယ် ထဲမှာရှိတဲ့ ဥပဒေတွေကို သူမလိုလားဘူးဆိုရင် ပယ်ဖျက်ပိုင်ခွင့်ရှိတယ်။ ဖက်ဒရယ်လို့ပြောပေမယ့်တစ်ပြည်ထောင် ဘက်ကိုယိမ်းတယ်။ အဲဒါကြောင့် ဖက်ဒရယ်အစစ်မဟုတ် ဘူးလို့ တချို့ကလည်း ပြောကြပါတယ်။ 

ပြည်သွေးနိုင်။ ။ နောက်တစ်ခုက ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတွေမှာ ဖက်ဒရယ်စနစ် ကျင့်သုံးတဲ့ နိုင်ငံတွေအကြောင်းကိုပြောရင် ဂျာမနီကိုလည်း လေ့လာစရာ၊ အတုယူစရာဆိုပြီး ပြောကြပါတယ်။ ဂျာမနီရဲ့ ထူးခြားချက်တွေက ဘာများရှိပါသလဲ ခင်ဗျာ။ 

ဒေါက်တာကျော်ဝင်း။ ။ ဂျာမနီရဲ့ အခြေခံဥပဒေထဲမှာကြည့်တဲ့အခါ ပြည်ထောင်စု၊ ပြည်နယ်၊ Federal state ပေါ့။ နောက်တစ်ခါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်၊ ဒေသန္တရအစိုးရ၊ Autonomous state ဖြစ်ပါတယ်။ Federal State၊ Autonomous State နဲ့ Local state အဲသလိုသုံးမျိုးခွဲထားတယ်။ အာဏာခွဲတဲ့ အခါမှာလည်း ပိုင်းခြားထားတာတွေလည်း ရှိတယ်။ ဗဟိုအစိုးရကနေပြီး ပြည်နယ်တွေမှာ ဥပဒေပြုခွင့်ပေး မထားဘူး။

ဗဟိုအစိုးရက ကိုင်လိုက်တယ်။ ပြည်နယ်တွေက ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေဟာ ဆုံးရှုံးသွားတယ်လို့ တချို့တွေကတော့ မြင်ပါတယ်။ အဲဒါကြောင့် ဂျာမနီနိုင်ငံ ဟာ ဖက်ဒရယ်ဖြစ်လာတယ်ဆိုတာ အမေရိကန်နိုင်ငံက အကြံပြုလို့ဖြစ်တာ။ အရင်တုန်းက အရှေ့ဂျာမနီ၊ အနောက် ဂျာမနီဆိုပြီး နှစ်ခြမ်းကွဲနေတယ်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားတဲ့အခါမှာ အမေရိကန်နဲ့ မဟာမိတ်တွေက အနောက်ဂျာမနီကို သိမ်းထားတော့ အခြေခံဥပဒေကိုဆွဲတဲ့အခါမှာ အရင်တုန်းကရှိခဲ့တဲ့ အာဏာရှင်စနစ်နဲ့ ဆိုဗီယက်ရဲ့ အန္တရာယ်ကို ထိန်းသိမ်းတဲ့၊ ကာကွယ်တဲ့အနေနဲ့ ခုနက ဖက်ဒရယ်စနစ်ကိုလုပ်ရင် ကောင်းမယ်လို့ အမေရိကန် ပြည်ထောင်စုက အကြံပေးတဲ့အတွက်ကြောင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးတာဖြစ်ပါတယ်။ 

ပြည်နယ်တွေမှာ လုပ်ပိုင်ခွင့်ပေးထားကျင့်သုံးတဲ့အခါ ထူးခြားချက်ရှိနေတာက အဓိက အကြီးအကဲက Chancellor လို့ခေါ်တာပေါ့။ အဲဒီchancellor ကနေပြီးတော့ ပြည်နယ်တွေမှာရှိတဲ့ အခွင့်အာဏာတွေကို သူမလိုလားဘူးဆိုရင် ပယ်ဖျက်လို့မရဘူး။ ဆိုလိုတဲ့သဘောက ပြည်နယ်တွေမှာ လုပ်ပိုင်ခွင့်ပေးထားတယ်။ လုပ်ပိုင်ခွင့် ပေးထားတာကို ဗဟိုအစိုးရကနေ စွက်ဖက်လို့မရဘူးဆိုတဲ့ သဘောကတော့ ထူးခြားချက်ဖြစ်တယ်လို့ ကျွန်တော် မြင်ပါတယ်။

ပြည်သွေးနိုင် ။ ။ အဲဒါဆိုရင် Chancellor ကနေပြီးတော့ ပြည်နယ်အစိုးရတွေရဲ့ လုပ်ပိုင်ခွင့်တွေနဲ့ ပတ်သက်ရင် ရုပ်သိမ်းတာတို့၊ စွက်ဖက်တာတို့ လုပ်လို့မရတဲ့ ထူးခြားချက်တွေရှိတယ်လို့ သိခွင့် ရတာပေါ့။ ကျေးဇူးပါဆရာကြီး။ အမေရိကန်၊ ဆွစ်ဇာလန်၊ ကနေဒါနဲ့ ဂျာမနီကိုဆရာကြီးဥပမာပေးပြီး၊ သာဓကပေးပြီး ဖက်ဒရယ်စနစ်နဲ့ပတ်သက်တဲ့ ထူးခြားချက်တွေကို တင်ပြသွားတာတွေ့ရပါတယ်။ ဆရာကြီးအခုလိုကျွန်တော်တို့ကို ရှင်းလင်းတင်ပြသွားတဲ့အထဲမှာ ထူးခြားချက်ကလေးတစ်ခု သွားတွေ့ပါတယ်။ ဆရာကြီးစံပြထားတဲ့ အမေရိကန် ပြည်ထောင်စုရော၊ ဆွစ်ဇာလန်ရောမှာ ဘာထူးခြားတာ တွေ့လဲဆိုတော့ ဖက်ဒရယ်ပြည်ထောင်စု မဖြစ်ခင်မှာ နှစ်နိုင်ငံစလုံးက ကွန်ဖက်ဒရေးရှင်းတွေ၊ အမေရိကန်ရော ဆွစ်ဇာလန်ရော ကွန်ဖက်ဒရေးရှင်းတွေ ဖြစ်ပါတယ်။ ဘာကြောင့် ကွန်ဖက်ဒရေးရှင်းက ဖက်ဒရယ်ကိုပြောင်းသွားရတာလဲ။ ကျွန်တော်သိချင်တာက ကျွန်တော် တို့ဆီမှာလည်း ပထမဖက်ဒရယ် နောက်ပိုင်းမှာလည်း ကွန်ဖက်ဒရေးရှင်းဆိုတဲ့ အသံတွေကိုကြားလာရတဲ့ အခါကျတော့ ကွန်ဖက်ဒရေးရှင်းရဲ့ အားနည်းချက်က ဘာဖြစ်ပါသလဲ ဆရာ။ 

ဒေါက်တာကျော်ဝင်း။ ။ ကွန်ဖက်ဒရေးရှင်းရဲ့ အားနည်းချက်က ပြိုကွဲလွယ်တယ်။

တကယ်တင်းကျပ်တဲ့ အခြေခံဥပဒေကြီးနဲ့ ဖက်ဒရယ်စစ်တဲ့နိုင်ငံတွေမှာလို ပေါင်းထားတာ မဟုတ်ဘူး။  ဟိုတုန်းက အမေရိကန်ပြည်ထောင်စုက ကွန်ဖက်ဒရေး ရှင်းလုပ်တယ်ဆိုတာက အချို့နယ်တွေက တစ်နယ်နဲ့ တစ်နယ်လည်းဝေးတယ်။ နောက်ပြီးခုနပြောတဲ့လုံခြုံရေး အနေအထားတွေလည်း ရှိတယ်။ အကျိုးစီးပွားကာကွယ် ရမှာတွေလည်း ရှိတဲ့အတွက် ယာယီအနေနဲ့ မဟာမိတ် အဖွဲ့ကို ဖွဲ့ထားတယ်။ အဲဒါမျိုးက ရေရှည်မခံပါဘူး။ အဲဒါမျိုးက ပြည်ထောင်စုကြီးတည်မြဲရေးအတွက် အာမခံချက်မရှိဘူး။ ဒါကြောင့် ပြိုကွဲလွယ်တဲ့အတွက် ကြောင့် အဲဒီကွန်ဖက်ဒရေးရှင်းက ဖက်ဒရေးရှင်းကို ပြောင်းရတာ ဖြစ်ပါတယ်။ ဂျာမနီလည်း ဒီအတိုင်းပါပဲ။ 

ပြည်သွေးနိုင် ။ ။ ကျေးဇူးပါဆရာကြီး။ ကျွန်တော်တို့ ဒီနေ့ခွင့်တူညီမျှ ဝါဒဖြူစင် ဖက်ဒရယ်လစ်ဇင်အပိုင်းသုံးကို ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံများ၏သာဓကများဆိုတဲ့ ခေါင်းစဉ်နဲ့ဆွေးနွေးခဲ့ကြ တာ ဖြစ်ပါတယ်။ ဦးဆောင်ဆွေးနွေးပေးတဲ့ ဆရာကြီး ဒေါက်တာကျော်ဝင်းကတော့ သာဓကပေးစံပြုထိုက်တဲ့ နိုင်ငံတွေအဖြစ် အမေရိကန်ပြည်ထောင်စု၊ ဆွစ်ဇာလန်၊ ကနေဒါနဲ့ ဂျာမနီနိုင်ငံတွေကို ဥပမာပေးပြီး ရှင်းလင်း တင်ပြသွားပါတယ်ခင်ဗျာ။ ။