ချင်းတိုင်းရင်းသားလူမျိုးများနှင့် ရိုးရာဝတ်စားဆင်ယင်မှု

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အနောက်ဘက်ရှိအိန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံတို့နှင့် အစပ်ဖြစ်သော ချင်း ပြည်နယ်သည် ဝိသေသတိုင်းတစ်ခုအဖြစ် ဖွဲ့စည်းနေထိုင်၍စစ်မှုထမ်းရာတွင် အမည်နာမကျော်ကြားကြသော ချင်းတိုင်းရင်းသားလူမျိုးများနေထိုင်ကြသည့် ဒေသလည်းဖြစ်ပေသည်။ ချင်းလူမျိုးတို့မှာ တိဗက်-မြန်မာအစုဝင် ဘာသာစကားကို ပြောဆိုကြသည့် တိုင်းရင်းသားများပင် ဖြစ်ကြသည်။ ပုဂံခေတ် ရှေးဟောင်း ကျောက်စာ များတွင်အနောက်ဘက်ဒေသ တောင်တန်းများပေါ်၌ နေထိုင်ကြသူတို့ကို (ချင်)ဟု ရေးထိုးခဲ့ ကြသည်။ ဧရာဝတီမြစ်၏အကြီးဆုံးလက်တက်ဖြစ်သောမြစ်ကို ထိုခေတ်က ချင်တွင်သို့မဟုတ် ခ္လတွင်ဟု ရေးထိုးခဲ့ ကြသည်။ ပုဂံခေတ်ကျောက်စာများအရ ထိုမြစ်တစ်လျှောက် မြောက်ဘက်အကျဆုံးဟု သိရသော ဒေသတို့မှာ ကြံတူ (အနိမ့်အမြင့်)ပင်က္လီ ၁၀ တိုက်တို့ဖြစ်သည့် ထိုဒေသ၏မြောက်ဘက်သို့ ထိုခေတ်က မြန်မာတို့ မရောက်ရှိသေးဟု ယူဆရပေသည်။

 

မြန်မာနိုင်ငံအနောက်မြောက်ဘက် စုံမရတောင်တန်းဒေသ၊ နာဂတောင်နှင့် မဏိပူရပြည်နယ်တို့မှ တောင်ဘက် မော်တင်စွန်းရောက်လုနီး ဒေသစပ်ကြားနှင့် အရှေ့ဘက်ချင်းတွင်းမြစ်၏ လက်တက်ဖြစ်သော မြစ်သာမြစ်နှင့် အနောက်ဘက် ဘင်္ဂလားပင်လယ်အော်ရောက်လုနီးဒေသစပ်ကြား တောင်မြင့်တောင်ကုန်း၊ လျှိုမြောင်တို့သည် ချင်းလူမျိုးတို့နေထိုင်ရာ အချက်အချာဒေသများ ဖြစ်ပေသည်။ယခုအခါတွင်မူ မြန်မာနိုင်ငံရှိ မည်သည့် နေရာ ဒေသတွင်မဆို အလုပ်တာဝန်များ၊ စီးပွားရေးလုပ်ငန်းများ၊ ပညာရေးအရ နေထိုင်ကြသည်ကို တွေ့ရှိနိုင် ပေသည်။ချင်းလူမျိုးများနေထိုင်ရာ မြောက်ဘက်အစွန်ဆုံးဒေသ၌ ပေ ၁၂၅၀ဝ မြင့်သော စာရာမေတိ တောင်ရှိရာစုံမရတောင်တန်းဒေသဖြစ်သည်။ ၄င်း၏အနောက်တောင်ဘက် မဏိပူရမြေပြန့်မှာ ကသည်း ခေါ် မေထေးချင်းလူမျိုးတစ်မျိုး၏ ဒေသဖြစ်ပေသည်။ ထိုဒေသ၏ တောင်ဘက်၌ တီးတိန်၊ ဖလမ်းနှင့် ဟားခါး နယ်များရှိပေသည်။၄င်း၏တောင်ဘက်၌ ပေ ၁၀၄၀ဝ မြင့်သော ဝိတိုရိယတောင်တစ်ဝိုက်ဖြစ်သည့် ပခုက္ကူ တောင်တန်းဒေသ(ကန်ပက်လက်)ရှိသည်။

 

 အနောက်ဘက်၌ မြောက်ပိုင်းရခိုင်တောင်တန်းဒေသ(ပလက်ဝ)နှင့် ကုလားတန်မြစ်ဝှမ်း၏ မြောက်ဘက် ဒေသတို့ရှိကြသည်။ ထိုဒေသများ၌ ချင်းလူမျိုးတို့ကို တွေ့နေရသေးသည်။ ထို့ပြင် ရခိုင်ရိုးမတောင်၏ တောင်ဘက်ပိုင်း တစ်လျှောက်နှင့် အရှေ့ဘက်မင်းဘူး၊သရက်မြို့၊ ပြည်ခရိုင်တို့တွင် တွေ့ရှိရပေသေးသည်။ ပဲခူးရိုးမတောင်စွယ် တို့၌ပင် ချင်းရွာအချို့ကို တွေ့နေရသေးသည်။ လွန်ခဲ့သောနှစ်ပေါင်း ၅၀ အတွင်းခန့်တွင် ချင်းလူမျိုးအများပင် အရှေ့ဘက် ဧရာဝတီမြစ်ဝှမ်း မြေပြန့်ဒေသသို့လည်းကောင်း၊ ရခိုင်ပြည်နယ်ဒေသများသို့ လည်းကောင်း ပျံ့နှံ့နေထိုင်လာကြသည်ကို တွေ့ရပေသည်။

 

ချင်းလူမျိုးတို့ပြောဆိုသော ဘာသာစကားများကိုလိုက်၍ကသည်းခေါ် မေထေးအမျိုးနှင့် ချင်းရိုးရိုးဟု အမျိုးခွဲ ခြားသတ်မှတ်ထားကြသည်။ ချင်းအမျိုးကို ရှေးကုကီ၊မြောက်ပိုင်းချင်း၊ အလယ်ပိုင်းချင်း(လူရှေနှင့် လခါတို့ ပါဝင်)နှင့် တောင်ပိုင်းချင်းဟု ခွဲခြားကြသည်။ ပြောဆိုသောဘာသာစကားတို့မှာ ဘာသာတူ အသံကွဲ စကားမျိုးသာပါဝင်သည်သာမက အခြေခံ၌သာတူ၍ သီးခြားဘာသာစကားများ ကွဲပြားနေသည် လည်းရှိပေ သည်။ ထို့ကြောင့်ချင်းဘာသာစကား ၄၄ မျိုးခန့် ကွဲပြားနေပေသည်။

 

တောင်ပိုင်းချင်းအချို့တို့သည် များသောအားဖြင့်မျက်နှာတွင် ပယဲထိုးကြသည်။ ထိုးသည့်ပုံစံမှာ လူမျိုးစုကို လိုက်၍ ကွဲပြားကြသည်။ အသက် ခုနစ်နှစ်၊ ရှစ်နှစ်ခန့်မှစ၍ နှစ်စဉ်နှစ်တိုင်း မျက်နှာပြည့်သည့်တိုင်အောင်ထိုး ကြပေသည်။ ပယဲထိုးရသည့်အကြောင်းမှာ အခြားလူမျိုးက ဖမ်းဆီးသွားသော် လွယ်ကူစွာရှာဖွေရန် အတွက် ဖြစ်သည်ဟု ဆိုကြပေသည်။ ယခုအခါတွင်တော့ အသက်ကြီးပိုင်း အမျိုးသမီးများတွင်သာ တွေ့နိုင် ပေသည်။ ၄င်းတို့သည် ဗုဒ္ဓအယူဝါဒကို အများအားဖြင့် သက်ဝင်ယုံကြည်ကြ သည်။ ချင်းတောင် ၏အရှေ့ဘက် တောင်ခြေရင်းတွင်များစွာမြန်မာဆန်လှသော တောင်သားလူမျိုးများ နေထိုင်ကြသည်ကို လေ့လာတွေ့ ရှိရပေ သည်။ ယခင်အချိန်ကတောင်သားလူမျိုးများသည် ပုပ္ပားတောင်ပတ်ဝန်းကျင်တွင် နေထိုင်ခဲ့ကြကြောင်း လေ့လာသိရှိရပေသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသအတွင်းရှိ တောင်ဘက်အကျဆုံး ချင်းတို့မှာ ရှို သို့မဟုတ် အရှိုချင်းများ ဖြစ်သည်။

 

ရခိုင်ပြည်နယ်ရှိ ချင်းလူမျိုးတို့တွင် လူဦးရေအများဆုံးမှာ ခမွီ သို့မဟုတ် ခမွေလူမျိုးများဖြစ်ကြသည်။ ရခိုင် တောင်တန်းဒေသ၊ စစ်တကောင်းခရိုင်တောင်ကုန်းဒေသတို့တွင် တွေ့ရသည်။ အခြားချင်းအမျိုးများမှာ ရခိုင်တောင်တန်းဒေသရှိ တောင်ဆို၊ စစ်တွေခရိုင်ရှိ ကောကဒန်၊ကျောက်ဖြူခရိုင်တွင် အများဆုံးတွေ့ရသော လဲဒူ၊ စစ်တု၊မတုနှင့် ချောင်းကြီးချင်းတို့အပြင် ကျောက်ဖြူနယ်အတွင်းတွင် အနည်းအကျဉ်းသာ နေထိုင် သည်ကိုတွေ့ရသောစိုင်ဘောင်ချင်းတို့ ဖြစ်ကြသည်။ အထူးသဖြင့် တီးတိန်မှချင်းတို့သည် ကုန်းဘောင်ခေတ် မြန်မာဘုရင်များလက်ထက်စော်ဘွားနယ်အဖြစ်ဖွဲ့စည်းထား၍ ခေါင်းဆောင်တို့မှာ စော်ဘွားအဖြစ် ချီးမြှင့်ခြင်း ခံခဲ့ရသော လူမျိုးများဖြစ်ပေသည်။ အထက်မြန်မာပြည်ကို ဗြိတိသျှတို့သိမ်းပိုက်ပြီးနောက် ချင်းတောင်တွင် အုပ်ချုပ်မှုအခြေစိုက်ရန်ကြိုးစားရာတွင်၁၈၈၈ ခုနှစ်မှ ၁၈၉၆ ခုနှစ်ထိ ဗြိတိသျှတို့ ကိုခုခံတိုက်ခိုက်ခဲ့ကြသည်။ အခြေစိုက်အုပ်ချုပ်မိသည်တိုင်အောင် ၁၉၁၇-၁၉၁၈ ခုနှစ်တွင်ဟားခါးနှင့် ကုကီချင်းတို့က နှစ်နှစ်ကြာမျှ တော်လှန်တိုက်ခိုက်ခဲ့ကြပေသည်။

 

ပထမကမ္ဘာစစ်အတွင်း ၁၉၁၇ ခုနှစ်နယ်ချဲ့ဗြိတိသျှတို့အုပ်စိုးစဉ်ကာလက ချင်းပြည်နယ် ဖလမ်းမြို့ နယ်တစ် ဝန်းရှိ ဆိမ်(ှငာ)လူမျိုးနွယ်စုတို့မှ ချင်းတိုင်းရင်းသား မျိုးချစ်လူငယ်လက်ရွေးစင်စစ်သည်တော် ၄၀ဝ တို့အား ပြင်သစ်နိုင်ငံ စစ်မြေပြင်သို့ လုပ်သားများထောက်ပံ့ရေးအတွက် စစ်ကူလီလုပ်သားများအဖြစ် အမှုထမ်းရန် အမိန့်ဆင့်ဆိုခဲ့ရာမှ၎င်းအမိန့်အား အန်တု၍ ဗြိတိသျှအစိုးရအားရရာလက်နက်စွဲကိုင်ကာ တော်လှန်ခဲ့ကြပေ သည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်ညနေ ၄ နာရီတွင် တော်လှန်ခဲ့သည့်နှစ်(၁၀ဝ)ပြည့်အဖြစ် တော်လှန်ရေးရဲဘော်များနှင့်ပြည်သူများကိုယ်တိုင်ဖောက်လုပ်သည့် ဖလမ်းမြို့နယ် ကျင်မွာလ်ကျေးရွာတောင် ပတ်လမ်း၁ မိုင် ၂ ဖာလုံရှည်သော လမ်းပေါ်တွင်ဂုဏ်ပြုသည့် ကမ္ပည်းမော်ကွန်းကျောက်တိုင် ဖွင့်ပွဲနှင့် ဂုဏ်ပြုပွဲ အခမ်းအနားကို စည်ကားစွာကျင်းပခဲ့ကြောင်း သတင်းဆောင်းပါးများအရသိရှိရပေသည်။

 

 

နှစ်(၁၀ဝ)ပြည့် အထိမ်းအမှတ်မော်ကွန်းကျောက်တိုင်မှာ အမြင့် ၁၂ ပေရှိပြီးကျောက်တိုင်တွင် အင်္ဂလိပ်၊ မြန်မာ၊ ချင်းတိုင်းရင်း သားစာပေ စသော ဘာသာစကားသုံးမျိုးဖြင့် ကမ္ပည်းရေးထိုးထားပေသည်။ နှစ်(၁၀ဝ) ပြည့် အထိမ်းအမှတ် မော်ကွန်းကျောက်တိုင် စိုက်ထူနိုင်ခြင်းအားဖြင့် မိမိတို့ဘိုးဘွားများကို လေးစားကြောင်း သက်သေထူနိုင်သည် သာမကဘဲ ဘိုးဘွားတို့၏ သမိုင်းဖြစ်ရပ်မှန်များကို ထိန်းသိမ်းနိုင်သည့်အပြင် နောင်အနာ ဂတ်တွင် မွေးဖွား လာမည့် မျိုးဆက်သစ်ချင်းတိုင်းရင်းသား လူငယ်များအတွက် အတိတ်ကာလများဆီမှ ဘိုးဘွားတို့၏ မွန်မြတ် သည့်သမိုင်းကြောင်းကို လက်ဆင့်ကမ်းပြောပြနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ဘိုးဘွားများကို မိမိချင်းလူမျိုးများက ဂုဏ်ပြုမှတ်တမ်းတင်ခြင်းဖြင့် တမလွန်မှာရှိသည့် ဘိုးဘွားများကလည်း သားစဉ် မြေးဆက်များ အပေါ်ဝမ်း မြောက်ဂုဏ်ယူလျက်ရှိနေမည်ဟု လေးလေးနက်နက် ယုံကြည်မိကြောင်း ချင်းသမိုင်း သုတေသီ ဆလိုင်း ဗန်ကျုံးလျန်(ယူကေ)ကပြောကြားခဲ့ကြောင်း သိရှိရသည်။ ထိုအချက်များသည်ပင် ချင်းတိုင်းရင်းသား လူမျိုးတို့ သည် မိမိတို့ဘိုးဘွားတို့၏ စွမ်းဆောင်ချက်များကို အောက်မေ့သတိရစွာဖြင့် သမိုင်းကြောင်းကို ထိန်း သိမ်းပြီး သမိုင်းကြောင်းအားသိရှိစေလိုစိတ်ကို တွေ့မြင်ရပေသည်။

 

ချင်းလူမျိုးတို့၏ ဝတ်စားဆင်ယင်မှုအနေဖြင့် ဘိုးဘွားစဉ်ဆက် ရိုးရာဝတ်စုံများကိုမပပျောက် မတိမ်ကောစေဘဲ ယနေ့တိုင်ထိန်းသိမ်းထားသော ဂျပ်ပန်းအမျိုးမျိုးထိုးထားသော အရောင်အမျိုးမျိုးနှင့် တောင်ပေါ်တွင် အပွင့်များ သော ဇလပ်နီကဲ့သို့ နေရာတိုင်းတွင်ဖူးပွင့်နေကြပြီဖြစ်ပေသည်။ ခြုံစောင်အနေဖြင့် ချင်းလူမျိုးတို့၏ အဆင့် အတန်းမြင့်မြင့် ပန်းထိုးသည့် အနီရောင်ကြောင်နတ်စောင်၊ ဂျပ်၏ဒေါင်လိုက်ချည်အဖြူရောင်ပေါ်တွင် အလျား လိုက် အနက်ရောင်ချည်ဖြင့် တစ်ခုလုံးအနက်ရောင်ဖြစ်အောင် ရက်လုပ်ရသော ကျန်လို စောင် အနက် ဖြစ်သည်။ ထို့ပြင် မိခင်တိုင်းက သူ၏သားသမီးများနှင့် လင်ယောကျာ်းအတွက် တစ်ထည်စီရက် လုပ်ပေးရ သောစောင်ဖြူကန့်လန့်ဖြတ်မည်း၊ ပွဲလမ်းများတွင်အများအားဖြင့် ဝတ်ခြုံသောပိုးစောင်၊ မိုင်မောစောင်၊ တလန်ထင်စောင်၊ ဝါအဆုပ်လိုက်ညှပ်၍ ရက်လုပ်ထားသော ဝါဂွမ်းစောင်၊ ဝါများစွာ ဖြစ်ထွန်းသော မီရမ်းနယ် ဘက်မှ အလျား အနံရှိ ချည်များအားလုံးကို ခိုင်ခံ့စွာရက်လုပ်ပြီးအိမ်အပြင်ထွက်လျှင်ဖြစ်စေ၊ ညအိပ်လျှင်ဖြစ်စေ အမျိုးသား အမျိုးသမီးတိုင်း အသုံးပြုသော ဇိုစောင်လည်း အပါအဝင်ဖြစ်သည်။

 

အင်္ကျီအနေဖြင့် အမျိုးသားများတွင်မရှိဘဲ စောင်ကိုအမျိုးမျိုးရစ်ပတ်၍ ချည်ထားကာအင်္ကျီအစားအသုံးပြု၏။ စောင်ကိုခြုံရင်းအလုပ်လုပ်၍မရသဖြင့် ရရာနည်းဖြင့် ကိုယ်တွင် ရစ်ပတ်ချည်နှောင်ကြသည်။ ချည်ပုံ သုံးမျိုးရှိ သည်။ ယင်းတို့ကို ဆွေနှော့ သို့မဟုတ်နွှေဆော့ဟုခေါ်ပြီး ပွီဆတ်နည်းသည် စောင်ကို တစ်ဖက်ပခုံးပေါ်တွင် တစ်ဖက်ချိုင်းအောက်မှပတ်၍ ပခုံးပေါ်ရှိ စောင်ပေါ်တွင်ပြန်တင်သည့်ခြုံနည်းပင် ဖြစ်သည်။ စောင်ကိုဒေါင်လိုက် ကျောပေါ်တွင်တင်ထားပြီး အစွန်းနှစ်ခုကို ညာပခုံးပေါ်နှင့် ဘယ်ချိုင်းအောက်မှရှေ့သို့ထွက်စေ၍ ရင်ဘတ်တွင် ချည်သည်။ယင်းကို နွားကျောင်းသားနွှေဆော့ချည်နည်းဟု ခေါ်ပေသည်။

 

ဒေါင်းမြီးလိုက်ကျောပြင်ပေါ်တင်ခြုံသောကြောင့် အမျိုးသမီးနွှေဆော့ဟု ခေါ်သည်။ ခါးတောင်းကျိုက်ဟု ဆိုရာ တွင် ဘိုးဘေးစဉ်ဆက်မှစ၍ ကျိုက်ထားသောခါးတောင်းသည် ရိုးရိုးအဝတ်စမဟုတ်ဘဲမိခင်၊ နှမ၊ ဇနီးသည် တို့က ထိုသူတို့စိုက်ပျိုးသော ဝါမှရက်လုပ်ပေးသော အထူစားဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် ပွဲတိုးရန် အတွက် ရှေ့ဘက်နှင့်နောက်ဘက်တွင် ချထားသော ဒူးဆစ်အထိအရှည်တွင် ပန်းများ အလှထိုးထား ပေးသည်။ ယင်းကို ခါးတောင်းကွက်ကျားဟုခေါ်သည်။ အမျိုးသားများသည်လုံချည်မဝတ်ဘဲ အမျိုးသမီးများ အတွက်သာဖြစ်သည်။ ထိုထဘီများအစား အမျိုးသမီးများ ဝတ်သောထဘီများမှာ ထဘီအနီရောင်၊ မြန်မာ ရက်ထဘီ၊ အတန်းဖြင့်ရက်သော ထဘီ၊အတွင်းခံထဘီ၊ နှီဖိ ယာခ်၊ အပြင်ဝတ်ထဘီ၊ပွင့်လုံးထဘီ၊ ပုတီး ထဘီ၊ ခုံထဘီ၊ ခန်ထဘီစသည်တို့ ဖြစ်ကြပေသည်။ဦးခေါင်းပိုင်း အဆင်တန်ဆာအဖြစ်ဆံထိုးကို ဒန်သတ္တု၊ ကျွဲရိုး၊ သမင်၊ ပြောင်တို့၏ညို့သကျည်းအရိုးများဖြင့် အမျိုးမျိုးပြုလုပ်ကြသည်။ 

 

ချင်းအမျိုးသမီးများသည် နောက်စေ့တွင် ဆံထိုးဖြင့် ဆံပင်ကိုထုံး၍ ပိုသောဆံဖျားကို ပခုံး၏ ရှေ့ဘက်ပိုင်းတွင် ချထားကြသည်။ထိုချထားသော ဆံပင်များသည် ဆံထိုး၏အဖျားဘက်တွင်ဖြစ်ပြီး ထိုချထားသော ဆံပင်ကို တေးသီချင်းတွင် လှပသောဆံပင်ချဟုခေါ်ဆိုခြင်းဖြစ်သည်။ ခေါင်းသန်းနှင့် ပုတီးသေးသေးလေးများကို အရောင်အမျိုးမျိုးဖြင့်ခိုင်သောချည်ပေါ်တွင်သီ၍ နှစ်ကြောင်း၊ သုံးကြောင်းဖြင့် ပြုလုပ်ပြီး ခေါင်းတွင် အုပ် (သို့မဟုတ်) ပတ်သော အလှတန်ဆာတစ်ခုဖြစ်သည်။ နောက်တစ်မျိုးသည် ကြေးဝါခေါင်းပတ်ပင်ဖြစ်သည်။ သုံးမျက်နှာ၊ လေးမျက်နှာနေရာတွင် ပုတီး၊ ခေါင်းသန်းရှည်အစား ကြေးဝါ၊ ကြေးဖြူများကို ငါးလက်မအရှည် တစ်စုံဖြင့် ချထားသည်။ ခေါင်းစွပ်သည် အရှည်တစ်တောင်ခန့်ရှိ၍ အောက်ပိုင်းတွင် ဦးခေါင်းဆံ့ အဖျားတွင်သေးသွယ်၍ပိုကျဉ်းမြောင်းသည်။ အပေါ်နှင့် အောက်အကြားတွင် ခေါင်းသန်း (သတ္တုအနီချောင်းလေးများအထဲတွင် ဒေါင်လိုက်အပေါက် ပါပြီးချည်ဝင်ထွက်နိုင်သည်) ချောင်းလေးများကို ဒေါင်လိုက်သီ၍ ဆက်ထားသည်။ လေးမျက်နှာတွင် ထိုသီထားသော ခေါင်းသန်းများကြားတွင် ကြေးဝါနှစ် လက်မအကျယ်ဖြင့်ဒေါင်လိုက်သဖွယ်ခြားထားပြီး လေးသည်။အထက်တွင် လှပသော ကြက်တူရွေးအမြီးများကို ပတ်ပတ်လည်စိုက်ထားသည်။ အသုံးမပြုသောအခါတွင် ထိုငှက်အမြီးများကို နုတ်၍ သိမ်းထားပြီး မသိမ်းထား ပါက ပိုးစားလေ့ရှိသည်။

 

အမျိုးသားများအတွက် ခေါင်းပေါင်းကြီးသည် ရှည်၍ ခေါင်းပတ်ပတ်လည် ကိုပတ်ပြီးအဖြူ ရောင်ချည်ရက်လုပ် သော အထူစားဖြစ်သည်။ နဖူးတည့်တည့်တွင် အနက်ရောင်နှစ်လက်မအကျယ်ဖြင့် အာမ်ထားရှိ သည်။ ထိုခေါင်းပေါင်းကြီးကိုပေါင်းလျှင် ဆံပင်တစ်ခုမျှ မပေါ်တော့ပေ။၎င်းကို ခေါင်ကျွဲ၊ ဘေဘီပွဲများတွင်သာ ပေါင်းလေ့ရှိသည်။ အမျိုးသားများတွင် ဆံထိုးသည် နှစ်ခွရှိသော ကြေးဝါလုံးပတ်နှစ်လက်မခန့်ရှိ၍ အရှည် လေးလက်မခန့် ရှိပေသည်။ ထိုကြေးဆံထိုးမရှိသူသည်ဝါးသားကောင်းကောင်းကို ငါးလက်မအရှည်ဖြင့် ထိုးထားသည်။ ထိုဝါးချောင်းကို ကောင်းမွန်စွာ အလုံးကလေးဖြင့် ပြုလုပ်ထားသည်။ထိုအထုံးအစုအရင်းတွင် လခြမ်းပုံသဏ္ဌာန်ဝါးဘီးကို ထိုးထည့်ထားသေးသည်။ ခါးအလှပြင်ခြင်းနှင့် ရတနာအပိုင်းသည် အမျိုးသမီး များအတွက်သာ ဖြစ်သည်။ အချင်းဝက် ၃/၄စင်တီမီတာရှိ အတွင်းငယ် ပါးပါးကလေးများဖြစ်သည်။ ကျုမ်ကြီး သည် ပါး၍ဝိုင်းသောအပေါက်ကျယ်ကြီးတွင် ချည်ကြိုးချောင်းပေါ်တွင် တစ်ကွင်းပြီး တစ်ကွင်းသီ၍ထား သောအချောင်းအရှည်ကြီးဖြစ်သည်။ ထိုအချောင်းအရှည်ကြီးကို ခါးမှ တင်ပါးဆွဲအထိ ညီညာစွာ အပေါ်မှ အောက်သို့တိုင်း၍ပတ်သော ကြေးဖြူဖြစ်သည်။ သာမန်အားဖြင့် အမျိုးသမီးတစ်ဦးသည် အပတ် ၄၀ မှ ၅၀ အထိ ပတ်ကြသည်။အရပ်မြင့်သူများသည် အပတ် ၅၀ နှင့်အထက်လည်း ပတ်ကြသည်။ ကြေးဖြူ ဖြစ်သောကြောင့်ခါးတွင် ကြာရှည်ပတ်ထားပါက တောက်ပြောင်ပြီး ကြည့်၍လှပပေသည်။ ကြေးကွင်း ပတ်၊ ကြေးကွင်းဆက်၊ ငွေခါးပတ်တို့ကိုလည်းဝတ်ဆင်ကြသည်။ လက်ဝတ်လက်စားအနေဖြင့် လက်ကောက်၊ လက် ကောက်ကွင်း၊လက်စွပ်၊ လက်မောင်းစွပ်တို့ကိုလည်း ဝတ်ဆင်ကြပေသည်။

 

ချင်းလူမျိုးတို့၏ ဝတ်စုံပေါ်တွင် ထိုးထားသော ပန်းနှင့်အပွင့်တို့သည် ပုတီးများပေါ်တွင်ရေးထိုးထားသော ပန်း၊ အပွင့်တို့နှင့်ဆက်စပ်သည်ဟူ၍ ဖြစ်သည်။ ပုတီးများ၏ ဒီဇိုင်းသည်ပျူခေတ်မှလူများ ဆွဲသီခဲ့သောပုံစံများကဲ့သို့ ပင်ဖြစ်ပေသည်။ ချင်းလူမျိုးတို့၏သမိုင်းနှင့်ဝတ်စားဆင်ယင်မှုတို့သည် ခေတ်ကာလအဆက်ဆက်ကပင် တိမ်ကောပပျောက်မှုမရှိပေ။ ခေတ်ကာလမည်သို့ပင် တိုးတက်ပါစေအတိတ်သမိုင်းကိုတော့ ပစ်ပယ်၍မဖြစ် သည့်အတွက် ချင်းတိုင်းရင်းသားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့များကို နှစ် (၇၀) မြောက် ချင်း အမျိုးသားနေ့တွင်လည်း မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပေသည်။ ချင်းတိုင်းရင်းသားလူမျိုးတို့သည် ဓလေ့ထုံး စံများနှင့် ရိုးရာဝတ်စားဆင်ယင်မှုများကို မိမိတို့၏ ဘိုးဘွားအမွေအနှစ်များအဖြစ် ထိန်းသိမ်းထားတတ်သူများ ဖြစ်ကြောင်း လေးစားဂုဏ်ယူလျက် ရေးသားဖော်ပြလိုက်ရပါတော့သည်။ ။

 

မာန်သစ်ငြိမ်း(ရှေးဟောင်းသုတေသန)

ကိုးကား


မြန်မာ့စွယ်စုံကျမ်းအတွဲ(၂)


ကြေးမုံသတင်းစာ- ဖေဖော်ဝါရီ ၅ ရက်


ဇိုဟေဆာ၏ သတင်းဆောင်းပါး


ချင်းယဉ်ကျေးမှုဓလေ့ထုံးတမ်း - စတီဗဲန်


နီကိယို