ချင်းတောင်ပန်းသီးအထွက်နှုန်းကောင်းသော်လည်း အလုံးသေးငယ်၍ အဆင့်မီဈေးကွက်ဖြစ်မလာဘဲ ဝယ်လိုအားနည်း

တီးတိန် ၃၁ ဩဂုတ်

ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းရှိ ပန်းသီးခင်းများ ယခုနှစ် ပန်းသီးအထွက်နှုန်းကောင်းမွန်သော်လည်း ပန်းသီးထွားနှုန်းအားနည်း၍ အဆင့်မီဈေးကွက်ဝင် ဖြစ်မလာဘဲ အလုံးသေးငယ်သဖြင့် ဝယ်လိုအားနည်းနေကြောင်း ပန်းသီးစိုက်တောင်သူများထံမှ သိရသည်။

"တီးတိန်မြို့နယ်မှာ ပန်းသီးဟာဒေသထွက် စိုက်ပျိုးသီးနှံတစ်ခုဖြစ်ပါတယ်။ ပန်းသီးအထွက်နှုန်းကတော့မကျပေမယ့် ဒီနှစ်နွေရာသီကာလမှာ အပူရှိန်ပြင်းတဲ့အချိန် ပန်းသီးအဖူးအပွင့်ထွက်လာလို့ဆိုရမလား၊ ပန်းသီးအလုံး သေးသွားတယ်။ ဈေးကွက်မှာလည်း ဝယ်လိုအားကျဆင်းသွားပါတယ်။ အခုအချိန် ထွက်ရှိတဲ့ပန်းသီးဟာ အိုင်ဝါအမျိုးအစား ဖြစ်ပါတယ်။ တောင်သူတွေ အဓိကစိုက်ပျိုးတဲ့ ပန်းသီးအမျိုးအစားကတော့ အိုင်ဝါ၊ ရူဘီ (ခေါ်) ကမ်းနန်၊ အော်သီး(Audi)၊  အိုယိုကီနဲ့ကုန်ဒေါင်းတို့ဖြစ်ပါတယ်။ ပန်းသီးက စက်တင်ဘာလကုန်အထိ ထွက်တာဖြစ်တဲ့အတွက် နောက်အသီးတွေ လှရင် အရောင်းအဝယ်ကောင်းသွားမှာဖြစ်ပါတယ်"ဟု တီးတိန်မြို့နယ်တွင် ကျေးရွာပန်းသီးစိုက် တောင်သူဦးဒိုဇနန်က ပြောသည်။ ချင်းပြည်နယ်တွင် ပန်းသီးခင်းကို တီးတိန် မြို့နယ်၌အများဆုံးစိုက်ပျိုးမှုရှိပြီး ပြည်တွင်းပြည်ပ ဈေးကွက်အထိ အရောင်းအဝယ်ဖြစ်နေသော ချင်း တောင်ပန်းသီးမှာ ယခုနှစ်ပန်းသီးအထွက်နှုန်း ကောင်းမွန်သော်လည်း ရာသီဥတုပူပြင်းစွာ ခံစားရသည့်အတွက်ကြောင့် ပန်းသီးအလုံးသေးငယ်ခြင်း ဖြစ်သည်။

"တီးတိန်ဒေသ ပန်းသီးပင်တွေဟာ ကင်ကာ(Canker)လေကနေတစ်ဆင့် ကူးတဲ့ရောဂါကြောင့် ပန်းသီး တစ်နှစ်မှာ ၁၀ ဒီဂရီစင်တီဂရိတ်အောက်/ အအေးဓာတ်နာရီပေါင်း ၇၀၀ ခန့် လိုအပ်ပါတယ်။ အခုနှစ်မှာတော့ ရာသီဥတုပူနွေးလာမှုကြောင့် တစ်နှစ် ၁၀ ဒီဂရီစင်တီဂရိတ်အောက် အအေးဓာတ် နာရီပေါင်း ၃၀၀ ကနေ ၄၀၀ ခန့်လောက်ပဲရရှိပါတယ်။ ဒါ့အပြင် မိုးရွာသွန်းမှုနောက်ကျတဲ့အတွက်ကြောင့် ပန်းသီးတွေ အရင်နှစ်ထက် အလုံးသေးသွားတာ ဖြစ်ပါတယ်"ဟု တီးတိန်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပန်းသီးကို ချင်းပြည်နယ်နေရာဒေသအနှံ့ စိုက်ပျိုးဖြစ်ထွန်းမှုရှိသော်လည်း တီးတိန်မြို့နယ်တွင် ဗန်တဲ့၊ လိုးဖေ၊ ဆောင်းပီး၊ ဒိမ်ပီး နှင့် လေးဒေါ့ကျေးရွာများတွင် အများဆုံးစိုက်ပျိုးမှုရှိကြပြီး ဇွန်လဆန်းချိန်မှစတင်၍ ပေါ်ဦးပေါ်ဖျားပန်းသီးများကို ကလေးမြို့ ဈေးကွက်သို့ အများဆုံးတင်ပို့ရောင်းချကြကြောင်း၊ ပန်းသီးကိုထင်းရှူးသေတ္တာဖြင့် ရိုက်၍ တစ်ဖက်နိုင်ငံ မြန်မာ- အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ် သို့ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှတစ်ဆင့် ကလေးဝ၊ မုံရွာ၊ မန္တလေး၊ ရန်ကုန်မြို့များနှင့် ချင်းတွင်းမြစ်ဖျားဒေသသို့လည်းကောင်း အသီးသီးတင်ပို့ရောင်းချကြကြောင်း သိရသည်။

နေစု(ချင်းရိုးမ)