ချင်းပြည်နယ်၏ စီးပွားဖြစ် နွားနောက်မွေးမြူရေးလုပ်ငန်း

၁၄ ဇူလိုင်

 

ကျွန်တော်၏ရှေ့တွင် ဟားခါးမြို့သား ဦးရမ်ကျုံးရှိနေသည်။ ဟားခါး-မတူပီလမ်း ၁၈ မိုင်ခွဲတွင် သူ၏ နွားနောက်ခြံရှိသည်။ အကောင် ၁၅ဝ မွေးထားသည်။ ၁၉၈၆ ခုနှစ် ကတည်းက နွားနောက်မွေးခဲ့သူဖြစ်သည်။ နွားနောက်မွေးမြူခြင်းဖြင့် စီးပွားဖြစ်သူတစ်ဦး လည်း ဖြစ်သည်။ ''နွားနောက်က သိပ်ယဉ်တာ ဗျ။ သူ့ကိုဖမ်းဖို့မလွယ်ဘူး။ သခင်ခေါ်မှ လိုက် တာ။ မြေခွေးတွေမြင်ရင် 'ဖူး'ဆို လေမှုတ်ပြီး အတင်းလိုက်ဝှေ့တာ။ အခြားနွားနောက်တွေကလည်း ကြားတာနဲ့ လိုက်ဝှေ့တာ၊ နွားနောက် အစစ်က ဦးချိုကြီးပြီး သိပ်မရှည်ဘူး၊ ကပြားနွား ဆိုရင် ဦးချိုသေးပြီး ချွန်တယ်။ ဦးချိုရှည်တယ်။ နွားနောက်က ဆားသိပ်ကြိုက်တာဗျ။ ပခုက္ကူက ဆားကြမ်းဝယ်ကျွေးရတယ်'' ဦးရမ်ကျုံးက ရှင်းပြနေသည်။

 

နွားနောက်၏ပုံသဏ္ဌာန်မှာ ဘို့မရှိ၊ ဦးချို အရင်း၌ ပြားနေတတ်ပြီး နဖူးချိုင့်ဝင်နေ သည်။ နှာဖျားတိုသည်။ လည်ပျဉ်းချပ်၍နေပြီး ကျောကုန်းရိုးတစ်လျှောက်တွင် မို့မောက်၍ နေတတ်သည်။ အမွေးမှာ မီးခိုရင့်ရောင်၊ အဖြူရောင်၊ အနက်ရောင်(သို့မဟုတ်) အနက် နှင့် အဖြူကွက်ကျားဖြစ်သည်။ မီးခိုးရင့်ရောင် ရှိသော နွားနောက်များမှာ အများစုဖြစ်ပြီး ခြေဖျားတွင် အဖြူရောင် တွေ့ရတတ်သည်။ နွားနောက်သည် မြန်မာနွားထက် အထီးရော အမပါ ပို၍ကြီးသည်။ ပျမ်းမျှကိုယ်လေးချိန် ပေါင် ၈ဝဝ မှ ၁၃ဝဝ (ပိဿာ ၂၂ဝ မှ ၃၆ဝ)ထိရှိကြောင်း သိရသည်။

 

နွားနောက်မျိုးသည် အရှေ့တောင်အာရှ ဒေသဖြစ်သော အိန္ဒိယအရှေ့ပိုင်း ဘူတန်နှင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် တွေ့ရှိရသည့်Bos Frontalisမျိုးစိတ်ဖြစ်သည်။ ယင်း မျိုးစိတ်တွင် ပြောင် (Gavarus gaurus)(Gaur)၊ နွားနောက် (Gavarus frontalis) (Mythum)၊ စိုင် (Gavarus sondicus) (Banteng)တို့ ပါဝင်သည်။

 

နွားနောက်သည် ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ ၃ဝဝဝ မှ ပေ ၁ဝဝဝဝ ကြားတွင် နေထိုင်ကျက်စားသည်။ အပူပိုင်းဒေသတွင် မွေးမြူပေါက်ဖွားသည့် နွားနောက် များ၏ အရွယ်အစားသည် ချင်းပြည်နယ်ရှိ နွားနောက်များထက် ငယ်သည်။ အအေး (သမပိုင်း)တွင် မွေးမြူပေါက်ဖွားသည့် နွား နောက်များသည် ကိုယ်ထည်ကြီးမားကြသည်။ ကြမ်းတမ်းသည့် ရာသီဥတုကို ခံနိုင်ရည်ရှိ သည်။ နေရာဒေသအပြောင်းအလဲများပါက ရာသီဥတုဒဏ်ခံနိုင်ရည်နည်းပါး၍ လေလွင့် ဆုံးရှုံးမှုရှိသည်။ တောရိပ်တောင်ရိပ်ကိုမှီပြီး တောင်စောင်း၊ တောင်ကမ်းပါး၊ တောင်ပြန့် များတွင် အုပ်စုဖွဲ့နေထိုင်ကျက်စားလေ့ရှိ သည်။ ရေခိုး၊ ရေငွေ့များသော စားကျက်တွင် နေထိုင်တတ်ကြသည်။

 

နွားနောက်သည် တောရိုင်းတိရစ္ဆာန် တစ်မျိုးဖြစ်ပြီး ပြောင်သတ္တဝါမှ ဆင်းသက်လာ သည်ဟု သိရသည်။ ပယ်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ ၃၅ဝဝ နှင့်အထက် တောင် ကုန်းဒေသများတွင် မွေးမြူ၍ဖြစ်နိုင်ပြီး လွှတ်ကျောင်းစားကျက်ဖြင့် မွေးမြူသည်။ နွားနောက်သည် နွားနှင့် မျိုးစိတ်ချင်းတူသည့် အတွက် နွားများနှင့် သားစပ်၍ရနိုင်သည်။ ကျွဲနှင့် မျိုးစပ်ခြင်းမတူသဖြင့် ကျွဲနှင့်သားစပ်၍ မရနိုင်ပါ။ နွားနောက်၏ကိုယ်ဝန်ဆောင်ကာလ မှာ နွားနှင့်တူညီသည်။ နွားနောက်သည် ဆား ကို နှစ်သက်သည်။ ထို့ကြောင့် နွားနောက်များ ကို ဖမ်းလိုပါက ဆားပြပြီး ခေါ်ယူရသည်။ နွားနောက်အသားသည် အမျှင်ဓာတ်သေးပြီး အသားမှာ နူးညံ့မှုရှိသည်။ အညှီနံ့နည်းပြီး ချက်ပြုတ်ရာတွင် နူးနပ်လွယ်၍ နှစ်သက်ကြသည်။ အသားအတွက် အဓိကထားမွေးကြသည်။

 

သာမန်နွားများထက် ကြီးထွားနှုန်း ကောင်း၍ အရွယ်ရောက်စောသည်။ အထီး များသည် ၁၈ လမှ နှစ်နှစ်အကြားတွင် အရွယ် ရောက်သည်။ အမသည် တစ်နှစ်ခွဲတွင် အရွယ်ရောက်၍ မိတ်လိုက်ပြီး နှစ်နှစ်ခွဲ၊ သုံး နှစ်အရွယ်တွင် သားပေါက်လေ့ရှိသည်။ တစ်နှစ် တစ်သားကျသည်။ နွားနောက်အမ တစ်ကောင်သည် ၁၂ နှစ်အထိ သားမွေးနိုင်သည်။ နွားနောက်မ၏ ကျန်းမာရေးပေါ် မူတည်၍ ၁၅ နှစ်အထိ သားတင်နိုင်သည်။ နွားနောက်ထီးကြီးသည် ခြောက်နှစ်၊ ခုနစ်နှစ် အရွယ်အထိ မိတ်လိုက်လေ့ရှိပြီး ကျော်လွန် ပါက သီးသန့်နေတတ်သည်။ သွားလိုရာ သွားလေ့ရှိသည်။

 

တောင်ယာလုပ်သော အကွက်များကို အကန့်များခွဲ၍ အလှည့်ကျတောင်ယာစိုက်ပျိုး ပြီး ယာပြီးပါက စားကျက်အဖြစ် လွှတ်ကျောင်း မွေးမြူသည်။ စားကျက်မြေပေါ်တွင် နေပီယာကဲ့သို့ မြက်မျိုးများ စိုက်ပျိုးမွေးမြူကြသည်။

 

ကျေးရွာများတွင် မွေးမြူသူ သုံးဦး၊ ငါးဦး စသည်ဖြင့် စုပေါင်း၍ အစုအဖွဲ့အလိုက် မွေးမြူကြသော်လည်း အဆိုပါ မွေးမြူသူများ ပိုင်ဆိုင်သော ယာမြေများတွင် စုပေါင်းစားကျက်အဖြစ်သတ်မှတ်ပြီး မွေးမြူလေ့ရှိကြသည်။

 

အထီးများကို ၃-၄ နှစ်အရွယ်တွင် အသားထုတ်လုပ်ရောင်းချနိုင်သည်။ အသား ထွက်နှုန်း ပိဿာ ၈ဝ မှ ၁၂ဝ ရှိသည်။ အရွယ်ပမာဏအကြီးဆုံးအကောင်သည် အသားပိဿာချိန် ၁ဝဝ မှ ၁၅ဝ အထိ ထွက်ရှိနိုင်သည်။

 

နွားရွှေနီ အထီးနှင့် နွားနောက်မ မျိုးစပ် ပါက ပေါက်ဖွားသော အမသည် မျိုးအောင်၍ အထီးသည် သားမြုံသည်။ နွားနောက်အထီး နှင့် နွားရွှေနီအမ မျိုးစပ်ပါက ပေါက်ဖွားသော အထီးအမနှစ်မျိုးလုံး မျိုးအောင်သည်ကို တွေ့ရှိရသည်။ နွားနောက်အထီးနှင့် ဖရီရှန် အမ၊ ဖရီရှန်အထီးနှင့် နွားနောက်အမတို့ မျိုးစပ်ပါက ပေါက်ဖွားသော အထီး၊ အမ နှစ်မျိုးလုံး မျိုးအောင်သည်ကို တွေ့ရှိရသည်။

 

နွားနောက်၊ စိုင်နှင့် ပြောင်တို့သည် ကိုထိန်၊ တွမ်နု၊ ဟိုင်စိန်နု (ချင်းစကားအခေါ်) အပင်များ၊ မြက်၊ သစ်ရွက်အနု၊ နွယ်ပင်နှင့် ဝါးပင်များကို စားလေ့ရှိသည်။ မြေ၌ကပ်၍ ပေါက်သည့်အပင်များထက် အညွန့်အဖျား များကိုသာ ရွေးချယ်စားလေ့ရှိသည်။ အသား စား သတ္တဝါမဟုတ်။

 

နွားနောက်ငယ်သည် မွေးစတွင် ချေ(ဂျီ)ကဲ့သို့ အနီရောင်အမွေးရှိသည်။ နောက်ပိုင်း တွင် အနီရောင်အမွေးပျောက်ပြီး တဖြည်း ဖြည်း အနက်ရောက်သို့ ပြောင်းလဲသွားသည်။ နွားနောက် သားပေါက်ငယ်များသည် အကြမ်း ခံပြီး ရောဂါဖြင့် သေဆုံးခြင်းနည်းသည်။ နွားနောက်မကြီးမှ နွားနောက်ငယ်အတွက် နို့လုံလောက်စွာ ထွက်သည်။ တစ်နေ့လျှင် နှစ်ကြိမ်ခန့် နို့တိုက်လေ့ရှိပြီး နွားနောက်ငယ် လေးလခန့်အရွယ်တွင် သားခွဲလေ့ရှိသည်။ သာမန်အားဖြင့် နွားနောက်မမှ နို့ညှစ်သည့် အလေ့အထမရှိပါ။ နွားနောက်ထီးများသည် အသက်တစ်နှစ်ခွဲနှင့် နှစ်နှစ်အကြားတွင် အရွယ်ရောက်ပြီး မျိုးအောင်သည်။ နွားနောက် များသည်လည်း တစ်နှစ်ခွဲအရွယ်တွင် မျိုးပွားလေ့ရှိသည်။

 

နွားနောက်သည် အသက်တစ်နှစ်ပြည့် လျှင်ပင် ဈေးကွက်ဝင်၍ အသားအဖြစ် စား သုံးနိုင်သည့် အရွယ်ရောက်သည်။ နွားနောက် ငယ်စဉ် အသားတိုးနှုန်းမှာ အစာနု၊ အစာစိမ်း ပြည့်ဝစွာကျွေးမွေးသော နိုင်ငံခြားအသားစား နွားမျိုး၏ အသားတိုးကြီးထွားနှုန်း စံချိန်မီသည်။ သို့သော်လည်း ချင်းတောင်တွင် အများ အားဖြင့် သုံးလေးနှစ်အရွယ်တွင် အသား အဖြစ် ထုတ်၍ရောင်းချလေ့ရှိပြီး ပိဿာ ၈ဝ မှ ၁၂ဝ ခန့် ထွက်ရှိသည်။ နွားနောက် တစ်နှစ် သားအရွယ် (သုံးပေအမြင့်)ရောင်းလျှင် ကျပ် တစ်သိန်းခွဲခန့် ပေါက်ဈေးရှိသည်။ နွားနောက် ရှစ်နှစ်၊ ကိုးနှစ်သားအရွယ်ကြီးလျှင် ကျပ် ၁ဝ သိန်းခန့် ပေါက်ဈေးရှိကြောင်း သိရသည်။ နွားနောက်မွေးမြူခြင်းသည် တွက်ခြေကိုက်ပြီး ငွေအလုံးအရင်းရနိုင်သည့် စီးပွားရေးလုပ်ငန်း လည်း ဖြစ်သည်။

 

နွားနောက်ကို များသောအားဖြင့် ဇန်နဝါရီ လမှစ၍ တောထဲသို့လွှတ်လေ့ရှိပြီး မေလမှ ဒီဇင်ဘာလအထိ လွှတ်ခြံအတွင်း ထားလေ့ရှိ သည်။ လွှတ်ခြံအကျယ်အဝန်းမှာ မြေရရှိမှု အနေအထားပေါ်မူတည်၍ နွားနောက် တစ်ကောင်လျှင် သုံးဧကအထိ ထားလေ့ရှိ သည်။ လွှတ်ခြံ ခြံစည်းရိုးကို ထင်းရှူးပင်များ အပင်လိုက်ခုတ်၍ ခွတိုင်ပေါ်တွင် တန်းတင် ပြီး နွယ်ကြိုးဖြင့်ချည်၍ ပြလုပ်လေ့ရှိသည်။ ခြံလှောင်ထားသော နွားနောက်များကို တစ်လ လျှင် တစ်ကြိမ်တစ်ကောင်လျှင် လက်တစ်ဆုပ် ခန့် ဆားကျွေးလေ့ရှိသည်။ နွားနောက်များ သည် ဆားလျက်လိုလျှင် ပိုင်ရှင်ထံသို့ လာရောက်တတ်ကြသည်။ နွားနောက်ခြံများ ကို လေးငါးနှစ်တစ်ကြိမ် နေရာပြောင်းလေ့ရှိကြောင်း သိရသည်။

 

၎င်းအပြင် စပ်တူမွေးဖက်စနစ်ဖြင့်လည်း နွားနောက်မွေးမြူတတ်ကြသည်။ ချင်းတောင်၏ နွားနောက်မွေးဖက်စနစ်မှာ မွေးဖက်ပေး ထားသည့် နွားနောက်အုပ်စုရှိ နွားနောက်မမှ ကလေးမွေးလျှင် ပထမဆုံးမွေးဖွားသည့် နွားနောက်ငယ်အား ထိန်းသူမှယူ၍ ဒုတိယ သားကို ပိုင်ရှင်က ယူရသည်။ တတိယသား ကို ပိုင်ရှင်နှင့် ထိန်းသိမ်းစောင့်ရှောက်သူ တစ်ဝက်စီယူရသည်။ ချင်းတောင်၏ မျှတ သည့် ရိုးရာမွေးဖက်ဓလေ့သည်လည်း မြတ်နိုး ဖွယ်ရာပင် ဖြစ်သည်။ ချင်းတောင်တွင် နွားနောက်ကို အမြတ်တနိုးထား၍ ထိန်းသိမ်း မွေးမြူကြသည်။ အိမ်ခြေ ၅ဝ ရှိသည့် ရွာ တစ်ရွာတွင် အိမ်ထောင်စု ၃ဝ ခန့်က နွားနောက်မွေးမြူထားကြောင်း သိရှိရသည်။ နွားနောက်သည် သာမန်အားဖြင့် ရောဂါ ဖြစ်ပွားမှုနည်းပါးသည်။ သို့သော်လည်း လျှာနာခွာနာရောဂါ၊ ဒေါင့်သန်းနှင့် ပေါင်ပုပ် လက်ပုပ်ရောဂါဖြစ်ပွားတတ်သည်။ သို့ဖြစ်၍ ခြံလှောင်မွေးသည့်ကာလများတွင် ကာကွယ် ဆေးထိုးနှံသင့်သည်။ ကာကွယ်ဆေးထိုးထား ခြင်းဖြင့် ကူးစက်ရောဂါဖြစ်ပွားမှုကို တားဆီး နိုင်သည်။

 

နွားနောက်ကို မြန်မာနိုင်ငံတွင် ချင်း ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်း နှင့် ကချင်ပြည်နယ် မြောက်ပိုင်းတို့တွင် တွေ့ရှိရသည်။ ချင်းတိုင်းရင်းသားတို့သည် နွားနောက်ကို အမြတ်တနိုးမွေးမြူကြသည်။ ယခင်က ချင်းတိုင်းရင်းသားတို့၏ ကြွယ်ဝ ချမ်းသာမှုကို နွားနောက်ပိုင်ဆိုင်မှုဖြင့် တိုင်းတာသတ်မှတ်လေ့ရှိသည်။ မင်္ဂလာ ဆောင်နှင့် ဘာသာရေးပွဲ၊ နာရေးပွဲတွင် နွားနောက်သားဖြင့် ဧည့်ခံကျွေးမွေးတတ်ကြ သည်။ ခိုက်ရန်ဖြစ်ပွားမှုနှင့် လျော်ကြေးပေး ရာတွင်လည်း နွားနောက်ဖြင့် လျော်ကြေးပေး တတ်လေ့ရှိသည်။

 

နွားနောက်မွေးမြူခြင်းဖြင့် အစာကုန်ကျ စရိတ် နည်းပါးသည်။ ဆန်၊ ပြောင်းကို ရေစိမ် ၍ ဆားဖြူးကျွေးခြင်းဖြင့် အသားတိုးနှုန်း ပိုမို ကောင်းမွန်စေသည်။ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှလည်း နွားနောက်များ ကူးစက် ရောဂါမဖြစ်ပွားရေးအတွက် ကူးစက်ရောဂါ ကာကွယ်ဆေးထိုးခြင်း၊ ဟောပြောဆွေးနွေး ခြင်း၊ ပညာပေးခြင်းနှင့် ဆေးဝါးကုသပေးခြင်း၊ မွေးမြူသူများအား ကမ္ဘာ့ကုလသမဂ္ဂစားနပ် ရိက္ခာနေ့တွင် နွားနောက်မွေးမြူမှု ထူးချွန် ဆုများကို ပေးခဲ့ကြောင်း သိရသည်။

 

နွားနောက်မှာ မျိုးပွားမှုရှိသော်လည်း နွားနောက်ကောင်ရေ တိုးပွားမှုနည်းပါးရခြင်း အကြောင်းရင်းမှာ စားသုံးမှုများပြားခြင်း၊ စနစ်တကျထိန်းကျောင်းမှုမရှိခြင်းကြောင့် ပျက်စီးသေဆုံးခြင်းတို့ကြောင့် ဖြစ်သည်။ နွားနောက်မွေးမြူရေးကို လွှတ်ကျောင်းစနစ် (intensive system)မှ ခြံလှောင်တစ်ဝက် (semi-intensive system)သို့ မွေးမြူနိုင် အောင် ပညာပေးဆောင်ရွက်ခြင်းများ ပြုလုပ် ရပါမည်။ ကျေးရွာပိုင် နွားနောက်ထိန်းခြံ တည်ထောင်ခြင်းနှင့် ကျေးရွာရှိ နွားနောက် ပိုင်ရှင်များအား နွားနောက်ထိန်းကျောင်းသူများအဖြစ် ခန့်ထားနိုင်ရေး ပညာပေးဆောင် ရွက်ခြင်းများ ပြုလုပ်ရပါမည်။ အဆိုပါ နွားနောက်ထိန်းခြံများတွင် စားကျက်စိုက်ပျိုး ခြင်းကို ပညာပေးဟောပြောခြင်းများ ဆောင် ရွက်သွားရပါမည်။ အသင့်စားသုံးနိုင်သော ထုပ်ပိုးမှုများထုတ်လုပ်ပြီး ဈေးကွက်ရယူရန်၊ မွေးမြူသူများနှင့် အကျိုးတူပူးပေါင်းမွေးမြူခြင်း၊ တို့ကို ဆောင်ရွက်သွားရပေမည်။

 

''ကျွန်တော်က နွားနောက်မွေးတာကြာပြီ၊ ကျွမ်းကျင်နေပြီဆိုတော့ ဆက်ပြီးမွေးနေဦးမှာ ပဲ။ စိတ်ဝင်စားတဲ့သူတွေကိုလည်း မွေးဖို့ အား ပေးတယ်။ နွားနောက်ရဲ့ရန်သူက မြေခွေး တွေပဲ၊ တစ်ကောင်တည်းဆို အုပ်လိုက်ဝိုင်းရန် ပြီး ကိုက်တတ်တယ်။ ဒါကြောင့် မြေခွေးရန် ကင်းအောင် မြေခွေးအမြီးတစ်ခုကို တစ်သောင်း နဲ့ ဝယ်ခဲ့တာ သိန်း ၃ဝ ဖိုးလောက်ကုန်ကျပြီ'' ဟု ဦးရမ်ကျုံးက ပြောပြသည်။ ''တောမီးရှို့၊ ရွှေ့ပြောင်းတောင်ယာကြောင့် စားကျက်တွေ လည်း ရှားပါးလာပြီဗျာ၊ မြက်ခင်းတွေကုန်၊ သစ်ပင်သစ်ရွက်တွေကုန်လာရင် နွားနောက် တွေ အစာစားဖို့ခက်လာမှာ။ ဒါပေမယ့် လူတွေက သစ်ပင်တွေ၊ စိုက်ခင်းတွေစိုက်လာ တော့ တော်သေးတယ်''ဟု ဆိုသည်။ ချင်း တိုင်းရင်းသားလုပ်ငန်းရှင် ဦးရမ်ကျုံးကတော့ နွားနောက်ကို အသားစားရန်၊ အသုံးပြုရန်၊ မိရိုးဖလားသားစဉ်မြေးဆက် မွေးမြူနေကြဦးမည် ဖြစ်ပါသည်။

 

နွားနောက်သည် ခိုင်းနွား၊ နို့စားနွား၊ အသားစားနွား သုံးမျိုးရှိသည့်အနက် အသား စား နွားမျိုးဖြစ်သည်။ နွားနောက်အသားကို ဈေးကွက်ဖော်ဆောင်ခြင်း၊ ပြည်တွင်းစားသုံးမှု အပြင် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် (အေးခဲ အသား)များကို မြန်မာနိုင်ငံအတွင်း (သို့မဟုတ်) ပြည်ပသို့ ထုတ်လုပ်ရောင်းချပါက တစ်ဖက်တစ်လမ်း ဝင်ငွေရှာပေးနိုင်သည့် အပြင် နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိမည်ဖြစ်သည်။

 

သို့ဖြစ်၍ လူသားများ၏အာဟာရဓာတ် ကို ဖြည့်စွမ်းပေးသော အသားစားနွားတစ်မျိုး ဖြစ်သည့် နွားနောက်အား မိသားစုတစ်ပိုင်တစ်နိုင်အဖြစ်လည်းကောင်း၊ အစုအဖွဲ့အဖြစ် လည်းကောင်း၊ မွေးမြူရန် ကူညီပံ့ပိုးပေးခြင်း၊ နည်းပညာပေးခြင်း၊ တိုက်တွန်းလှုံ့ဆော်ပေး ခြင်းဖြင့် တိုးချဲ့မွေးမြူသင့်ပါကြောင်း ရေးသား ဖော်ပြလိုက်ရပေသည်။ 

 

မင်းလပြည့်

 

ရင်းမြစ်

 

- မောင်အောင်(မွေး/ကု)၏ မွေးမြူရေး ဆိုင်ရာ ဆောင်ပါးများ။

 

- ချင်းပြည်နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၏ စာစောင်များ။