ချင်းပြည်နယ်၊ ဖလမ်း(ဆူရ်ဘုန် )လေယာဉ်ကွင်းတွင် Fly Check ဖြင့် ပထမဆုံးပျံသန်း

ဖလမ်း  ၂၅     ဇွန်   

ချင်းပြည်နယ်၏ ပထမဆုံး လေယာဉ်ကွင်းဖြစ်သည့် ဖလမ်း(ဆူရ်ဘုန်)လေယာဉ်ကွင်းတွင် ဇွန် ၂၅ ရက်က ပထမဆုံးအကြိမ် တပ်မတော် လေယာဉ်ဖြင့်  Fly Check ပျံသန်းခဲ့သည်။

 

 “ဆူရ်ဘုန်လေယာဉ်ကွင်းဟာ ငွေကျပ် ၃၄ ဘီလီယံအကုန်ကျခံပြီးတော့မှ ၉၈ ရာခိုင်နှုန်းပြီးနေပြီ။ ဒီနေ့ပဲ စမ်းနေပြီ။ သုံးရက်လောက် လုပ်မယ်။ အဲဒီ Result ပေါ်မူတည်ပြီး Landing လုပ်ဖို့ရှိပါလိမ့်မယ်” လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ပြောသည်။

 

လေယာဉ်ကွင်း ဖွင့်လှစ်နိုင်မည့် အခြေအနေနှင့်ပတ်သက်ပြီး လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းဇော်က “အဓိကလေကြောင်း လမ်းညွှန်စက်ကို ကျွန်တော်တို့ Fly Check လုပ်ပါတယ်။ လေယာဉ်ပြေးလမ်းအချက်ပြမီးစနစ်တွေကို Fly Check လုပ်ခြင်းဖြစ်ပါတယ်။ ဒီနေ့ကနေစပြီးတော့ ၂၅၊ ၂၆၊ ၂၇ ရက်ကို ရာသီဥတု အနေအထားပေါ်မှာ မူတည်ပြီးတော့မှ အချိန်နှင့်တစ်ပြေးညီ ဆက်တိုက်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီလိုမျိုး Fly Check လုပ်ပြီးတဲ့ အနေအထား၊ လိုအပ်ချက်တွေ၊ ကိုက်ညီမှုတွေ ညိှနှိုင်းပြီးတော့မှ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုအပေါ် မူတည်ပြီးတော့မှ Test Landing လုပ်သွားပါမယ်ခင်ဗျ။ Test Landing လုပ်ပြီးသွားလို့ အားလုံးချောမောသွားရင် လေယာဉ်ကွင်းဖွင့်ပွဲ ဆက်လက်ကျင်းပသွားမှာပါ” ဟု ပြောသည်။

 

ချင်းပြည်နယ်၊ ဖလမ်း(ဆူရ်ဘုန်)လေယာဉ်ကွင်းသည် လုပ်ငန်းအားလုံး၏ (၉၈)ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကာ ဇွန်လ ၂၅ ရက်နေ့မှစ၍ တပ်မတော်လေယာဉ်ဖြင့် ကလေးမြို့၊ လေယာဉ်ကွင်းမှ ဖလမ်း(ဆူရ်ဘုန်) လေယာဉ်ကွင်းကို Fly Check ပြုလုပ်ပြီး Fly Check ပြီးမြောက်ပြီးနောက်
Test Landing အောင်မြင်ပါက လေယာဉ်စဆင်းနိုင်မည် ဖြစ်သည်။

 

ဖလမ်း(ဆူရ်ဘုန်)လေယာဉ်ကွင်း Fly Check ပျံသန်းနေမှုကို ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စစ်မှုလက်မှုဝန်ကြီး ဦးစိုးထက်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်