ချင်းပြည်နယ်   ကပ်တဲလ်ကျေးရွာအား lock down တစ်ပတ်ထပ်မံတိုးမြှင့် 

ဟားခါး     ၂၂    ဧပြီ             

ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏  ၁၀ /၂၀၂၀ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၁ ရက်နေ့ ညနေ ၃ နာရီ အချိန်က ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကပ်တဲလ် ကျေးရွာအားဒေသခံပြည်သူများအကျိုးအတွက်  lock down တစ်ပတ် ထပ်မံတိုးမြှင့်ကြောင်း အစည်းအဝေး ဆွေးနွေးဆုံးဖြတ်ချက်များအရ သိရှိရသည်။ 

အဆိုပါ အစည်းအဝေးသို့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ကော်မတီအတွင်းရေးမှူး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တွဲဖက်အတွင်းရေးမှူး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းနှင့်ဖိတ်ကြားထားသော ပြည်နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြပြီး မဟာသင်္ကနြ်ကာလအတွင်း မိမိနေရပ်ပြန် ဝန်ထမ်းများ ရှိ၊ မရှိ ဌာနဆိုင်ရာအကြီးအကဲများက သေချာစိစစ်ရန်နှင့် ခွင့်ပြုချက်ရယူခြင်းမရှိပဲ သွားရောက်ခဲ့သည့် ဝန်ထမ်းများအား ညွှန်ကြားချက်နှင့်အညီ Community Basic Facility Quarantine ထားရှိဆောင်ရွက်ရန်နှင့်လိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်နိုင်ရေး သတင်းပေးပို့သွားရန်၊ ထိုင်းနိုင်ငံမှ ပြန်ရောက်လာမည့်သူများအား Facility Quarantine ထားရှိဆောင်ရွက်ရန်နှင့်  ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေး လက်ရှိအခြေအနေများနှင့် ဆက်လက် ဆောင်ရွက်သင့်သည့်အချက်များကို ဆွေးနွေး ပြောကြားခဲကြသည်။ 

ယင်းနောက် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ တွဲဖက် အတွင်းရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းက ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာကြမည့်သူများနှင့် ပတ်သက်၍ သက်ဆိုင်ရာ မိသားစုများနှင့် ဆက်စပ်၍ ကြိုတင်စာရင်းပြုစုထားရှိနိုင်ရေးလုပ်ငန်းများ၊ တီးတိန်မြို့နယ် ကပ်တဲလ်ကျေးရွာနှင့် တီးတိန်မြို့တို့၏ အခြေအနေ တို့ကို တင်ပြဆွေးနွေးခဲ့ကြသည်။ 

ထို့နောက် ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များက ပြည်နယ်အတွင်း ဒေသအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လုပ်ငန်း လိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေး၍ အကြံပြုဆွေးနွေးတင်ပြချက်များနှင့် ဒေသလုပ်ငန်းလိုအပ်မှု     တင်ပြချက်များအပေါ်     ပေါင်းစပ်ညှိနှိုင်းပေးခြင်းများဆောင်ရွက်ခဲ့ကြပြီး ကပ်တဲလ်ကျေးရွာ lock down ချခြင်းကို ဧပြီ ၂၈ ရက်နေ့အထိ တစ်ပတ်ထပ်မံတိုးမြှင့်    ဆောင်ရွက်ရန်၊ တီးတိန်မြို့ အခြေခံပညာအထက်တန်းကျောင်းအား ယာယီဆေးရုံဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် အချက်များကို ဆွေးနွေးဆုံးဖြတ်ကြောင်း  သိရှိရသည်။

မြင့်နိုင်စိုး (ပြန်/ဆက်)