ချင်းပြည်နယ် ကျေးလက်ဒေသတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာစေမည့်သီကီးရ်ရေလှောင်တမံ

ထန်တလန် ၁၁ မေ

 

ချင်းပြည်နယ်ထန်တလန်မြို့နယ်သီကီးရ် ကျေးရွာအနီးတွင်တည်ဆောက်သည့်သီကီးရ် ရေလှောင်တမံစီမံကိန်းမှ ဒေသခံပြည်သူများဆည်ရေရရှိရေးသာမက အသေးစားရေအားလျှပ်စစ်စက်ရုံတည် ဆောက်ပြီးအနီးပတ်ဝန်းကျင်ကျေးရွာများအားလျှပ်စစ်မီးရရှိရေးကိုပါ ဆောင်ရွက်လျက်ရှိကြောင်းဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတည်ဆောက်ရေး(၃)မှသိရသည်။

 

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနတည်ဆောက်ရေး(၃)မှဦးစီးအရာရှိ(မြို့ပြ) ဦးဗညားစိုးက ''နွေရာသီမှာ သောက်သုံးရေရှားပါးတဲ့ တောင်ပေါ်ဒေသကျေးလက်နေပြည်သူတွေကို သောက်သုံးရေသာမကစိုက်ပျိုးရေပေးဝေနိုင်ရေး၊မိုးရာသီကာလအတွင်းရွာသွန်းတဲ့မိုးရေတွေကိုအကျိုးရှိရှိသိုလှောင်သုံးစွဲနိုင်ရေး၊သဘာဝဘေးအန္တရာယ်မှ လျော့ပါးသက်သာစေရေး၊ ဒေသအတွင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးနဲ့ ရေရှည်တည်တံ့တဲ့ ရေအသုံးချမှု ဖြစ်စေရေးတို့အပြင်အသေးစားရေအားလျှပ်စစ်၅ဝကီလိုဝပ်ထုတ်လုပ်ပြီးအနီးပတ်ဝန်းကျင်ကျေးရွာတွေကိုလျှပ်စစ်မီးပေးဝေမှာဖြစ်တယ်''ဟု ပြောသည်။

 

ထန်တလန်မြို့နယ်သီကီးရ်ရေလှောင်တမံကို၂ဝ၁၆ခုနှစ်ဒီဇင်ဘာ၁၆ရက်မှစတင်ကာဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတည်ဆောက်ရေး(၃)မှတာဝန်ယူကာသီကီးရ်ချောင်းတွင်တည် ဆောက်ခဲ့ခြင်း ဖြစ်ပြီးအလျားပေ၅ဝဝရှိ မြေသားတမံအမျိုးအစားဖြစ်ကြောင်း၊ကန်ရေပြည့်ပမာဏမှာ၁၃၆၅ဧကပေဖြစ်ကြောင်းသိရသည်။

 

သီကီးရ်ရေလှောင်တမံစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်အကြိုတည်ဆောက် ခြင်း၊တမံတည်ဆောက်ခြင်း၊ ရေထုတ်ပြွန်တည်ဆောက်ခြင်း၊ ရေပိုလွှဲတည်ဆောက်ခြင်းနှင့်ဆည်ရေသောက်စနစ်တည်ဆောက်ခြင်းလုပ်ငန်းများကိုဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှတာဝန်ယူဆောင်ရွက်ကာကုန်းမြင့်လယ်ယာ ဖော်ထုတ်ခြင်းနှင့်အသေးစားရေအားလျှပ်စစ်၅ဝကီလိုဝပ်ထုတ်လုပ်ခြင်းလုပ်ငန်းကိုစက်မှုလယ်ယာဦးစီးဌာနနှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

 

ကုန်းမြင့်လယ်ယာနှင့်အမြဲတမ်း တောင်ယာဖော်ထုတ်ရာတွင်မူလကဧက၅၅ဝ ဖော်ထုတ်ရန်ဖြစ်သော်လည်းစုစုပေါင်းဧက၆ဝဝ ကျော် ဖော်ထုတ်ခဲ့ပြီးဖြစ်ကြောင်းဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးဦးအောင်ကျော်မိုးက ပြောသည်။

 

သီကီးရ်ရေလှောင်တမံသည်ဧရိယာ၁ဒသမ၁ဝစတုန်းမိုင်၊တမံအမြင့်၇၅ ပေ၊ကန်ရေသေရေလှောင်ပမာဏဧက၆ဝ ၊ကန်ရေပြည့်ရေပြင်ကျယ်ဧရိယာ၄၂ဧက ဖြစ်၍ ရေထုတ်ပြွန်အမျိုးအစားမှာသံကူကွန်ကရစ်ဖြစ်ပြီးအလျား၃၆၅ ပေ၊အရွယ်အစားအားဖြင့်အချင်းသုံးပေ (Glass-fibre Reinforced Pipe) Ogee Type ရေပိုလွှဲအမျိုးအစားဖြစ်ပြီးအလျား၄၁၅ ပေ၊အကျယ် ပေ၂ဝ ဖြစ်ကာဆည်ရေပေးဝေနိုင်မည့်ဧရိယာမှာဧက ၅၅ဝ ဖြစ်ကြောင်း၊သီကီးရ် ရေလှောင်တမံစီမံကိန်း၏ဆည်ရေသောက်စနစ်မှာ တောင်ပေါ်ဒေသဖြစ်၍တူးမြောင်းစနစ်ဖြင့် ရေပေးဝေခြင်းအစားပိုက်စနစ်ဖြင့်စိုက်ပျိုးရေပေးဝေခြင်းဖြစ်ကြောင်းဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတည်ဆောက်ရေး(၃)မှသိရသည်။

 

ယခုအချိန်တွင်သီကီးရ်ရေလှောင်တမံစီမံကိန်းလုပ်ငန်းများမူလရန်ပုံငွေကျပ်၅ဒသမ၂၃၄ဘီလီယံဖြင့် ဆောင်ရွက်မှုမှာ ၁ဝဝရာခိုင်နှုန်းပြီးစီးပြီဖြစ်သော်လည်းအသေးစား ရေအားလျှပ်စစ်ကီလိုဝပ်၅ဝစက်ရုံကို နောက်တိုးရန်ပုံငွေဖြင့် ဆောင်ရွက်ဆဲဖြစ် ကြောင်းဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှသိရသည်။

 

ထို့ကြောင့်ချင်းပြည်နယ်ထန်တလန်မြို့နယ်သီကီးရ်ကျေးရွာနှင့်အနီးပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများသည် သောက်သုံးရေရှားပါးမှုမှကင်းဝေးကာစိုက်ပျိုးမြေဧရိယာများတွင်လည်းစိုက်ပျိုးရေများရရှိပြီးသဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ကာမကြာခင်အသေးစားရေအားလျှပ်စစ်မှလျှပ်စစ်မီးရသဖြင့် ဒေသခံကျေးလက်နေပြည်သူတို့၏လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်းသိရသည်။

 

မြို့နယ်(ပြန်/ဆက်)