ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်  ဟားခါးမြို့၌ ကိုဗစ်−၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးနေမှု ကြည့်ရှုအားပေး

ဟားခါး  ဇူလိုင်    ၃၁

 

ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏စီစဉ်မှုဖြင့် ဟားခါးမြို့တွင် တာဝန်ထမ်းဆောင်သည့် နိုင်ငံ့ ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမည့်အစီအစဉ်မှကျန်ရှိသည့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇူလိုင် ၃၀ ရက် နံနက် ၉ နာရီမှစ၍ ဟားခါးမြို့ မြို့တော်ခန်းမ၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေကို ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်နှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက ကြည့်ရှု့အားပေးကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ကာကွယ်ဆေးထိုးနှံပေးသည့်အဖွဲ့အား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးတို့မှ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်အထူးကုဆရာဝန်များ၊ ဆေးမှူးများနှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်း၍ ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။

 

ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ လက်သန့်ဆေးရည်ဖြင့် လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း ၊ ဆေးမထိုးရအုပ်စု မှန် ၊ မမှန် စိစစ်ခြင်း ၊ ကာကွယ်ဆေးထိုးပြီးပါက မိနစ် (၃၀ ) ကြာ စောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   

ဇူလိုင် ၂၉ ရက်တွင် ဆေးထိုးစုရပ်နှစ်နေရာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို လူဦးရေ စုစုပေါင်း (၂၇၃ ) ဦးထိုးနှံပေးခဲ့ပြီး ဇူလိုင် ၃၀ ရက်နေ့တွင် မြို့တော်ခန်းမ၌ (၂၃၂) ဦးနှင့် ထန်တလန်မြို့ တီဘီစီဘုရားကျောင်း ဆေးထိုးစုရပ်တွင် လူဦးရေ (၁၄၄) ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက် )