ခန္ဓာကိုယ်ရောဂါပြီးစနစ်နှင့် ကိုဗစ်-၁၉ ရောဂါ

ဒေါက်တာဝင်းအောင် (သုတေသီ)
ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း)

 

လက်ရှိအချိန်ကာလ ကမ္ဘာတစ်ဝန်း မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတိုင်းတွင် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ပိုးသည် လျင်မြန်စွာ နာရီမပြတ် ကူးစက်ပျံ့နှံ့လျက်ရှိပြီး သေဆုံးသူများလည်း နေ့စဉ်တိုးပွားများပြားလျက် ရှိနေပါသည်။ ထုတ်ပြန်ချက်များအရ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂ ရက်နေ့အထိ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူပေါင်း ၃၄ သန်းကျော်နှင့် သေဆုံးသူပေါင်း တစ်သန်းကျော်ရှိပြီး မြန်မာနိုင်ငံတွင် ကူးစက်ခံရသူ ၁၅၅၂၅ ဦးနှင့် သေဆုံးသူ ၃၅၃ ဦးရှိပါ သည်။ ရောဂါပိုးကူးစက်ခံရခြင်းကြောင့် အခြေအနေ ဆိုးရွားသူများနှင့် သေဆုံးသူများ၏ အများစုမှာ ကိုယ်ခံ အားနည်းသူများ၊ နာတာရှည်ရောဂါများဖြစ်သော ကင်ဆာ၊ သွေးတိုး၊ ဆီးချို၊ အဆုတ်၊ ကျောက်ကပ်၊ အဝလွန်၊ နှလုံးနှင့် သွေးကြောရောဂါ အခံရှိသူများနှင့် သက်ကြီးရွယ်အိုများ ဖြစ်ကြပါသည်။ ယေဘုယျအားဖြင့် ကိုယ်ခံအားကောင်းလျှင် ရောဂါပိုးအလွယ်တကူ ကူးစက် နိုင်ခြင်းမရှိပါ။ အခန့်မသင့်၍ ကူးစက်ခြင်းခံရစေကာမူ ရောဂါခံစားရမှု ဆိုးရွားပြင်းထန်ခြင်းမရှိသည့်အပြင် သေဆုံးမှုလည်း လျော့နည်းပါသည်။ ယခုဆောင်းပါးတွင် ရောဂါပိုးဝင်ရောက်ခြင်းကို ကာကွယ်မှုပေးနိုင်ပြီး ရောဂါပိုးဝင်ရောက်လာပါကလည်း တိုက်ထုတ်၊ ဖျက်ဆီး ပေးနိုင်သည့် ခန္ဓာကိုယ်၏ ရောဂါပြီးစနစ်အကြောင်း နှင့် ဖော်ပြပါစနစ်ကြီး ပိုမိုကောင်းမွန်စေရေးအတွက် လိုက်နာဆောင်ရွက်သင့်သည်များကို တင်ပြလို ပါသည်။

 

(၁) ခန္ဓာကိုယ်ရောဂါပြီးမှု

 

သက်ရှိလူသားတိုင်းတွင် ခန္ဓာကိုယ်ကိုအန္တရာယ်ပြုစေနိုင်မည့် ပြင်ပမှရောဂါပိုးများနှင့်အဆိပ်အတောက် များ ဝင်ရောက်လာပါက ခုခံကာကွယ်မှု ပြုနိုင်သော ရောဂါပြီးမှု ဖြစ်စေသည့်စနစ် (immune system) များ ရှိပါသည်။

 

မွေးရာပါပင်ကိုရောဂါပြီးမှု

 

ပြင်ပရောဂါပိုးများကို ကာကွယ်တိုက်ထုတ်နိုင်ရန် မွေးရာပါ အရေပြား၊ အမွေးအမှင်၊ ခန္ဓာကိုယ်တွင်းအင်္ဂါ အချို့၊ သွေးဖြူဥများနှင့် သွေးတွင်းရှိ တချို့သောဓာတ် ပစ္စည်းတို့ကြောင့် လူသားတိုင်းသည် ပင်ကိုရောဂါပြီးမှု ယေဘုယျအားဖြင့် ရရှိထားကြပါသည်။ ရောဂါပိုး ဝင်ရောက်ကူးစက်ခြင်း မခံရမီကတည်းက သဘာဝမှ ပေးထားသော ရောဂါပြီးမှုဖြစ်ပြီး ရောဂါပိုးကို ဦးစွာ ချက်ချင်းစတင်ကာကွယ်၊ တိုက်ထုတ်နိုင်သည့် ရောဂါပြီးမှု ဖြစ်ပါသည်။ ပိုးကို တိကျမှတ်မိသော ရောဂါပြီးမှုတော့ မဟုတ်ပါ။

 

မွေးပြီးနောက်ပိုင်းမှ ရရှိသည့် ရောဂါပြီးမှု

 

မွေးရာပါပင်ကိုမဟုတ်ဘဲ မွေးပြီးနောက်ပိုင်းမှ ရရှိလာသည့် ရောဂါပြီးမှုဖြစ်ပါသည်။ နှစ်မျိုးရှိပါသည်။

 

အခြားမှအသင့်ရရှိသည့် ရောဂါပြီးမှု

 

ရောဂါပိုးကို ခုခံကာကွယ်မှုပြုနိုင်သည့် ကိုယ်ခံအား ပဋိပစ္စည်း (Antibody) များကို ခန္ဓာကိုယ်မှကိုယ်တိုင် ထုတ်ပေးခြင်းမဟုတ်ဘဲ ပြင်ပမှအသင့်ရရှိသည့် ရောဂါပြီး မှု ဖြစ်ပါသည်။ ဥပမာ- ကိုယ်ဝန်ဆောင်စဉ်ကာလတွင် မိခင်၏သွေးတွင်းရှိ ကိုယ်ခံအားပဋိပစ္စည်းများကို အချင်းမှတစ်ဆင့် သ‌န္ဓေသားမှရရှိခြင်းနှင့် မိခင်၏နို့ရည်မှ တစ်ဆင့် မွေးကင်းစရင်သွေးငယ်မှ ရရှိခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် ရောဂါပြီးမှုဖြစ်ပါသည်။ ထို့အပြင် ရောဂါပိုးကူးစက်ခံရပြီး ပျောက်ကင်းသွားသည့် လူနာများ၏ သွေးတွင်းကျန်ရစ်ခဲ့သော ပဋိပစ္စည်းများပါဝင်သောသွေးရည်ကြည်ကို ရောဂါဖြစ်နိုင်ခြေများသည့် သို့မဟုတ် လက်ရှိရောဂါ ခံစားနေရသည့်လူနာများအား ထိုးနှံပေးခြင်းဖြင့် ရောဂါကာကွယ်ကုသရာတွင် ဖြေဆေးအဖြစ်အသုံးပြုသည့်ရောဂါပြီးမှု ဖြစ်ပါသည်။ (ဥပမာ-အသည်းရောင် အသားဝါဘီပိုး ဖြေဆေး၊ ခွေးရူး ပိုးဖြေဆေး)။ သို့သော် ဖော်ပြပါရောဂါပြီးကာကွယ်မှု ကာလသည် ရက်ပိုင်းမှသည် လပိုင်းအထိသာ ရှိပါသည်။

 

ပြင်ပမှလှုံ့ဆော်မှုကြောင့် ရရှိသည့်ရောဂါပြီးမှု

 

မွေးရာပါပင်ကိုနှင့် ပြင်ပမှအသင့်ရရှိသည့် ရောဂါပြီးမှုများမဟုတ်ဘဲ ပြင်ပမှလှုံ့ဆော်မှုကြောင့် ခန္ဓာကိုယ်ရောဂါပြီးစနစ်၏ တုံ့ပြန်မှုဖြင့် ရရှိလာသည့် ရောဂါပြီးမှု ဖြစ်ပါသည်။ ရောဂါပိုးကို တိကျမှတ်မိသော ရောဂါပြီးမှု ဖြစ်ပါသည်။ နှစ်မျိုးရှိပါသည်။

 

ရောဂါပိုးကြောင့်ရရှိသည့် သဘာဝရောဂါပြီးမှု

 

ခန္ဓာကိုယ်တွင်းသို့ ရောဂါပိုးဝင်ရောက်ပြီးနောက် ရောဂါပြီးစနစ်၏တုံ့ပြန်မှုကြောင့်ပေါ်ထွက်လာပြီး ရောဂါ ပျောက်ကင်းသွားသည့်အခါ ခန္ဓာကိုယ်တွင်းကျန်ရစ်ခဲ့သော ပဋိပစ္စည်းများကြောင့် ဆက်လက်ရရှိသည့် ရောဂါပြီး ကာကွယ်မှုဖြစ်ပါသည်။ သို့သော် ကူးစက်ခံရသူသည် ရောဂါမပျောက်မီအချိန်ပိုင်းတွင် အန္တရာယ်ရှိနိုင်ပါသည် (ဥပမာ- အသည်းရောင်အသားဝါဘီရောဂါ၊ ဝက်သက် ရောဂါ)။ အချိန်အားဖြင့် နှစ်ပိုင်းမှသည် တစ်သက်တာအထိ ရောဂါပြီး ကာကွယ်မှုပေးနိုင်ပါသည်။

 

ကာကွယ်ဆေးကြောင့် တုံ့ပြန်ရရှိသည့်ရောဂါပြီးမှု

 

ကာကွယ်ဆေးထိုးနှံမှုခံယူသူများတွင် ခန္ဓာကိုယ် ရောဂါပြီးစနစ်၏ တုံ့ပြန်မှုကြောင့် ကိုယ်ခံအားပဋိပစ္စည်းများ ရရှိသည့် ရောဂါပြီးမှု ဖြစ်ပါသည်။ ထိုးနှံမှုခံယူသူအတွက် အန္တရာယ်လုံးဝကင်းပါသည်။(ဥပမာ- ဘီပိုးကာကွယ်ဆေး၊ မေးခိုင်ကာကွယ်ဆေး၊ ရာသီတုပ်ကွေး ကာကွယ်ဆေး) အချိန်အားဖြင့် နှစ်ပိုင်းမှသည် အချိန်အတိုင်းအတာတစ်ခု အထိ ရောဂါပြီး ကာကွယ်နိုင်မှု ရရှိနိုင်ပါသည်။

 

ပြည်သူလူထု အုပ်စုတစ်ရပ်ရောဂါပြီးမှု

 

ပြည်သူ့ကျန်းမာရေးကဏ္ဍတွင် ပြည်သူလူထုအတွင်း ရောဂါခုခံကာကွယ်မှုရရှိနိုင်မှုတွင် အလေးထားရန်လိုအပ် သော ရောဂါပြီးမှု ဖြစ်ပါသည်။ ပြည်သူလူထုအတွင်း အုပ်စု တစ်ရပ်ရှိလူများသည် မိမိခန္ဓာကိုယ်တွင် ရောဂါပိုးကို ကာကွယ်နိုင်မည့် ပဋိပစ္စည်းများ အမှန်တကယ်ရှိ၍မဟုတ်ဘဲ မိမိ၏ပတ်ဝန်းကျင်ရှိ လူအများစုတွင် အဆိုပါပဋိပစ္စည်း များရှိနေပြီးဖြစ်ခြင်းကြောင့် ဖော်ပြပါ ရောဂါပြီးလူများက တစ်ဆင့် မိမိအားရောဂါပိုးကူးစက်ခြင်းမရှိနိုင်တော့ဘဲ မိမိမှာ ရောဂါပြီးသကဲ့သို့ အခြေအနေတစ်ရပ် ရရှိထားခြင်းကို ဆိုလိုပါသည်။ ကူးစက်ရောဂါပိုးသည် အဆိုပါပိုးကိုခုခံ ကာကွယ်နိုင်သည့် ပဋိပစ္စည်းရှိနေသော ရောဂါပြီးလူများထံ ဝင်ရောက်ကူးစက်ခြင်း၊ ပျံ့နှံ့ခြင်းနှင့် တခြားလူများသို့ ထပ်မံကူးစက်စေခြင်း မရှိသဖြင့် ပြည်သူလူထုအတွင်း ရောဂါကာကွယ်သည့် ပဋိပစ္စည်းများမရှိသေးသည့် လူ တစ်အုပ်စုအတွက် ကူးစက်နိုင်ခြေ လွန်စွာနည်းပါးသွားမည် ဖြစ်ပါသည်။ တိုက်ရိုက်မဟုတ်ဘဲ သွယ်ဝိုက်၍ ရောဂါပြီးမှု ရရှိခြင်းဖြစ်ပါသည်။ အထက်ပါလူတစ်အုပ်စု ရောဂါပြီးမှု အခြေအနေကို ရရှိနိုင်ရန်အတွက် ပြည်သူလူထုအတွင်းရှိ လူအားလုံး၏ (ရောဂါပိုး၏ ကူးစက်လွယ်နိုင်မှုပေါ်မူတည်၍) ၆၀ မှ ၉၀ ရာခိုင်နှုန်းခန့်တွင် ရောဂါပိုးကို ကာကွယ်နိုင် သည့်ပဋိပစ္စည်းများ (ရောဂါပိုးကူးစက်ခံရ၍သော်လည်း ကောင်း၊ ကာကွယ်ဆေးထိုးနှံမှုခံယူ၍သော် လည်းကောင်း) ရှိနှင့်နေရမည် ဖြစ်ပါသည်။ သို့ရာတွင် ရောဂါပိုး၏ မျိုးရိုးဗီဇ ပြောင်းလဲမှု၊ ရောဂါကူးစက်နိုင်စွမ်း (ရောဂါပိုးကူးစက်မှု ညွှန်းကိန်း) ပြောင်းလဲမှု၊ အချိန်ကာလ၊ အခြေအနေနှင့် ဖြစ်ပွား သည့် နေရာဒေသအပေါ်မူတည်၍ လူထုအုပ်စုတစ်ရပ် ရောဂါပြီးမှုရရှိရန် လိုအပ်သည့်ရာခိုင်နှုန်းမှာလည်း ပြောင်းလဲ လာနိုင်ပါသည်။ ယခင်ကနဦးထက် ပိုတိုး/လျော့လာနိုင်ပါ သည်။

 

(၂) ရောဂါပြီးစနစ်အခြေခံသော ကာကွယ် /ကုသဆေးနှင့် ကိုဗစ်-၁၉ ရောဂါ

 

ကိုဗစ်-၁၉ ရောဂါပြီး ကာကွယ်ဆေး

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ထုတ်ပြန်ချက်အရ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၈ ရက်နေ့အထိ ကမ္ဘာတစ်ဝန်း နိုင်ငံ ၂၀ ခန့်တွင် စမ်းသပ်သုတေသနပြုလျက်ရှိသော ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၄၂ မျိုးရှိပါ သည်။၂၉ မျိုးသည် လူသားများအပေါ်တွင် စမ်းသပ်လျက်ရှိပြီး ကိုးမျိုးသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပါသည်။ အမေရိကန်၊ ရုရှားနှင့် တရုတ်နိုင်ငံတို့မှ ယခုနှစ်အတွင်း ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ကြေညာထားပါသည်။ သို့သော် အစွမ်းထက်၍ အန္တရာယ်ကင်းသော ရောဂါ ကာကွယ်ဆေးများကို ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းခန့်မှသာ အောင်မြင်စွာထုတ်လုပ်နိုင်ပြီး ကမ္ဘာတစ်ဝန်းနိုင်ငံများမှ ရရှိနိုင်မည်ဖြစ်ကြောင်း WHO က ခန့်မှန်းထားပါသည်။

 

ကိုဗစ်-၁၉ ရောဂါပြီး ကုသဆေး

 

ကိုဗစ်-၁၉ ရောဂါ ဆိုးရွားစွာခံစားရပြီး ပြန်လည်ကောင်းမွန်ကျန်းမာလာသောလူနာများ၏သွေးမှ ထုတ်ယူ ထားသည့်ကိုယ်ခံအား ပဋိပစ္စည်းများ ပါဝင်သောသွေးရည် ကြည် (Convalescent Plasma) ကို ကိုဗစ်-၁၉ ရောဂါ ခံစားရ၍ အခြေအနေဆိုးရွားသူများအား ထိုးနှံကုသပေး သည့် ကုထုံးဖြစ်ပါသည်။ ထူးခြားသိသာစွာ ရောဂါသက်သာ လာသည့် အထောက်အထားများ တွေ့ရှိရသဖြင့် အမေရိကန်နိုင်ငံ FDA က ၂၀၂၀ ပြည့်နှစ် သြဂုတ်လအတွင်းက အရေးပေါ်သုံးစွဲခွင့် (Emergency Use Authorization) ပြုထားကြောင်း သိရှိရပါသည်။ သို့သော် လက်ရှိအချိန်အထိ WHO က တရားဝင်အသိအမှတ်ပြု တိကျထိရောက်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ကိုဗစ်-၁၉ ရောဂါပိုးကို သေစေသော ကုသဆေး မရှိသေးပါ။ ဖော်ပြပါဆေးများသည် လူသားများအပေါ်တွင် ရောဂါကိုကာကွယ်ကုသနိုင်စွမ်း မည်မျှရှိနိုင်မည်၊ ထိုးပြီးမည်မျှအချိန်အထိ ကာကွယ်ကုသ မှုပေးနိုင်မည်၊ ရေရှည်အန္တရာယ်ကင်းမှု ရှိ၊ မရှိ တို့ကို ဆက်လက်စမ်းသပ်သုတေသနပြု စောင့်ကြည့်လေ့လာ ရဦးမည်ဖြစ်ပါသည်။

 

လူထုအုပ်စုတစ်ရပ် ကိုဗစ်-၁၉ ရောဂါပြီးခြင်း

 

၂၀၂၀ ပြည့်နှစ် နှစ်ဦးပိုင်းတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုညွှန်းကိန်း (Rဝ) သည် နှစ်မှ သုံးအထိ ရှိပါသည်။ ကိုဗစ်-၁၉ရောဂါရှင် တစ်ဦးမှတစ်ဆင့် တခြားသောရောဂါပိုး မရှိသေးသူ လူကောင်းနှစ်ဦးမှ သုံးဦးအထိ ကူးစက်မှု ပြုနိုင် သည်ဟု ဆိုလိုပါသည်။ ပုံသေနည်း (1- 1/Ro) ဖြင့် တွက်ချက်ကြည့်ပါက လူထုအုပ်စုတစ်ရပ်ရောဂါပြီးမှု ရရှိရန်လိုအပ်သည့် ရာခိုင်နှုန်းမှာ ပြည်သူလူထုအားလုံး၏ ၆၀ မှ ၇၀ ရာခိုင်နှုန်းအထိတွင် ရောဂါကာကွယ်နိုင်သည့် ပဋိပစ္စည်းရှိနေမှ၊ ရောဂါပြီးနေမှသာ လူထုအုပ်စုတစ်ရပ် သည် ကိုဗစ်-၁၉ရောဂါပိုး ရောဂါပြီးမှုရရှိနိုင်မည် ဖြစ်ပါသည်။ 

 

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ များတွင် ကိုဗစ်-၁၉ ရောဂါပိုးသည် မျိုးရိုးဗီဇပြောင်းလဲလာမှုကြောင့် ယခင်ထက် ၁၀ ဆခန့်ပိုမိုကူးစက်လွယ်၊ ကူးစက်မြန်သည့် အခြေအနေတွင် ရှိလာကြောင်းသိရှိရ ပါသည်။ ထို့ကြောင့် ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှု ညွှန်းကိန်းနှင့် လူထုအုပ်စုတစ်ရပ်ရောဂါပြီးမှုရရှိရန် လိုအပ်သည့် ရာခိုင်နှုန်းမှာလည်း ယခင်ထက်ပိုများလာ နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကမ္ဘာတွင်သာမက မြန်မာ နိုင်ငံတွင်ပါ လက်ရှိကာလတွင် အချိန်တိုအတွင်း အထက် ဖော်ပြပါရာခိုင်နှုန်းရရှိရန် မလွယ်ကူသေးပါ။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခံယူမှု အမြန်ဆုံးရရှိမှသာ ဖြစ်နိုင်ခြေ ရှိမည် ဖြစ်ပါသည်။

 

(၃) ရောဂါပြီးမှုကိုယ်ခံအား ပိုမိုကောင်းမွန်စေရေးအတွက် လိုက်နာဆောင်ရွက်သင့်သည်များ


မြန်မာနိုင်ငံတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခြင်းခံရသော လူနာများ၏ ၇၀ ရာခိုင်နှုန်းသည် ရောဂါလက္ခဏာလုံးဝမပြသူများ ဖြစ်ပါသည်။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလဆန်း စစ်တမ်းများအရ ကူးစက်ခံရ သူအားလုံး၏ ၄၀ ရာခိုင်နှုန်းသည် ရောဂါလုံးဝမပြင်းထန် ပါ။ ကျန် ၄၀ ရာခိုင်နှုန်းသည် အနည်းငယ်သာပြင်းထန်ပြီး အဆုတ်ရောင်ရောဂါ အသင့်အတင့်ခံစားရပါသည်။ ကျန် ၁၅ ရာခိုင်နှုန်းသည် ရောဂါဆိုးရွားပြင်းထန်သောကြောင့် အောက်ဆီဂျင်ကုထုံးဖြင့် ကုသမှုပေးရပြီး ကျန် ငါး ရာခိုင်နှုန်းသည် ရောဂါလွန်စွာဆိုးရွားသဖြင့် အသက်ရှူ ထောက်ကူပြုစက်ဖြင့် ကုသမှုပေးရပါသည်။ တင်ပြပါ ရောဂါဝေဒနာဆိုးရွားခြင်း မရှိသူ ၈၀ ရာခိုင်နှုန်းသည် အထူးကြပ်မတ်ကုသမှုများပေးရန်မလိုဘဲ ကျန်းမာစွာ ဆေးရုံမှဆင်းခွင့်ပြုခံရသူများ ဖြစ်ကြပါသည်။ အဆိုပါ သူများသည် အများစုမှာ လူငယ်လူရွယ်များဖြစ်ခြင်း (သက်ကြီးရွယ်အိုများ မဟုတ်ခြင်း)နှင့် ရောဂါအခံ ကြီးကြီးမားမားမရှိသူများ ဖြစ်ကြသကဲ့သို့ ရောဂါ ကာကွယ်မှု၊ ရောဂါပြီးမှုနှင့် ကိုယ်ခံအားကောင်းမွန်သူ များလည်း ဖြစ်ကြပါသည်။ အသက်အရွယ်နှင့် ရောဂါ အခံများရှိနေခြင်းတို့ကို ပြောင်းလဲ၍မရနိုင်သော်လည်း ရောဂါကူးစက်ခံရခြင်း မရှိသေးသူနှင့် ရှိနေပြီးသူတို့၏ ရောဂါပြီးမှုတွင် ကိုယ်ခံအားကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှု၊ ခံစားရမည့် နောက်ဆက်တွဲ ရောဂါဆိုးရွားမှု နှင့် သေဆုံး မှုတို့ကို ကာကွယ်၊ လျော့ပါးအောင် ပြုလုပ်နိုင်မည်ဖြစ်ပါ သည်။ ထို့ကြောင့် တိကျထိရောက် စိတ်ချရသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး၊ ကုသဆေးနှင့် လူထုအုပ်စုတစ်ရပ် ရောဂါပြီးမှု မရရှိနိုင်မီ ယခုကာလတွင် ပြည်သူများသည် မိမိခန္ဓာကိုယ်ရှိ ရောဂါပြီးကိုယ်ခံအားစနစ်ကို ပိုမို ကောင်းမွန်စေရန်နှင့် ရောဂါပိုးများကို အမြဲအသင့် အနေ အထားဖြင့် တုံ့ပြန်တိုက်ထုတ်၊ ဖျက်ဆီးပေးနိုင်သည့် အင်အားများ မိမိတွင် အပြည့်ရှိနေစေရန်အတွက် အောက်ဖော်ပြပါ အစာအာဟာရ စားသုံးမှုနှင့် နေထိုင်မှု အလေ့အထတို့ကို လိုက်နာဆောင်ရွက်ကြရန် လိုအပ် ပါမည်။


အစာအာဟာရ


သင့်တင့်မျှတ၍ ကျန်းမာရေးနှင့်ညီညွတ်သော အာဟာရပြည့်ဝသည့် အစားအစာများကို စားသုံးပါ၊ ရောဂါပြီးစနစ်ကို ပိုမိုကောင်းမွန်စေသည့် စားသုံးသင့် သောအစားအစာများမှာ- လတ်ဆတ်သောအသီးအနှံ၊ အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်နှင့် ချဉ်သော အသီးများ ဖြစ်သည့် - သံပရာသီး၊ သံပရိုသီး၊ စပျစ်သီး၊ စတော်ဘယ်ရီသီး၊ လိမ္မော်သီး၊ ကျွဲကောသီး၊ ပန်းသီး၊ ဖရဲသီး၊ ခရမ်းချဉ်သီး၊ ငရုတ်ပွသီး၊ ဆီးဖြူသီး၊ မာလကာသီး၊ ငှက်ပျောသီး၊ ကြက်ဟင်းခါးသီး၊ သင်္ဘောသီး၊ ဖရုံသီး၊ ဘူးသီး၊ ကီဝီသီး၊ မုန်ညင်းထုပ်၊ ပန်းမုန်လာ၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီ၊ ဟင်းနုနယ်၊ ရဲယို၊ အာလူး၊ ကြက်သွန်ဖြူ၊ ချင်း(ဂျင်း)၊ တရုတ်နံနံပင်၊ အစေ့အဆန်များ၊ ဗာဒံစေ့၊ နေကြာစေ့၊ နနွင်း၊ နွယ်ချို၊ သစ်သီးဖျော်ရည်၊ လက်ဖက်ရည် ကြမ်းအစိမ်း (Green Tea)၊ ငါး၊ အမဲ၊ ကြက်၊ ဘဲ၊ ငန်း၊ ကြက်ဆင်သား၊ ကြက်ပေါင်းရည်၊ အရိုးပြုတ်ရည်၊ ခရု၊ ကဏန်း၊ ခုံးကောင်၊ ဆယ်လမွန်ငါး၊ သံလွင်ဆီ၊ ဟင်းရွက် ဆီ၊ ငါးကြီးဆီ၊ နို့၊ ကြက်ဥ၊ ပဲအမျိုးမျိုး၊ ကွေကာအုပ်၊ အချဉ်ဖောက်ထားသော ဒိန်ချဉ်၊ ကင်ချီနှင့် ဂေါ်ဖီရွက် သနပ်တို့ ဖြစ်ပါသည်။ ရောဂါပြီးစနစ်ကို လျော့နည်း ကျဆင်းစေသည့် ရှောင်ရန်သင့်သော အစားအစာများမှာ- အရက်၊ ဆိုဒါ၊ ဆေးလိပ်၊ ဆေးရွက်ကြီး၊ သကြား၊ အချို လွန်ကဲသောအရည်နှင့် အစာများ၊ ကယ်လိုရီများသော အစာများနှင့် ပြုပြင်စီမံထားသော အစာများ ဖြစ်ပါသည်။

 

နေထိုင်မှုအလေ့အထ

 

မိမိ၏ကိုယ်ခံအားစနစ် ကောင်းမွန်စေရန် အိပ်ချိန် လုံလောက်ပါစေ၊ အိပ်ရေးဝပါစေ၊ လေ့ကျင့်ခန်းမှန်မှန် လုပ်ပါ၊ ပူပင်သောက စိတ်ဖိစီးမှုလျှော့ပါ၊ အကောင်းမြင်ဝါဒ ထားပါ၊ ပုံမှန်တရားထိုင်ပါ၊ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုပြုပါ၊ နွေးနွေးထွေးထွေးနေပါ၊ အအေးမခံပါနှင့်၊ နံနက် ပိုင်းတွင် နေပူဆာလှုံပါ၊ လေကောင်းလေသန့်ရှူပါ၊ အရက် နှင့် ဆေးလိပ်မသောက်ပါနှင့်၊ ဖြတ်ပါ၊ ရေများများသောက် ပါ၊ ခန္ဓာကိုယ်အလေးချိန်ထိန်းပါ၊ အဝမလွန်ပါစေနှင့်၊ CoQ 10၊ Probiotics၊ ဗီတာမင်အေ၊ ဘီစစ်၊ ဘီတွဲ၊ စီ၊ ဒီ၊ အီးနှင့် ဇင့်သတ္တုဓာတ်ပါသော ဆေးဝါးများ သောက်နိုင်ပါသည်။

 

အကြံပြုတင်ပြချက်

 

ကိုဗစ်-၁၉ ရောဂါပိုးသည် ကမ္ဘာပေါ်တွင်ယခင်က တစ်ခါမျှကူးစက်ဖြစ်ပွားခြင်း လုံးဝမရှိသေးသော ဗိုင်းရပ်စ် ပိုးသစ်တစ်မျိုးဖြစ်၍ ကမ္ဘာပေါ်တွင် မည်သူတစ်ဦး တစ်ယောက်မျှ တိကျမှတ်မိသောရောဂါပြီးမှု လုံးဝမရှိသေး သဖြင့် ကူးစက်မှုလွန်စွာလွယ်ကူပါသည်။ ကိုဗစ်-၁၉ ရောဂါပိုးအတွက် တိကျထိရောက်စိတ်ချရသော ကာကွယ် ဆေး၊ ကုသဆေးနှင့် ပြည်သူလူထု အုပ်စုတစ်ရပ် ရောဂါပြီးမှု မရရှိနိုင်မီ လက်ရှိအချိန်ကာလတွင် ပြည်သူများသည် မိမိ၏ရောဂါပြီးကိုယ်ခံအားတို့ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးနိုင်သော အထက်တင်ပြပါ အာဟာရစားသုံးမှု ပုံစံနှင့် နေထိုင်မှုအလေ့အထများအတိုင်း လိုက်နာဆောင် ရွက်ခြင်း ပြုသင့်ပါကြောင်း အကြံပြုအပ်ပါသည်။


ယခု ကာလတွင် ပြည်သူများသည် မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုးကူးစက်မှု၊ ရောဂါဖြစ်ပွားမှု၊ နောက်ဆက် တွဲဆိုးကျိုးများနှင့် သေဆုံးမှုများ လျော့နည်းပပျောက်စေရန် အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အချိန်နှင့်တစ်ပြေးညီ ချမှတ်သောစည်းကမ်းချက်များနှင့် ထုတ်ပြန်သောလမ်းညွှန်ချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ကြရပါမည်။ လူတိုင်းလူတိုင်းသည် မိမိ၏ကျန်းမာရေးကိုမိမိကာကွယ်စောင့်ရှောက်ခြင်း၊ မိမိသို့ တစ်ပါးသူများထံမှ ရောဂါပိုးမကူးစက်စေရန်နှင့် မိမိမှလည်း တစ်ပါးသူများထံသို့ရောဂါ ပိုးမကူးစက်စေရန် ကာကွယ်ပြုမူ နေထိုင်ခြင်းတို့ ပြုရပါမည်။

 

ယနေ့နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များ အောင်မြင်ရန်မှာ “ပြည်သူသာလျှင် အဓိက” ဖြစ်ကြောင်းကို လည်းကောင်း၊ “ပိုမိုကောင်းမွန်သော ရောဂါပြီးခုခံ ကာကွယ်နိုင်မှု” ရရှိနိုင်ရန် လိုက်နာဆောင်ရွက်သင့် သည်များကို လည်းကောင်း အများပြည်သူသိရှိနိုင်စေရန် အတွက် ကျန်းမာရေးဌာနအငြိမ်းစားဝန်ထမ်းဟောင်း သုတေသီတစ်ဦးအနေဖြင့် မိမိနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုကို အောင်မြင်စွာ အမြန်ဆုံးကျော်လွှား သွားနိုင်ရေး နိုင်ငံတော်၏ ကြိုးပမ်းဆောင်ရွက်ချက်များ တွင် တစ်ဖက်တစ်လမ်းမှအထောက်အကူပြု ပါဝင်ကူညီ လိုသောဆန္ဒဖြင့် ရေးသားတင်ပြလိုက်ရပါသည်။ ။