ခိုင်မာသည့် သန္နိဋ္ဌာန်ဖြင့် ဝိုင်းဝန်းအဖြေရှာ

နေပြည်တော် ၁၇ အေက်တိုဘာ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) သုံးနှစ်ပြည့် အခါသမယ၌ (NCA) စာချုပ်တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် သီးသန့် အစည်းအဝေးပြုလုပ်ခြင်းသည် မြန်မာနိုင်ငံအတွက် ကျက်သရေ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံပေသည်။ ထိုနေ့တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က အခမ်းအနားသို့တက်ရောက်ပြီး အမှာစကားပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “ ဒီအစည်းအဝေးခန်းမထဲကို ယခုရောက်ရှိနေတဲ့ ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်နေကြသူများဖြစ်တဲ့အတွက် ဒီကနေ့ တွေ့ဆုံမှုဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ကျွန်မတို့နောက်ပြန်မလှည့်ဘဲ ရှေ့ကိုတိုးပြီး လျှောက်လှမ်းနိုင်ဖို့ ကြိုးစား နေကြတယ်ဆိုတာကို သက်သေပြလိုက်သလိုပဲဖြစ်ပါတယ်” ဟု ဦးစွာ ပြောကြားပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ညီညီညွတ်ညွတ် လက်တွဲပူးပေါင်းဆောင်ရွက်ပေးရမည့် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

“အတူတကွလျှောက်လှမ်းနေတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဟာ ထိရောက်မှုရှိတယ်၊ လက်တွေ့ကျတယ်၊ အောင်မြင်တယ်ဆိုတာ ကျွန်မတို့အားလုံး သိရှိထားကြပြီးဖြစ်ပါတယ်။ အားနည်းချက်တွေ ဘယ်နေရာမှာ ရှိနေပါသလဲ။ စုပေါင်းရှာဖွေ၊ အားလုံးညှိနှိုင်းပြီး ပြင်ဆင်ထိန်းညှိမှုတွေကို အစဉ်အမြဲလုပ်ဆောင်နေရမှာပါပဲ။ နိုင်ငံရေးသဘောတူညီချက်တွေ နည်းသွားလို့၊ တင်းမာမှုတွေပေါ်လာလို့ ယုံကြည်မှုအားနည်းတာမျိုးတွေ မဖြစ်ကြဖို့ ပြောချင်ပါတယ်။ ဘယ်သူ့ဘယ်သူကိုမှလည်း အပြစ်တင်တာမျိုးတွေ မပြုလုပ်ကြဖို့၊ ကျွန်မတို့အားလုံး ညီညီညွတ်ညွတ်ရှိကြဖို့ အလေးအနက်ပြောကြားချင်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အသိပေးပြောကြားခဲ့သည်။

လျှောက်လှမ်းနေသော ငြိမ်းချမ်းရေးခရီးလမ်းပေါ်တွင် ပေါ်ပေါက် ကြုံတွေ့လာရသည့်အခက်အခဲနှင့် စိန်ခေါ်မှုမှန်သမျှကို အားလုံးအတူ လက်တွဲပြီး ဖြေရှင်းကြမည်ဆိုပါက အဟန့်အတားများ၊ တစ်ဆို့မှုများအား ကျော်လွှားဖြေရှင်းနိုင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်နိုင်မည်ဟု အပြည့်အဝ ယုံကြည်ထားကြသည်။ နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်နေပြီဖြစ်သည့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းကြရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများမှာ မထူးဆန်းသလိုပင်ဖြစ်နေသည်ကို စိတ်မပျက်မိကြဖို့ လိုအပ်ပေသည်။ စိတ်ဓာတ်များ မထွေပြားဖို့၊ ယုံကြည်မှု မပျက်ပြားဖို့၊ နိုင်ငံရေးဆွေးနွေးပွဲများ ကြန့်ကြာနှောင့်နှေးခြင်းမဖြစ်စေဖို့ အထူးသတိထားကြရမည်ဖြစ်သည်။

နှစ်ပေါင်းများစွာ မဖြေရှင်းနိုင်ခဲ့သောပုစ္ဆာကို တစ်ထိုင်တည်းနှင့် အလွယ်တကူဖြေရှင်း၍ ရမည်တော့ မဟုတ်ချေ။ စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ နားလည်မှုပေးခြင်းတို့ဖြင့် ယုံကြည်မှုကို ခိုင်မာသည်ထက်ခိုင်မာအောင် တည်ဆောက်ကြရန်လိုအပ်ပေသည်။ အားလုံး၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်သည့် အနာဂတ် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် နိုင်ငံရေး သဘောတူညီချက်များရရှိဖို့၊ ရရှိလာသော နိုင်ငံရေး သဘောတူညီချက်များကိုစုစည်းပြီး ပြည်ထောင်စုသဘောတူစာချုပ် ခိုင်ခိုင်မာမာချုပ်ဆိုနိုင်ဖို့၊ ရရှိလာမည့် ပြည်ထောင်စုသဘောတူစာချုပ်ကို

အခြေခံပြီး နောင်အစိုးရအစဉ်အဆက် ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့အရေးကို ယနေ့ကြိုးပမ်း ဆောင်ရွက်နေကြခြင်းဖြစ်သည်။ ဤကဲ့သို့ဖော်ဆောင်နိုင်ရေးအတွက် ကမကထပြု ဆောင်ရွက်ပေးနေသော နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် သဘောထားများမှာ ပွင့်လင်းမြင်သာပြီး ရိုးရှင်းသည့် စိတ်ရင်းစေတနာမှန်ဖြင့် နိုင်ငံတော်၏အနာဂတ်အရေးကို ရှေးရှု၍ မွန်မြတ်သောစိတ်ထားဖြင့် ဆောင်ရွက်ပေးနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ သို့ဖြစ်ရာ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တစ်ဆို့မှုများ၊ အခက်အခဲများ ရှိပင်ရှိငြားသော်လည်း ရပ်တန့်မနေဘဲ ရှေ့သို့ဆက်လှမ်းမည်ဟူသော ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် ဝိုင်းဝန်းအဖြေရှာ ဆောင်ရွက်နိုင်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။

ကြေးမုံ