ခိုင်မာသည့် သန္နိဋ္ဌာန်ဖြင့် သတ္တိရှိရှိကြိုးပမ်း

၁၉ အောက်တိုဘာ

 

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ သီးသန့်အစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်ချောမွေ့ရေးအတွက် အချက်သုံးချက်ကို အလေးအနက်ထား ပြောကြားခဲ့သည်။

 

 

လိပ်ခဲတည်းလည်းဖြစ်နေသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ခွဲမထွက်ရေးကိစ္စ၊ အားလုံးလိုချင်နေသည့် ပြည်ထောင်စုကို ပုံဖော်နိုင်ဖို့ နိုင်ငံရေး သဘောတူညီချက်များအား မည်သို့ယူကြမည်နည်းကိစ္စနှင့် နိုင်ငံတော်က ကိုယ်စားပြုသည့် တိုင်းရင်းသားပြည်သူများ၊ နိုင်ငံတော်က မျက်နှာမူရသည့် လူထုများ၊ နိုင်ငံတော်က တာဝန်ခံရမည့် အောက်ခြေပြည်သူလူထုများအတွက် အားလုံးတာဝန်ခံမှု၊ တာဝန်ယူမှုနှင့် တာဝန်သိမှုရှိကြဖို့ တစ်နည်းဆိုလျှင် အားလုံးသတ္တိရှိကြဖို့ကိစ္စ အချက်သုံးချက်ကို ပြောကြားခဲ့သည်။

 

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပထမအချက်နှင့်စပ်လျဉ်း၍ “ခွဲမထွက်ရေးက အရေးကြီးသလို ခွဲမထွက်ချင်တဲ့၊ ခွဲထွက်စရာ မလိုတဲ့ပြည်ထောင်စုကြီး ဖြစ်လာအောင် အားလုံးလက်တွဲပူးပေါင်းပြီး အကောင်အထည်ဖော်ကြဖို့ကလည်း အင်မတန်အရေးကြီးတယ်” ဆိုတာကိုပြောကြားခဲ့ပြီး “စိုးရိမ်မှုကိုယ်စီရှိနေတဲ့ သမိုင်းနှစ်ဖက်ကို ဟန်ချက်ညီမျှအောင် ကြိုးစားရာမှာ လက်ရှိ ၂၁ ရာစုအခြေအနေကို လက်တွေ့ကျကျရှုမြင်ကြဖို့၊ အနာဂတ်ကို မျက်နှာမူကြဖို့၊ နိုင်ငံတကာ ပထဝီနိုင်ငံရေးအပြင် ပြည်နယ်အလိုက် ပထဝီနိုင်ငံရေးကို ထည့်သွင်းစဉ်းစားကြဖို့ အရေးကြီးပါတယ်”ဟု အသိပေးခဲ့သည်။

 

 

ဒုတိယအချက်နှင့်စပ်လျဉ်း၍ “စိတ်ကူးစံပြု ဖက်ဒရယ်အိပ်မက်ကတစ်ဖက်မှာရှိနေပြီး ဒီကနေ့ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အရှိတရားကလည်း တစ်ဖက်မှာရှိနေပါတယ်။ ဒီနှစ်ခုကြားမှာလက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားစေခဲ့တဲ့ အကြောင်းရင်းခံတွေကို တစ်ခုချင်းဆွေးနွေးညှိနှိုင်းပြီး တစ်ဆင့်ချင်း ရှေ့ဆက်လျှောက်နိုင်မယ်ဆိုရင်ဖြစ်နိုင်ခြေလည်းရှိတယ်။ လက်တွေ့လည်းကျတယ်။ အကောင်အထည်ဖော် ကျင့်သုံးဖို့လည်း အဆင်ပြေနိုင်မယ့် အခြေအနေတစ်ရပ်ကို ကျွန်မတို့ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်” ဟု အကြံပြုထားသည်။

 

တတိယအချက်နှင့်စပ်လျဉ်း၍ “ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့ ခေါင်းဆောင်တွေကိုယ်တိုင် တက်ရောက်လာကြတဲ့ ဒီကနေ့လိုအစည်းအဝေးမျိုးမှာ သတ္တိရှိရှိနဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်း မရှိဘူးဆိုရင် ကျွန်မတို့ရဲ့ ပြည်သူတွေအပေါ် တာဝန်မကျေပွန်ရာ ရောက်သွားစေနိုင်တယ်ဆိုတာကိုလည်း သတိပြုကြဖို့ လိုပါတယ်။ စစ်မြေပြင်မှာအသက်စွန့်ပြီး တိုက်ခိုက်နိုင်ကြဖို့ သတ္တိလိုသလို ကျွန်မတို့နိုင်ငံအတွက် အရေးကြီးလှတဲ့ နိုင်ငံရေးဆုံးဖြတ်ချက်တွေကို ချမှတ်ရာမှာ စိတ်ရင်းစေတနာမှန်နဲ့ ဆုံးဖြတ်နိုင်ဖို့လည်း သတ္တိလိုအပ်ပါတယ်” ဟု ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သည်။

 

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ငြိမ်းချမ်းရေးအတွက် မှာကြားချက်များသည် လက်တွေ့ကျပြီး ပကတိအခြေအနေအပေါ် ထင်ဟပ်နေသော အမှန်တရားများပင်ဖြစ်သည်။ ပြည်သူများ မျှော်လင့်တောင့်တနေသော ငြိမ်းချမ်းရေးကို အမြန်ဆုံးရရှိနိုင်ရေးအတွက် ပြင်းပြသောစိတ်ထားဖြင့် ဖြစ်နိုင်သောနည်းလမ်းများကို လမ်းမှန်ညွှန်ပြပေးခဲ့ခြင်းပင်ဖြစ်သည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးစားပွဲဝိုင်းတွင် ဆွေးနွေးအဖြေရှာခြင်းဖြင့် အောင်မြင်မှုသို့တက်လှမ်းနိုင်ရန်ဖြစ်သည်။ ဆုံးဖြတ်ချက်ချနိုင်သောခေါင်းဆောင်များ စုဝေးရောက်ရှိနေချိန်တွင် ကျန်ရှိနေသေးသော တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များကိုလည်း အထူးသတိရနေမိသည်။ ၎င်းတို့လည်းပါဝင်လာလျှင် မည်မျှကောင်းမည်ဆိုသော အတွေးကို နိုင်ငံတော်အစိုးရသာမက ပြည်သူများလည်း ခံစားမျှော်လင့်နေကြမည်ဖြစ်သည်။

 

 

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ ကြုံတောင့်ကြုံခဲ တွေ့ဆုံဆွေးနွေးပွဲမှ ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းများ ရရှိနေပြီဖြစ်ရာ မကြာမီဆက်လက်ပြုလုပ်မည့် သီးသန့်အစည်းအဝေးတွင် အားလုံးပါဝင်တက်ရောက် ဆွေးနွေးခြင်းဖြင့် ပြည်သူများ၏ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ကြေးမုံ