ချီဖွေငယ်ဓာတ်အားပေးစက်ရုံ ပြုပြင်နေစဉ်အတွင်း လျှပ်စစ်ဓာတ်အား အလှည့်ကျဖြန့်ဝေမည်

မိုးကောင်း ၃ ဩဂုတ်

 

ကချင်ပြည်နယ် ချီဖွေမြို့နယ်ရှိ ချီဖွေငယ်ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ပြည်သူများ လျှပ်စစ်မီးသုံးစွဲမှုပြတ်တောက်မှု မရှိစေရန်အတွက် အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း မိုးကောင်းမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာန အင်ဂျင်နီယာ ဦးရဲရင့်ထွန်းထံမှ သိရသည်။

 

ချီဖွေငယ်ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတွင် တပ်ဆင်အသုံးပြုထားသည့် Main Ball Value များ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဩဂုတ် ၅ ရက်မှ စက်တင်ဘာ ၄ ရက်အထိ တစ်လကြာ ဆောင်ရွက်မည်ဖြစ်သဖြင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး နဘားဓာတ်အားခွဲရုံမှပို့လွှတ်သည့် လျှပ်စစ်ဓာတ်အားများကို ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ ရပ်ကွက်နှင့်ကျေးရွာများသို့ သက်ဆိုင်ရာ ဓာတ်အားခွဲရုံများမှတစ်ဆင့် အလှည့်ကျစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးသွားမည် ဖြစ်သည်။

 

မိုးကောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများသို့ မိုးကောင်းဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အားပို့လွှတ်မည့် ဖီဒါလေးခုခွဲကာ ဖီဒါတစ်ခုလျှင် နှစ်နာရီပိတ်စနစ်ဖြင့် အလှည့်ကြဖြန့်ဖြူးပေးမည်ဖြစ်ပြီး ကျန်ရှိအချိန်များတွင် လျှပ်စစ်ဓာတ်အား အပြည့်ပေးထားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းဌာနမှ သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)

 

mdn