ခေတ်မီ ပိုးချည်ရစ်စက်များဖြင့် ပိုးချည်ထုတ်လုပ်ခြင်း သင်တန်းဆင်းပွဲကျင်းပ

ပြင်ဦးလွင်  ၂၄  ဇူလိုင်

 

ခေတ်မီပိုးချည်ရစ်စက်ဖြင့် ပိုးချည်ထုတ်လုပ်ခြင်း သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့ ပိုးချည်စက်ရုံနှင့် ပိုးစာသုတေသနခြံ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန ဝါနှင့် လျှော်မျှင်ထွက်သီးနှံဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီလှိုင်က  ချင်းပြည်နယ်တွင် ပိုးချဉ်မျှင်ရစ်စက်ရုံ တည်‌ဆောက်ပြီးစီးပါက ပိုးစာပင်စိုက်ပျိုးခြင်း၊ ပိုးမွေးမြူခြင်း၊ ပိုးချဉ်မျှင်ထုတ်လုပ်ခြင်းများ ဆောင်ရွက်၍ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမည် ဖြစ်ကြောင်း ပြောကြားပြီး တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။


အဆိုပါ သင်တန်းတွင် သင်တန်းသား သင်တန်းသူ ၁၃ ဦးအား ပိုးအိမ်အခြောက်လှန်းခြင်း၊ ပိုးအိမ်ရွေးခြင်း၊ ပိုးအိမ်မှချည်ထုတ်ခြင်း၊ ပိုးချည်ငင်ခြင်း၊ ပိုးချည် ထုတ်ပိုးခြင်း၊ လျှပ်စစ်ဘွိုင်လာ အသုံးပြုခြင်းနှင့် ထိန်းသိမ်းခြင်း၊ ပိုးချည်ရစ်စက်များ အသုံးပြုခြင်းနှင့် ထိန်းသိမ်းခြင်းဆိုင်ရာများကို သင်ကြားပို့ချခဲ့သည်။

 

သင်တန်းဆင်းပွဲသို့ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲမှ ဒုညွှန်ကြားရေးမှူး ဒေါ်ရီရီလှိုင်၊ ပိုးချည်စက်ရုံနှင့် ပိုးစာသုတေသနခြံ တာဝန်ခံ ဦးစီးအရာရှိ ဦးဝင်းနိုင်၊ ပိုးသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေး ဗဟိုဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးဝင်း၊ ပိုးအိမ်ထုတ်လုပ်မှု ခြံတာဝန်ခံ ဦးမြင့်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်​။

 

ကိုဇော်