ခေတ်အဆက်ဆက် ဂန္တဝင်ရုပ်ရှင် ဇာတ်ဝင်တေးသီချင်း ဂုဏ်ပြု ဖျော်ဖြေပွဲ အမျိုးသားဇာတ်ရုံ တွင်ကျင်းပ

ရန်ကုန် ၁၀ မတ် 

           

လာမည့် မတ်လ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ MEP တွင် ၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးပွဲ၏ ခတ်အဆက်ဆက်က နာမည်ကြီးထင်ရှားခဲ့သော ဂန္ထဝင်  ဇာတ်ဝင်တေး သီချင်းများကို  ဂုဏ်ပြု ဖျော်ဖြေသွားမည့်ဖြစ်ရာ အကြို ဖျော်ဖြေတင်ဆက်မှုအဖြစ် မြန်မာ့ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းများဂုဏ်ပြု ဖျော်ဖြေပွဲ ကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ မြို့မ ကျောင်းလမ်းရှိ အမျိုးသား ဇာတ်ရုံ၌ ပထမဆုံးအကြိမ်အဖြစ် ကျင်းပသည်။

 

ဖျော်ဖြေပွဲတွင်  စည်သူဒေါက်တာ ဘဘ ဗိုလ်ကလေးတင့်အောင် က " ကျွန်တော် အသက်ကတော့ အိုပါပြီ။ ဒါပေမယ့် ကျွန်တော်ရဲ့ အနုပညာ အသက်ကတော့ မအိုသေးပါဘူးဗျာ။ အခုလို ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီး မတိုင်မီကို အခုလို့ ကျင်းပတာဟာ အင်မတန်မှကို ထူးခြားပါတယ်။ ဒီနေ့ညမှာ ကျွန်တော်တို့ အနုပညာ ညီအစ်ကိုတွေ ရေးသားသီဆိုခဲ့တဲ့ သီချင်းတွေကို နားထောင်ခွင့်ရတာ အင်မတန်ကို ကျေးဇူးအထူး တင် ပါတယ်။ အနုပညာမျိုးဆက်သစ် ကလေးတွေအနေနဲ ့ကြိုး စား ကြပါ။ အနုပညာလေးစားသူ အနုပညာ လိုက်စားသူတွေအားလုံးကိုလည်း လေးစားဂုဏ်ယူနေပါတယ်။ အနုပညာကို ချစ်ခင်ကြပါလို့ ပြောလိုပါတယ်"ဟု ပြောသည်။

 

မြန်မာ့ရုပ်ရှင် ဂန္ထဝင် ဇာတ်ဝင်တေး ဂီတဖော်ဖြေပွဲတွင်  နိုင်ငံတော်သံစုံတီးဝိုင်းမှတီးခတ်ပြီး ဂီတမှူးများအဖြစ် ဓိရာမိုရ် နှင့် အေးသီတာထွန်း တို့က စီစဉ်တင်ဆက် ကြောင်းသိရသည်။ မြန်မာ့ရုပ်ရှင်တေးသီချင်းဖြင့် ကနဦး တင်ဆက် ဖျော်ဖြေပြီး မျက်ဝန်းလဲ့ပြာပြာ သီချင်းကို Instumental ဖြင့်လည်းကောင်း၊ မလေးလက်ခတ်သံ သီချင်း ကို အဆိုတော် ဒေါ်နန်းခင်မွှေးက လည်းကောင်း၊ ပြန်လည်၍တွေ့ကြရာဝယ် သီချင်းကို Instumental ဖြင့်လည်းကောင်း၊ မြခွာညို သီချင်းကို အဆိုတော် ဖိုး သောကြာ ကလည်းကောင်း၊ ရန်ကုန်သားနှင့် မန္တလေး သူ သီချင်းကို Instumental ဖြင့်လည်းကောင်း၊ တပြည်သူမရွှေထား သီချင်းကို အဆိုတော် ဂရေဟမ်က လည်းကောင်း၊ အပျို ဖြန်း သီချင်းကို အဆိုတော် အိမ့်ချစ်ကလည်းကောင်း၊ တိမ်လွှာမို့မို့လွင် သီချင်းကို Instumental ဖြင့်လည်းကောင်း၊  မြင့်မိုရ်ထက်မြင့်သောနေရာ သီချင်းကို အဆိုတော် အိုင်ရင်းဇင်မာမြင့် ကလည်းကောင်း၊ မြန်မာ့ရုပ်ရှင် သီချင်းကို Instumentalဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ကြသည်။

 

" ဒီနေ့ည ကတော့ မကြာမီကျင်းပတော့မယ့် ၂၀၁၇ ခုနှစ်အတွက် အကယ်ဒမီ ရုပ်ရှင်ထူးချွန်ဆု ပေးပွဲမှာ  ခေတ်အဆက်ဆက်က ပေါ်လွင်ထင်ရှားခဲ့တဲ့ မြန်မာ့ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းတွေကို ဖျော်ဖြေ သွားမှာပါ။ ဒါကို အကြို ဖျော်ဖြေမှုအနေနဲ့ ပရိသတ်ကို ပထမဆုံး ဖျော်ဖြေတဲ့ပွဲ လို့ပြောလို့ ရပါတယ်။ ရုပ်ရှင်သီချင်းများဆိုတာက ဟိုတုန်းကရုပ်ရှင်သီချင်းတွေက ဒီဘက်ခတ်မှာလို အဆင်ပြေတဲ့ သီချင်းကိုဝယ်ထည့်တာမဟုတ်ဖူး။ ရုပ်ရှင် ဇာတ်လမ်း တခုကိုရေး လိုက်ရင်သူနဲ့ လိုက်ဖက်တဲ့ သီချင်းကို သီချင်းရေးဆရာခေါ်ပြီးရေးတယ်။ ပြီးတော့မှရိုက်ကြတာပါ။ ရုပ်ရှင်အတွက်သီးခြားရေးပြီးတော့ ရိုက်တဲ့သီချင်းတွေပါ။ ဒီသီချင်းလေးတွေက ဒီနေ့အထိ စံချိန်တင်ပြီး ဂန္ထဝင် ရုပ်ရှင်သီချင်းများ ဆိုပြီးဖြစ်လာတာပါ။ ဒီသီချင်းတွေက ရုပ်ရှင်ထူးချွန်ဆုပေးပွဲရဲ့ဖျော်ဖြေမှုအပိုင်းမှာပါ ပါနေလို့ အခုလို ကျင်းပတာပါ။"ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ (၁)ဦးအေးကြူ လေးကပြောသည်။

 

ထိုဖျော်ဖြေပွဲအား Forever Media Group မှ အဓိကတာဝန်ယူကာ စီစဉ်ဆောင်ရွက်ကြောင်း သိရသည်။

 

မြင့်မောင်စိုး