ချေးငွေနှင့် ကြွေးမြီဆိုင်ရာမှုခင်းများ

ကျော်ကျော် (တရားရေး)

 

စီးပွားရေးဖွံ့ဖြိုးမှု၊ ကူးသန်းရောင်းဝယ်မှုများ တိုးတက်လာသည်နှင့်အမျှ တစ်ဦးနှင့်တစ်ဦးအကြား ရရန်၊ ပေးရန်များ၊ ချေးငွေပြဿနာများကို အများရင်ဆိုင်နေကြရပါသည်။


ငွေကြေးပြဿနာကြောင့် မိတ်ဆွေများအချင်းချင်းကြား အမုန်းပွားရသကဲ့သို့ ရမည့်သူဘက်ကလည်း ပြန်မရ ၍လည်းကောင်း၊ ပေးရမည့်သူဘက်ကလည်း အတိုးငွေများ မတရားတွက်ချက်တောင်းခြင်း ခံရသဖြင့်လည်းကောင်း၊ နေထိုင်ရာအိမ်ကို တန်ရာတန်ကြေးအောက်စျေးနှိမ့် စာချုပ်ချုပ်ဆို၍ ပေးအပ်ရသဖြင့်လည်းကောင်း မကျေနပ် မှုများ၊ အငြင်းပွားမှုများ၊ မှုခင်းများ ရင်ဆိုင်နေကြရပါသည်။


ချေးငွေဆိုင်ရာ မှုခင်းများကိုလေ့လာရာတွင် Debt ဆိုသောစကားနှင့် Loan ဟူသောစကားတို့၏ အဓိပ္ပာယ် ရှင်းလင်းချက်များကိုထောက်သော် Debt ဆိုသောစကား သည် ချေးငွေသက်သက်ကိုသာ ဆိုလိုသည်မဟုတ်၊ အခြားနည်းတင်ရှိသော ပေးဆပ်ရန်ရှိသည့်အကြွေးလည်း ပါဝင်သည်ဟု (ဆင်ဆင်းမာရူးနှင့် ဦးတင်ဦး၊ ၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံးစာမျက်နှာ ၄၃၇ (၄၃၉)) ပါစီရင် ထုံးဖွဲ့ထားမှုကို အခြေခံအားဖြင့် သိရှိထားရန် လိုအပ်ပါသည်။


ကြွေးမြီဆိုသည်မှာ ယခုလက်ငင်းပေးရန်ရှိသည့် ငွေတစ်ရပ်ရပ် သို့မဟုတ် နောင်တစ်နေ့နေ့တွင်ပေးရန် ယခုကတည်းကတာဝန်ယူထားသည့် ငွေတစ်ရပ်ရပ်ပင် ဖြစ်သည်။ ချက်ချင်းလက်ငင်းဖြစ်စေ၊ နောင် တစ်နေ့နေ့ တွင်ဖြစ်စေ မုချမသွေပေးဆပ်ရန်တာဝန်ရှိသည့် ငွေတစ်ရပ်ရပ်ကိုသာလျှင် ကြွေးမြီဖြစ်သည်ဟု သတ်မှတ် ရမည်ဖြစ်သည်။ (ခါလစ်(ဒ်)ယူနွပ်စ်နှင့် ဆူလေမန် ဂျမားလျှောက်ထားသူ၊ ၁၉၆၇ ခုနှစ်၊ မြန်မာနိုင်ငံတရား စီရင်ထုံးစာမျက်နှာ - ၂၀၂)


ချေးငွေဆိုင်ရာ ပဋိညာဉ်ချိုးဖောက်ခြင်းကြောင့် အငြင်းပွားမှုများနှင့်စပ်လျဉ်း၍ ဥပဒေနှင့်အညီ ဖြေ ရှင်းမှုပြုနိုင်စေရန်ရည်ရွယ်၍ အခြေခံအားဖြင့်သိရှိထား သင့်သောစီရင်ထုံးများပါ လမ်းညွှန်သဘောတရားများကို ကောက်နုတ်တင်ပြထားခြင်းဖြစ်ပါသည်။


ပဋိညာဉ်ချိုးဖောက်ခြင်းဆိုသည်မှာ ပဋိညာဉ်ပြုသူ တစ်ယောက်သည် ပဋိညာဉ်အရ ၎င်းအပေါ်တွင် ကျရောက်သော တာဝန်ကို ဆောင်ရွက်ရန်ငြင်းပယ်လျှင် သို့မဟုတ် ပဋိညာဉ်အရဆောင်ရွက်ရန် အချိန်ကျရောက် သော်လည်း ဆောင်ရွက်ရန်ပျက်ကွက်လျှင် ပဋိညာဉ် ချိုးဖောက်မှုဖြစ်ပေါ်သည်။ ပဋိညာဉ်ကို ငြင်းပယ်ခြင်း (Repudiation of the contract)၊ ပဋိညာဉ်အတိုင်း လိုက်နာဆောင်ရွက်ရန်ငြင်းဆိုခြင်း (Refusal to fulfil the contract) တို့ ဖြစ်သည်။ ငြင်းပယ်ခြင်းဆိုသည်မှာ ပဋိညာဉ်ပြုသူတစ်ယောက်က ပဋိညာဉ်အရပြုလုပ်ရန် တာဝန်ကို ပြုလုပ်ဆောင်ရွက်ရန် ငြင်းဆိုခြင်းဖြစ်သည်။ ထိုသို့ငြင်းပယ်လိုက်လျှင် နစ်နာသော တစ်ဖက်ပဋိညာဉ် ပြုသူက ယင်းသို့ငြင်းပယ်သူအား ပဋိညာဉ်ကိုချိုးဖောက်မှု အတွက် လျော်ကြေးရယူရန် တရားစွဲဆိုပိုင်ခွင့်ရှိသည်။ ငြင်းပယ်ခြင်းမြောက်အောင် ပဋိညာဉ်အရပြုလုပ်ရမည့် တာဝန်ကို ပြုလုပ်ဆောင်ရွက်ရန် မည်သို့ငြင်းပယ်ရမည် နည်းဟူမူ လုံးလုံးလျားလျား ငြင်းဆိုရမည် (Total Refusal) သို့မဟုတ် အကြွင်းမဲ့ငြင်းဆိုခြင်း (Absolute refusal) ဟု ဆိုရပေလိမ့်မည်။

 

ပဋိညာဉ်ပြုသူတစ်ယောက် သည် ပဋိညာဉ်အတိုင်း ၎င်းကမဆောင်ရွက်နိုင်ကြောင်း သို့မဟုတ် မဆောင်ရွက်လို ကြောင်းကို ၎င်း၏ ပြုမူချက် (conduct) ဖြင့် သိစေနိုင်သည်။ ပဋိညာဉ်အရ ၎င်းပေါ် ကျရောက်သောတာဝန်ကို ငြင်းပယ်ရာရောက်သဖြင့် အခြားတစ်ဖက်တွင် ပဋိညာဉ်ပြုသူသည် ထိုငြင်းပယ်ချက်ကြောင့် ၎င်းနောက် လျော်ကြေးငွေရခွင့်ရှိကြောင်း ဦးနေဝင်းပါ ၂ နှင့် ဒေါ်ခင်အေးအမှု ၁၉၇၂ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၄၃(၄၄) တွင် လမ်းညွှန်ထုံးဖွဲ့ ထားသည်။ ဤစီရင်ထုံးပါ ထုံးဖွဲ့ထားမှုသည် ပဋိညာဉ်ကို ချိုးဖောက်ခြင်း၏ အခြေခံလက္ခဏာများကို ညွှန်ပြထားခြင်း ဖြစ်ကာ အငြင်းပွားမှုအားလုံးအတွက် အခြေခံလေ့လာ ထားရမည့်အမှုလည်း ဖြစ်သည်။


ချေးငွေ (သို့မဟုတ်) ကြွေးမြီအတွက် တရားမ ကြောင်း၊ ရာဇဝတ်ကြောင်းတို့ဖြင့် စွဲဆိုလေ့ရှိပါသည်။
ချေးငွေ (သို့မဟုတ်) ကြွေးမြီအတွက် ရာဇဝတ် ကြောင်းစွဲဆိုမှုများတွင် လိုက်နာရန် လမ်းညွှန်စီရင်ထုံးများ ကို စုစည်းတင်ပြထားပါသည်။


ရာဇသတ်ကြီးပုဒ်မ ၄၂ဝ တွင် အကျုံးဝင်သည့် လိမ်လည်မှုမြောက်ရန် တရားခံသည် လှည့်ဖြားခြင်း ခံရသူအား ပစ္စည်းကိုပေးအပ်ရန်အတွက် လိမ်လည်၍ မရိုးမဖြောင့်သောသဘောဖြင့် သွေးဆောင်ခဲ့ကြောင်း ထင်ရှား ပေါ်ပေါက်ရန်လိုပါသည်။


ငွေယူသည့်ကိစ္စတွင် ရာဇသတ်ကြီးပုဒ်မ ၄၂ဝ နှင့် အကျုံးဝင်သည့်ပြစ်မှုဖြစ်စေရန် ငွေကိုတရားခံက လိမ်လည် လှည့်ဖြား၍ရယူခြင်း ရှိ၊ မရှိ ဦးစွာစိစစ်ရမည်။ (ကိုဘာဘူ၊ မသန်းနှင့် ကိုကျင်သိန်း အမှု ၊ ၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံတရား စီရင်ထုံး စာမျက်နှာ ၄၇၆)


လူတစ်ဦးတစ်ယောက်အား ၎င်း၏ပစ္စည်း သို့မဟုတ် ငွေကိုပေးအပ်စေရန် လိမ်လည်၍ မရိုးမဖြောင့်သော သဘောဖြင့် သွေးဆောင်မှသာ ရာဇသတ်ကြီးပုဒ်မ ၄၂ဝနှင့် အကျုံးဝင်မည်ဖြစ်သည်။ ပစ္စည်း သို့မဟုတ် ငွေကိုပေးအပ် ခြင်းမပြုမီ တရားခံက ထိုသူအား လိမ်လည်လှည့်ဖြားခဲ့သည် ဆိုသောအချက်ရှိရန်လိုသည်။ ပစ္စည်း သို့မဟုတ် ငွေကို ပေးအပ်စေရန်သွေးဆောင်ခြင်းပြုလုပ်ချိန်၌ တရားခံသည် လိမ်လည်လှည့်ဖြားခြင်းမရှိပါမူ ၎င်းအပေါ်ရာဇဝတ်ကြောင်း ဖြင့် တရားမစွဲနိုင်ချေ။ [ ဦးမောင်မောင်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမှု၊ ၁၉၆၆ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ ၇၃၂(၇၃၄)]


ငွေကိုလုံးဝပြန်မဆပ်သဖြင့် ရာဇသတ်ကြီးပုဒ်မ ၄၂ဝအရ စွဲဆိုရာ ချေးယူသည့်ငွေကို ပြန်ဆပ်ရန် မရည်ရွယ် ဘဲ ပြန်ဆပ်မည်ဖြစ်ကြောင်း ယုံကြည်အောင်ပြုမူလျက် တမင်လှည့်ဖြားပြီး ငွေထုတ်ချေးစေရန် မရိုးမဖြောင့်သော သဘောဖြင့် သွေးဆောင်၍ ငွေကိုရယူလျှင် လိမ်လည်မှု မြောက်နိုင်သည်။ (ဦးချစ်မောင်နှင့် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်ပါ ၂ အမှု၊ ၁၉၈၁ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၂၁)


ငွေချေးယူသူသည် ချေးငွေကို ပြန်လည်ပေးဆပ်ရန် အခြေအနေမရှိကြောင်း၊ ငွေထုတ်ချေးသူကို လှည့်ဖြား၍ ချေးယူသောငွေကို ပြန်လည်ပေးဆပ်ရန်အကြံမရှိကြောင်း နှင့် အခြေအနေအကြောင်းအရပ်ရပ်ကို အထင်အရှား မပြနိုင်သမျှ ရာဇသတ်ကြီးပုဒ်မ ၄၁၅အတွင်း ကျရောက် သော လိမ်လည်မှုဖြစ်သည်ဟုမဆိုနိုင်။ [ မရွှေ(ခ)မကျင်ရွှေ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် အမှု၊ ၁၉၅၈ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး (လွှတ်တော်) စာမျက်နှာ ၃၀၆]


တရားခံသည် တရားလိုထံမှငွေကို အလီလီချေးယူ ခဲ့ရာ၌ အတိုးများပေးခဲ့ကြောင်း သက်သေခံချက်များ ရှိသည့်အပြင် ချေးယူငွေအတွက် ၎င်း၏အိမ်ကိုစျေးဖြတ် ယူရန် ညှိနှိုင်းခဲ့ကြောင်းပေါ်ပေါက်ပေရာ တရားခံများ၏ ပြုလုပ်မှုသည် ရာဇသတ်ကြီးပုဒ်မ ၄၂ဝ အရ လိမ်လည်မှုတွင် အကျုံးဝင်သည်ဟုမဆိုသာချေ။ [ (ဒေါ်သန်းသန်းနွဲ့)/ (ဒေါ်သန်းသန်းနွဲ့)နှင့် (ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပါ ၂)/ (ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပါ၂) ၂၀၁၂ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံးစာ ၅၉(၇၂)]


လိမ်လည်မှုနှင့် ယုံကြည်အပ်နှံရေးဖောက်ဖျက်မှုတို့တွင် တရားခံက မရိုးမဖြောင့်သောသဘောဖြင့် ကျူးလွန်ခြင်း ရှိ၊ မရှိ မှာအဓိကဖြစ်သည်။ ထိုသို့သော သဘောမရှိ ပါက ပြစ်မှုမမြောက်ပေ။ (ပြည်ထောင်စု မြန်မာနိုင်ငံနှင့် ခင်မောင်လတ်ပါ ၂ အမှု ၁၉၅၂ ခုနှစ်၊ မြန်မာနိုင်ငံတရား စီရင်ထုံး (လွှတ်တော်) စာမျက်နှာ ၁၁၄)


ချေးငွေအတွက် ကတိစာချုပ်ပြုလုပ်ရာတွင် မပေး ဆပ်နိုင်ပါက ဆိုင်ခန်းနှင့်ဆိုင်ခန်းရှိပစ္စည်းများ ပေးဆပ် ပါမည်ဟုပါရှိပြီး ငွေလည်းမဆပ်၊ ဆိုင်ခန်းနှင့်ပစ္စည်းများကိုလည်းမပေးသဖြင့် ရာဇသတ်ကြီးပုဒ်မ ၄၂ဝ အရ စွဲဆိုမှု ဖြစ်သည်၊ ငွေချေးယူစဉ်က ဆိုင်ခန်းနှင့်ပစ္စည်းများလည်း ရှိနေသဖြင့် လိမ်ညာလှည့်ဖြားပြီး ငွေချေးယူခြင်းမဟုတ် သဖြင့် ရာဇသတ်ကြီး ပုဒ်မ ၄၂ဝ အရ ပြစ်မှုမမြောက်ဘဲ ကတိဖောက်ဖျက်သည့်အတွက် တရားမကြောင်းဖြင့်သာ သက်ဆိုင်မည်ဖြစ်သည်။ (မစိန်ရင် ပါ၂နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ ၁၉၆၆ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ ၃၈၁)


တိုင်ချက်တွင်ဖော်ပြထားသည့် အိမ်အရောင်းအဝယ် ပြုလုပ်ခြင်းမဟုတ်သကဲ့သို့ အိမ်ဖိုးငွေ ပျက်ကွက်ခြင်း လည်း မဟုတ်၊ အထည်ဖိုးကြွေးများပျက်ကွက်သဖြင့် အိမ်ကို အရောင်းအဝယ်ပြုလုပ်သည့် သဘောတွေ့ရသည်။ အထည်ဖိုးများကိုလည်း နှစ်ကြိမ်ခွဲ၍ ပေးသွင်းထားရာ အထည်ဖိုးငွေကို ပြန်လည်ပေးဆပ်ရန် ရည်ရွယ်ချက်မရှိ ဟုမဆိုသာ၊ မရိုးမဖြောင့်သောသဘောမရှိဘဲ ပဋိညာဉ် ချိုးဖောက်သည့် သဘောသာရှိသဖြင့် ရာဇဝတ်ကြောင်းဖြင့် ပုဒ်မ ၄၂၀ မမြောက်ဘဲ တရားမကြောင်းအရသာ အရေးယူသင့်သည်။ (ဦးလှရီ ပါ၂ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ပါ၂၊ ၁၉၉၆ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ ၁၉၉)


ငွေချေးစဉ်က ဥပဒေနှင့်အညီ တရားဝင်ပဋိညာဉ်စာချုပ်ချုပ်ဆိုခြင်း၊ ထိုကဲ့သို့ချုပ်ဆိုထားသော ပဋိညာဉ် များကို ဥပဒေနှင့်အညီတင်ပြခြင်း၊ ဥပဒေနှင့်အညီ ရာဇဝတ်ကြောင်း၊ တရားမကြောင်း စွဲဆိုခြင်းတို့ဖြင့် နစ်နာသူပြည်သူများ အတွက် သက်သာခွင့်ရစေမည် ဖြစ်သည်။


အမှုသည်များအနေဖြင့် အကြောင်းအချက်များကို ဖော်ထုတ်၍ တရားရုံး၏ဆုံးဖြတ်ချက်ကို ခံယူရန်ဖြစ်သည်။ ဥပဒေနှင့်စပ်လျဉ်း၍ အဆုံးအဖြတ်ပေးရန်မှာ တရားရုံး၏တာဝန်ဖြစ်သည်။


ငွေချေးသူ ချေးယူသူများက မိမိတို့၏ဆိုင်ရာဥပဒေအချက်အလက်များကို မှန်ကန်စွာ စွဲဆိုတင်ပြကြမှသာ အမှန်တရားသို့ ရောက်ရှိမည်ဖြစ်သည်။


ပြည့်စုံစွာစုံစမ်းရန်၊ ခိုင်လုံစွာသက်သေထူရန်တာဝန်သည် ယေဘုယျအားဖြင့် တရားလိုအပေါ်တွင် တည်မှီနေ ပါသည်။ တရားလိုဘက်ကစွပ်စွဲပြီးလျှင် တာဝန်ကျေပွန် ပြီးဆုံးပြီး စွပ်စွဲခံရသူကမဟုတ်လျှင် ခိုင်လုံစွာချေပရမည် ဟုပခုံးပြောင်း၍မရပေ။ ဤသို့သာမဟုတ်လျှင် မသမာသူ တို့က လွယ်လွယ်စွပ်စွဲကာ အပြစ်မဲ့သောသူတို့က ခုခံချေပ ကြရခြင်းဖြင့် ပင်ပန်းဆင်းရဲရှိကြလိမ့်မည်။ (မောင်ကြီး မောင်ပါ-၂ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမှု ၁၉၆၈ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး (အထူးရာဇဝတ် ရုံးအယူခံအမှု) စာမျက်နှာ ၅၂)။


အမှန်တရားကိုရှာဖွေရာ၌ တရားသူကြီးတစ်ဦး တည်းနှင့်မပြီးပေ။ ရှေ့နေရှေ့ရပ်များကလည်း၊ ကူညီရမည့် အမှုသည်များကလည်း မိမိတို့ကိုယ်တိုင်သိရှိသည့် အကြောင်းခြင်းရာများကို အမှန်အတိုင်းတင်ပြကြရန် တာဝန်ရှိသည်။ အမှုသည်များက အမှန်အတိုင်းတင်ပြခြင်း မပြုလျှင် အမှန်တရားကို လွယ်လွယ်ကူကူနှင့်ရှာဖွေ၍ ရနိုင်လိမ့်မည်မဟုတ်ပေ။ သို့ဖြစ်ရာ အမှုသည်တစ်ဦးဦးက မိမိကိုယ်တိုင်သိရှိသော အချက်အလက်ကို ပွင့်ပွင့် လင်းလင်းတင်ပြခြင်းမပြုဘဲ ကွယ်ထောင့်ထိမ်ဝှက် ထားကာ မိမိအပေါ်ကျရောက်သောတာဝန်ကို မကျေပွန်လျှင် ထိုအမှုသည်အပေါ် သက်သေခံအက်ဥပဒေ ပုဒ်မ-၁၁၄၏ ဥပမာ(ဆ)အရ ဆန့်ကျင်ဘက်ကောက်ယူရမည် ဖြစ်ကြောင်း၊ ဂရားပရာဆပ်နှင့် ဦးကျော်ရွှေအမှု၁၀ ၁၉၆၆ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ ၁၁၆၃ တွင် ထုံးဖွဲ့ထားသည်။


အထက်စီရင်ထုံးများပါ သဘောတရားများကို လေ့လာလိုက်နာခြင်းဖြင့် ချေးငွေဆိုင်ရာ အငြင်းပွားမှုများတွင် ဥပဒေနှင့်အညီချုပ်ဆိုခြင်း၊ ဥပဒေနှင့်အညီ တရားစွဲဆိုခြင်း၊ သက်သေခံချက်များ တင်ပြခြင်းဖြင့် အမှုသည်များ အနေဖြင့် မိမိတို့၏နစ်နာမှုများအတွက် စွဲဆိုဆောင်ရွက်နိုင်ကြစေရန် စုဆောင်းတင်ပြအပ်ပါသည်။    ။