ချောင်းဦးမြို့နယ်တွင်  ရေကြီးနစ်မြုပ်မှုကြောင့်  ပျက်စီးခဲ့သော စိုက်ခင်းများအား   ပြန်လည်စိုက်ပျိုးပြီး၊ အစားထိုးစိုက်ခင်းများ ပိုးမွှားရောဂါကာကွယ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

ချောင်းဦး  ၈  ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး  မုံရွာခရိုင်  ချောင်းဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ရေကြီးနစ်မြုပ်ခဲ့သည့် ထိခိုက်ပျက်စီးခဲ့သော စိုက်ခင်းများအား သီးနှံများ ပြန်လည်စိုက်ပျိုးပြီး၊ အစားထိုးစိုက်ခင်းများ ပိုးမွှားရောဂါကာကွယ်နိုင်ရေး ဆူးလေကုန်း ကျေးရွာအုပ်စု၊ တောင်အင်းကျေးရွာ၊ ချောင်းမနားကျေးရွာအုပ်စု၊ ကျွန်းသာယာကျေးရွာနှင့် ညောင်ပင်သာ ကျေးရွာအုပ်စု၊ ဘုံတိုကျေးရွာများသို့ ဒီဇင်ဘာ ၈ ရက်၊ နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့နယ်တွင် အောက်တိုဘာလ နောက်ဆုံးပတ်နှင့် နိုဝင်ဘာလဆန်းရက်များတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် ချောင်းဦး မြို့နယ်အတွင်း မြစ်ချောင်းများ ရေကြီး ရေလျှံပြီး ဒုတိယအကြိမ် ချင်းတွင်းမြစ်ရေများ ဝင်ရောက်သဖြင့် ဆောင်းသီးနှံစိုက်ခင်းအချို့ ရေဝင်နစ်မြုပ်မှုရှိခဲ့ရာ ထိခိုက်ပျက်စီးသော သီးနှံများအား ပြန်လည်စိုက်ပျိုး ပြီးစီးခဲ့ပြီး၊ ဒုတိယအကြိမ် ရေကြီးနစ်မြုပ်မှုကြောင့် ပဲကြား၊ အစေ့ထုတ်ပြောင်း၊ စွန်တာနီ၊ မတ်ပဲ၊ ငရုတ် စသည့် ဆောင်းသီးနှံများ၊  စုစုပေါင်း သီးနှံ (၇)မျိုး စိုက်ဧက (၁၃၃) ဧက ထိခိုက်ပျက်စီးခဲ့ရာ မိုးစပါးပျက်စီးဧက(၂)ဧကနေရာတွင် ကုလားပဲ(၁)ဧကနှင့် အစေ့ထုတ်ပြောင်း(၁) ဧကကိုလည်းကောင်း၊ အခြားဆောင်းသီးနှံ စိုက်ခင်း နေရာများတွင် မူလသီးနှံကိုလည်းကောင်း၊ မြေပဲနှင့် ကုလားပဲကို အစားထိုး၍လည်းကောင်း ပြန်လည်စိုက်ပျိုးခဲ့ကြောင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ကွင်းတာဝန်ခံ လက်ထောက်ဦးစီးမှူး ဦးကျော်သူရထွန်း က ပြောပြသည်။

ပြန်လည်စိုက်ပျိုးထားသည့် သီးနှံစိုက်ခင်းများတွင် ပိုးမွှားရောဂါကျရောက်မှု အခြေအနေကို သိရှိနိုင်ရန်နှင့် ကြိုတင်ကာကွယ်နှိမ်နင်းမှုပြုနိုင်ရန် ရေကြီးနစ်မြုပ်သဖြင့် ပြန်လည်စိုက်ပျိုးသည့် ပဲမျိုးစုံနှင့် အစေ့ထုတ်ပြောင်း သီးနှံများတွင် ငမြှောင်တောင်ပိုး Fall Armyworm (FAW)နှင့် ကုလားပဲပင်ညိူးသေရောဂါ ကျရောက်တတ်သဖြင့် စနစ်တကျ ကာကွယ်နှိမ်နင်းတတ်စေရန် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယလက်ထောက် ဦးစီးမှူး ဦးအောင်ကျော်သူ က ပညာပေးဆွေးနွေးခဲ့သည်။

ကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းတာဝန်ခံများဖြစ်ကြသည့် လက်ထောက်ဦးစီးမှူး ဦးကျော်သူရထွန်း နှင့် ဒုတိယလက်ထောက် ဦးစီးမှူး ဦးအောင်ကျော်သူ၊ ဆူးလေကုန်းကျေးရွာအုပ်စု၊ တောင်အင်းကျေးရွာ၊ ချောင်းမနားကျေးရွာအုပ်စု၊ ကျွန်းသာယာကျေးရွာနှင့် ညောင်ပင်သာကျေးရွာအုပ်စု၊ ဘုံတိုကျေးရွာတို့မှ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အိအိအောင်(ချောင်းဦး)