ချောင်းဦးမြို့နယ်တွင် ကျေးလက်ရေပေးဝေရေးဆိုင်ရာ အချက်အလက်စစ်တမ်းများကောက်ယူ

ချောင်းဦး ၂၅  နိုဝင်ဘာ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်အတွင်း ကျေးလက်ဒေသနေပြည်သူများအတွက် သောက်သုံးရေ ပေးဝေရေးဆိုင်ရာ အချက်အလက်စစ်တမ်းများကို နိုဝင်ဘာလတတိယပတ်အတွင်းက ကွင်းဆင်းကောက်ယူခဲ့ကြောင်း ချောင်းဦးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုးဝင်း၏ ပြောကြားချက်အရ သိရသည်။

 

3

 

ရေမီတာသုံးစနစ်ဖြင့် သောက်သုံးရေသုံးစွဲသည့် အလေ့အကျင့်ကောင်းများပြန့်ပွားစေရန်၊ ရေချိုထိန်းသိမ်းမှုကို အထောက်အကူဖြစ်စေရန်နှင့် လက်ရှိရေမီတာသုံးစွဲနေသော ကျေးလက်နေပြည်သူ များ၏အကြံဉာဏ်ကောင်းများကို ရယူနိုင်ရန်အတွက် ကွင်းဆင်းစစ်တမ်းများကောက်ယူခြင်းဖြစ်ကြောင်း သိရသည်။

 

4

 

ကျေးလက်ရေပေးဝေရေး အချက်အလက်များ ကွင်းဆင်းစစ်တမ်းကောက်ယူမှုတွင် ချောင်းဦးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  တပ်ဆင်ပေးသည့်ကျေးရွာ(၆)ရွာ၊ ကိုယ်ထူကိုယ်ထစနစ်ဖြင့် တပ်ဆင်ထားသည့်ကျေးရွာ(၄)ရွာနှင့် ယူနီဆက်မြန်မာမှ တပ်ဆင်ပေးထားသော ကျေးရွာ(၁၂)ရွာတို့ရှိ အိမ်တိုင်ရာရောက် ရေမီတာသုံးစနစ်ဖြင့်ရေပေးဝေရေး တပ်ဆင်ပေးထားသောကျေးရွာ(၂၂)ရွာသို့ ကွင်းဆင်းကောက်ယူခြင်းဖြစ်ကြောင်းနှင့် ကျန်ရှိသော ကျေးရွာများသို့လည်းဆက်လက်ပြီး စစ်တမ်းကောက်ယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)