ချောင်းဦးမြို့နယ် ရှမ်းထူး ကျေးရွာ၌ ၂၄ နာရီ လျှပ်စစ်မီးဖွင့်ပွဲ ကျင်းပ

ချောင်းဦး ၅ နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦး မြို့နယ် ရှမ်းထူး ကျေးရွာ၌ အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း(NEP) အစီအစဉ်ဖြင့် ၂၄ နာရီ ကျေးရွာလျှပ်စစ်မီးရရှိရေး လုပ်ငန်းပြီးစီးပြီဖြစ်သဖြင့် မီးလင်းရေးအောင်ပွဲကို နိုဝင်ဘာ ၄ ရက်၊ ညနေ ၅ နာရီအချိန်တွင် ရှမ်းထူးကျေးရွာရှိ လျှပ်စစ်မီး ထရန်စဖော်မာရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

၂

 

ရှမ်းထူးကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး အမှတ်-၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်း နှင့် အမှတ်-၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်တို့က အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ချောင်းဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသက်လင်း က  လျှပ်စစ်မီး သုံးစွဲရာတွင် သတိပြုလိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ရန် ဆောင်ရန်များကို ပညာပေးရှင်းလင်း ပြောကြားခဲ့ပြီး၊ ချောင်းဦးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးမျိုးအောင် က အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေး စီမံကိန်း (NEP) Project နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်ပြီး ကင်မွန်းတော်ကျေးရွာအုပ်စု၊ ရှမ်းထူးကျေးရွာ မီးလင်းရေးကော်မတီဥက္ကဌ ဦးမြင့်ကျော်ဦး က ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းပြောကြားပြီး၊  ကင်မွန်းတော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဖိုးအေး ကကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သိရသည်။

 

အဆိုပါကျေးရွာတွင် အိမ်ခြေ ၃၂၆ အိမ်ရှိပြီး ကျေးရွာပြည်သူများ လျှပ်စစ်မီးကို အကျိုးရှိစွာ အသုံးပြုနိုင်ပြီဖြစ်သည်။  ချောင်းဦးမြို့နယ်တွင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းအရ ၂၄ နာရီ ကျေးရွာလျှပ်စစ်မီး ရရှိရေးလုပ်ငန်းများကို ကျေးရွာ ၉ ရွာတွင် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ကျေးရွာ ၈ ရွာမြောက် လျှပ်စစ်မီး ရရှိပြီဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးမျိုးအောင် က ပြောပြခဲ့သည်။

 

အိအိအောင် (ချောင်းဦး)