ချောင်းဆုံမြို့နယ် မရမ်းကျေးရွာ၌ သောက်သုံးရေ ဖူလုံစွာရရှိရေး ဆောင်းရွက်နေမှု ကွင်းဆင်းကြည့်ရှု

ချောင်းဆုံ၊  ၁၅     ဇန်နဝါရီ

 

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ရေရှားပါးသည့် ကျေးရွာများတွင် ပြည်သူများ သောက်သုံးရေ လုံလောက်စွာ ရရှိစေရန်အတွက် ချောင်းဆုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀- ၂၀၂၁  ဘဏ္ဍာနှစ် ရန်ပုံငွေဖြင့် မရမ်းကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်း၊ ရေစင်တည်ဆောက်ခြင်းနှင့် ရေပိုက် သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ဇန်နဝါရီ ၁၄ ရက် နံနက်က မွန်ပြည်နယ် ကျေး/လက်ဌာန ညွှန်ကြားရေးမှူး ဦးစိုးမောင်၊ ခရိုင်ဦးစီးမှူး ဦးအေးနိုင်၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းမော်၊ တာဝန်ခံ အင်ဂျင်နီယာနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

 

မရမ်းကျေးရွာသည် အိမ်ခြေ ၆၀၀ ကျော်ရှိပြီး ပင်လယ်နှင့်နီးသည့်အတွက် ရေငန်ဝင်ရောက်ခြင်းကြောင့် သောက်သုံးရေအတွက် ရေတွင်းတူးဖော်ရန် ယခင်လွှတ်တော်ရန်ပုံငွေ/ မြစိမ်းရောင် ကျေးလက်ဒေသ ဖွံ့ဖြိုးရန်ပုံငွေ၊ CDD စီမံကိန်း ရန်ပုံငွေဖြင့် ရေစင် လေးခု တည်ဆောက်ခဲ့ပြီး ရေများသိုလှောင်ထားသော်လည်း တစ်ရွာလုံး လွမ်းခြုံမှု မရှိနိုင်သေးကြောင်း၊ ယခုနှစ် ဘတ်ဂျက်ဖြင့် တည်ဆောက်သော ရေစင်ပြီးစီးပါက အိမ်ခြေ ၄၀၀ ကျော်ခန့်ကို ရေပေးဝေနိုင်မည်ဖြစ်သော်လည်း တစ်ရွာလုံး ရေလုံလောက်စွာ သုံးစွဲနိုင်ရန်အတွက် နောက်ထပ်ရေစင် နှစ်ခု လိုအပ်မည်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ် ရေးမှူး ဦးကျော်ငွေ က ပြောပြသည်။

 

mdn

 

ယခုအခါ မရမ်းကျေးရွာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရန်ပုံငွေကျပ် သန်းပေါင်း ၁၁ ဒသမ ၁၃၀ ရှိပြီး ID.STAR.G.LTD ကုမ္ပဏီမှ အဝီစိတွင်းနက် တူးဖော်ခြင်း၊ ရေစင်တည်ဆောက်ခြင်းနှင့် ဂါလန် ၂၄၀၀ ဆံ့ ကွန်ကရစ် ရေကန်တည်ဆောက်ခြင်း၊ ရေစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းကို ဇန်နဝါရီ ၉ ရက်က စတင်ပြီး တာဝန်ယူအ ကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ လုပ်ငန်းပြီးစီးပါက နေအိမ်အရောက် ရေပိုက် သွယ်တန်းနိုင်ရေးနှင့် ရေရှည်လည်ပတ် ပြင်ဆင် ထိန်းသိမ်းနိုင်ရေးအတွက် ကျေး/လက်ဌာနမှ ပြည်နယ်၊ ခရိုင်၊ မြို့နယ် တာဝန်ရှိသူများက ကျေးရွာရှိ ရေကော်မတီများအား ဆောင်ရွက်ရမည့်လုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး မှာကြားခဲ့ကြောင်း မြို့နယ်ကျေး/လက်ဦးစီးဌာနမှ သိရသည်။

 

မြို့နယ်(ပြန်/ဆက်)