ခြောက်ရက်သာခြားပြီး ဒုတိယအကြိမ်ပြန်တွေ့သည့် ပွဲစဉ်တွင် လက်စတာအသင်းက လီဗာပူးကို ရှုံးကြွေးပြန်လည်ဆပ်နိုင်ခဲ့

ပရီမီယာလိဂ်ပွဲစဉ် (၂၀) မှ အကောင်ဆုံးပွဲစဉ်တစ်ပွဲ ဖြစ်သည့် လက်စတာအသင်းနှင့် လီဗာပူးအသင်းတို့ ပွဲစဉ်ကို ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက ကင်းပါဝါကွင်း၌ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ လက်စတာအသင်းက လွတ်ခ်မန်း၏တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ခြောက်ရက်သာခြားပြီး ဒုတိယအကြိမ်မြောက် ပြန်တွေ့သည့် ယခုပွဲစဉ်တွင် လက်စတာအသင်း အနေဖြင့် ရရှိလာသည့်အခွင့်အရေးကို ကောင်းမွန်စွာအသုံးချကာ ကာရာဘောင်ဖလား ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့သည်။ လက်စတာနှင့် လီဗာပူးအသင်းတို့သည် ဒီဇင်ဘာ ၂၃ ရက်က ကာရာဘောင်ဖလား ပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် တွေ့ဆုံထားပြီး လီဗာပူးအသင်းက ပယ်နယ်တီအဆုံးအဖြတ်တွင် အနိုင်ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။

ယခုပွဲစဉ်တွင် ပထမအသင်း ကစားသမားအများစုလွဲချော်ခဲ့သော လက်စတာအသင်းသည် လီဗာပူး အသင်း၏ ဖိအားပေးထိန်းချုပ်ခြင်းခံခဲ့ရသော်လည်း လိုအပ်နေသည့် နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့သည်။ ပြိုင်ဘက် လီဗာပူးအသင်းအတွက် ယခုပွဲ ရှုံးနိမ့်မှုသည် ကြီးမားသော ထိုးနှက်ချက်နှင့် ကြုံတွေ့ခဲ့ရပြီး ပွဲအရေအတွက်တူ အဆင့်(၁)နေရာမှ မန်းစီးတီးအသင်းနှင့် ခြောက်မှတ်အထိ ကွာဟသွားခဲ့ပြီ ဖြစ်သည်။

လီဗာပူးအသင်းသည် ပွဲချိန် ၁၆ မိနစ်တွင် ပယ်နယ်တီကန်သွင်းခွင့်ရရှိခဲ့သော်လည်း ဆာလာ၏ ကန်သွင်းချက်ကို လက်စတာဂိုးသမား ရှမိုက်ကယ် လက်စွမ်းပြကာကွယ်နိုင်ခဲ့သည့်အတွက် နစ်နာ ခဲ့ရသည်။ ထို့အပြင် ရှမိုက်ကယ်သည် လီဗာပူးအသင်း၏ ဂိုးရရှိနိုင်သည့် အခွင့်အရေးများကိုလည်း လက်စွမ်းပြ ကာကွယ်ထားနိုင်ခဲ့ သည်ကိုတွေ့ရသည်။ လက်စတာအသင်းအတွက် တစ်လုံးတည်းသော သွင်းဂိုးကို ပွဲချိန် ၅၉ မိနစ်တွင် လွတ်ခ်မန်းက သွင်းယူပေးနိုင်ခဲ့သည်။

လီဗာပူးအသင်းသည် လက်စတာအသင်းကို ရှုံးနိမ့်ခဲ့သောကြောင့် ယခုနှစ်ရာသီ၏ ဒုတိယမြောက် ရှုံးပွဲနှင့် ကြုံတွေ့ခဲ့ရသည်။ လီဗာပူးအသင်းသည် ယခုပွဲစဉ်ပြီးလျှင် ချယ်ဆီး၊ အာဆင်နယ် စသည့် အသင်းကြီးများနှင့် ဆက်တိုက်ကစားသွားရမည်ဖြစ်သည်။ အခြားသော ပွဲစဉ်ရလဒ်များတွင် ပဲလေ့စ်က နော့ဝှစ်ခ်ျကို သုံးဂိုး-ဂိုးမရှိ၊ ဝက်စ်ဟမ်းက ဝက်ဖို့ဒ်ကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဆောက်သမ်တန်နှင့် စပါးအသင်းတို့ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။

အောင်ဇော်