ချောက်မြို့ အ.ထ.က(၁)ကျောင်း Facility Quarantine Centre တွင် အသုံးပြုရန် Automatic Trolley စက်တစ်လုံးလှူဒါန်း

ချောက် ၂၈ ဧပြီ

 

ချောက်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီး ဒေါက်တာအောင်သိန်းစိုးနှင့် အဖွဲ့သည် အ.ထ.က(၁)ကျောင်း Facility Quarantine Centre တွင် အသုံးပြုရန် Automatic Trolley စက်တစ်လုံးကို ယနေ့နံနက် ၁၁ နာရီက ချောက်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါစက်မှာ လျှပ်စစ်ဓာတ်အားသွင်း အသုံးပြုရပြီး မိုဘိုင်းဖုန်းထဲသို့ Arduino Application Software ထည့်သွင်း၍ ချိတ်ဆက်ခါ ဖုန်းဖြင့် တွဲဖက်အသုံးပြုရကြောင်း၊ 12 ဗို့ ဘတ္ထရီအသုံးပြုထားပြီး လျှပ်စစ်ဓာတ်အား ဖြည့်သွင်းသည့်အခါ အားပြည့်လျှင် အလိုအလျောက်ဖြတ်တောက်၍ ပေ ၁၈၀၊ ပေ ၂၀၀ ထိ အသုံးပြုနိုင်ကြောင်း၊ ကျောင်းအုပ်ကြီးနှင့် ဆရာများ ပူးပေါင်းဆောင်ရွက်မှုမှာ (၃)ရက်ခန့် တီထွင်ရကြောင်း၊ စက်၏ လိုအပ်သောပစ္စည်းအချို့ကို မန္တလေးမြို့က မှာယူလုပ်ဆောင်ရတာဖြစ်ကြောင်း၊ ကုန်ကျမှုမှာ ကျပ် ၃ သိန်းရှိကြောင်း သိရသည်။

 

ထို့နောက် စက်၏သုံးစွဲနိုင်မှုအဆင့်ဆင့်ကို ရှင်းလင်းကာ လက်တွေ့စမ်းသပ် မောင်းနှင်ပြသခဲ့ပြီး အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ချောက်)မှ ထုတ်လုပ်သည့် လက်ဆေးဆပ်ပြာရည်၊ ရေမလိုလက်ဆေးရည်တို့ကို အ.ထ.က(၁)ကျောင်း Facility Quarantine Centre သို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ကျော်မိုး(ပြန်/ဆက်)