ခြောက်ဘီးယာဉ်တစ်စီး ဘရိတ်ပေါက်ပြီး ဆီဆိုင်အားဝင်ရောက်တိုက်မိရာမှ မီးလောင်မှုဖြစ်ပွား

မူဆယ် ၁ မတ် 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ် တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့အနီးတွင်  ယနေ့ နံနက် ၁၀ နာရီ ၅၅ မိနစ်ခန့်က သခွားမွှေးတင်ဆောင်လာသည့် ခြောက်ဘီးယာဉ်တစ်စီး ဘရိတ်ပေါက်ကာ ဆဲဗင်းဟွာကျင့် ဆီဆိုင်ကို ဝင်ရောက်တိုက်မိသဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ (၁၀၅)မိုင် ကြက်ခြေနီစေတနာ့လုပ်အား ရှင်များနှင့် အနီးရှိပြည်သူများက မီးသတ်ယာဉ်(၉)စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းတည့် ၁၂ နာရီခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်ထိခိုက်မှုမရှိဘဲ ဝင်ရောက်တိုက်မိခဲ့သည့် ခြောက်ဘီးယာဉ်နှင့် ဆီဆိုင် အဆောက်အဦအချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

သန့်ဇင်(မူဆယ်)