ခြောက်ဘီးယာဉ် တောင်ကမ်းပါးဝင်တိုက်ပြီး တိမ်းမှောက်ခဲ့ရာ လူလေးဦးသေဆုံး

အင်္ဂပူ ၃၀ ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ကုန်းပြင်အုပ်စုအတွင်းရှိ ငထူကြောသို့ ဧပြီ ၂၉ ရက်နေ့ညက သွားရောက်စဉ် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး လူလေးဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ကွင်းကောက်မြောက်အုပ်စု တလုတ်ကုန်းကျေးရွာမှ ကုန်းပြင်အုပ်စုငထူကြောသို့ ဝါးများ တင်ဆောင်ရန် ခြောက်ဘီးယာဉ်အား ယာဉ်မောင်းဦးသန်းမင်းထိုက် မောင်းနှင်ခဲ့စဉ် မြန်အောင်တိုးချဲ့သစ်တောကြိုးဝိုင်းအကွက် အမှတ် (၇၂)ခန့်မှန်းအရောက်တွင် လမ်း၏ကုန်းဆင်း၌ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သည်။

 

ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါသူများမှာ အနီးရှိ ပေ(၅၀)အနက်ခန့်ရှိ ချောက်အတွင်းသို့ထိုးကျခဲ့ရာ ယာဉ်ပေါ်ပါလာသူများအနက် လူလေးဦး အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာများ ရရှိခဲ့သည်။

 

ယင်းကြောင့် ယာဉ်အား မဆင်မခြင် မောင်းနှင်သော ယာဉ်မောင်း သန်းမင်းထိုက်အား အင်္ဂပူမြို့နယ် ကွင်းကောက်နယ်မြေရဲစခန်းမှ အမှုဖွင့်ထားကြောင်း သိရသည်။

 

ဧရာဦးသာ