ချစ်ကြည်ရင်းနှီးမှုမှသည် ပန်းတိုင်ဆီသို့

ဝဏ္ဏ (TGI)

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Republic of Buryatia ပြည်နယ် Ulan-Ude မြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ စက်တင်ဘာလ ၁၀ ရက် လေ့လာရေးခရီးစဉ် အား နံနက်ပိုင်းကာလကပင်စတင်သည်။

ဆိုဗီယက်ရင်ပြင်ကို သွားရောက်လေ့လာ

နံနက်ပိုင်း လေ့လာရေးခရီးစဉ်အဖြစ် Ulan-Ude မြို့ရှိ ဆိုဗီယက်ရင်ပြင်ကို သွားရောက်လေ့လာ ကြသည်။ ရင်ပြင်နှင့်ပတ်သက်သည့် သမိုင်းကြောင်းနှင့် လက်ရှိအခြေအနေတို့အား Buryatia ပြည်နယ် အစိုးရအဖွဲ့အကြီးအကဲက ရှင်းလင်းတင်ပြပြီး ဆိုဗီယက်ပြည်ထောင်စု၏ အမျိုးသားခေါင်းဆောင် ကြီးဖြစ်သူ လီနင်၏ ဦးခေါင်းပုံရုပ်တုရှေ့တွင် အမှတ်တရမှတ်တမ်းဓာတ်ပုံရိုက်ကူးကြသည်။

ဒုတိယလေ့လာမည့်နေရာမှာ ရုရှားသိပ္ပံ အကယ်ဒမီ၊ မွန်ဂို၊ တိဘက်နှင့် ဗုဒ္ဓဘာသာလေ့လာရေး အင်စတီကျု ဆိုက်ဘေးရီးယားဌာနခွဲဖြစ်သည်။ အကယ်ဒမီသို့ အကြီးအကဲနှင့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိစဉ် အကယ်ဒမီ Director ဖြစ်သူ Mr. Bazarov Bois Vandanovich နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် အကယ်ဒမီအတွင်း လှည့်လည်ကြည့်ရှုခြင်းကို စသည်။ အကယ်ဒမီအတွင်း ထိန်းသိမ်းထားရှိသည့် ယဉ်ကျေးမှုအမွေအနှစ်များမှာ အမျိုးအစားအရ မနည်းလှသလို အရေအတွက်အားဖြင့် အတော်များပြားသည်ဟု ဆိုနိုင်သည်။ ရှေးဟောင်းယဉ်ကျေးမှု အနုပညာလက်ရာများ၊ ပန်းချီကားချပ်များ၊ တိဘက်လက်ရေးမူဖြင့် ရေးသားပြုစုထားသည့် ပိဋကတ်သုံးပုံမှ အဆုံးအမကျမ်းစာများ စသည်တို့ကို တူရာကိုစုစည်း၍ ကြည့်ချင်ဖွယ်ဖြစ်အောင် ထိန်းသိမ်းခင်းကျင်းထားသည်ကို တွေ့ရသည်။ 

အလားတူ ရှေးဟောင်းနက္ခတ္တဗေဒဆိုင်ရာ ကျမ်းစာများ၊ တိဘက်နှင့် မွန်ဂိုဘာသာစကားများ၏ အဆင့်ဆင့်ပြောင်းလဲလာမှုကို မှတ်တမ်းတင်ထားသည့် လက်ရာများကိုလည်း စနစ်တကျထိန်းသိမ်း ထားသည်ကို တွေ့ရသည်။ “ စာပေမြင့်မှ လူမျိုးတင့်မည်” ဆိုသည့်ဆိုရိုးစကားသည် သူတို့နိုင်ငံ၊ သူတို့ လူမျိုး၊ သူတို့ဆိုရိုးတွင်လည်း ရှိဟန်တူသည်။ စာပေလက်ရာများကို စနစ်တကျစုစည်းထိန်းသိမ်း ထားမှုကပင် ၎င်းအချက်ကို မှန်ကန်သည်ဟု ရည်ညွှန်းနေဟန်ရှိသည်။ 

ထပ်မံလေ့လာမှုတွင် မြန်မာနိုင်ငံနှင့် တိုက်ရိုက်ပတ်သက်သည့်ပစ္စည်းများကို တွေ့ရသည်။ ရှားပါးလှသော ထန်းပုရပိုက်များအပါအဝင် အခြားရှေးဟောင်းပုရပိုက်များကို ထိန်းသိမ်းထားခြင်းဖြစ် သည့်အတွက် အမိမြန်မာပြည်၏ စာပေသမိုင်းအချို့ကို တိုင်းတစ်ပါးကပင် သိရှိနေသည်ဟု ဂုဏ်ယူမိ သည်။ အခြားတစ်ဖက်တွင်လည်း ဤနှယ်တန်ဖိုး ထိုက်လှသည့် ရှေးဟောင်းပစ္စည်းအနုပညာလက်ရာ များ အဘယ်မျှပင် ပြည်ပသို့ရောက်ရှိနေသနည်းဟု အတွေးဖြင့် စိုးရိမ်စိတ်လည်းဝင်မိသည်။ ဤနှယ် သောအတွေးအပြင် အကြီးအကဲအနေဖြင့် ဤပစ္စည်းများကို မပျက်စီး၊ မယိုယွင်းစေရန် မည်သို့ထိန်းသိမ်းသည်လဲဆိုသည့် မေးခွန်းအပါအဝင် မေးခွန်းများစွာဖြင့် ရှေးဟောင်းယဉ်ကျေးမှုလက်ရာများကို ထိန်းသိမ်းကာကွယ်လိုမှုကို ပြသသည်။ တာဝန်ရှိသူများက အသေးစိတ်ရှင်းလင်းတင်ပြသကဲ့သို့ အကြီးအကဲကလည်း စိတ်ပါဝင်စားစွာ နားထောင်မှတ်သားသည်။ ထို့နောက် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခြင်းနှင့် အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ကူးကြပြီး လေ့လာရန် တတိယနေရာသို့ ကူးကြသည်။

ယခုတစ်ကြိမ် ထပ်မံသွားရောက်လေ့လာသည့်နေရာမှာ နျူကလီးယားဆေးဘက်ဆိုင်ရာစင်တာ၊ ကင်ဆာရောဂါကုသမှုဌာနဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့မှ ကျန်းမာရေးဝန်ကြီး Ms. Ludupova Evgenya နှင့် တာဝန်ရှိသူများက ကြိုဆိုသည်။ စင်တာအတွင်း လှည့်လည်ကြည့်ရှုလေ့လာစဉ် အဏုမြူရောင်ခြည် ဖြင့် ရောဂါရှာဖွေမှု၊ ကုသဆောင်ရွက်မှု အသုံးပြုလျက်ရှိသည့် စက်ကိရိယာများ၏ စွမ်းဆောင်ရည် များကို ပြည်နယ်ကျန်းမာရေးဝန်ကြီးနှင့်အဖွဲ့က လိုက်လံရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြချက် များအပေါ် သိလိုသည့်မေးခွန်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို မေးတန်မေး၍၊ ဆွေးနွေးတန်ဆွေးနွေးကာ အကြီးအကဲ၏ ကျန်းမာရေးကဏ္ဍအပေါ် စိတ်ပါဝင်စားမှုကိုပြသည်။

ရထားပြင်ဆင်ရေးအလုပ်ရုံ

မနေမနားသော လေ့လာရေးခရီးစဉ်အဖြစ် Ulan-Ude မြို့၏ ရထားပြင်ဆင်ရေးအလုပ်ရုံသို့ ဆက်လက်သွားရောက်လေ့လာကြသည်။ အကြီးအကဲ၏ လေ့လာရေးလာရောက်မှုကို ပြည်နယ် အစိုးရအဖွဲ့ ပို့ဆောင်ရေးဝန်ကြီး Mr. Olovyannikov Aleksei က ကြိုဆိုနှုတ်ဆက်ခြင်း၊ လိုက်လံရှင်းလင်း တင်ပြခြင်းတို့ဖြင့် အလေးအနက်ထားမှုကိုပြသည်။ မီးရထားခေါင်းတွဲအမျိုးမျိုးကို ထုတ်လုပ်၊ ပြင်ဆင်နေမှုနှင့် စက်ခေါင်းများ၏ စွမ်းဆောင်နိုင်မှုအခြေအနေ၊ အင်ဂျင်နှင့်ဆက်စပ်ပစ္စည်းများ တပ်ဆင်နေမှု စသည်တို့ကို လှည့်လည်ပြသရင်း ရှင်းလင်းတင်ပြမှုကို တစ်ပေါင်းတည်းဆောင်ရွက်သည်။ အကြီးအကဲကလည်း မြန်မာ့မီးရထား၏ အခြေ အနေအပေါ်မူတည်၍ သိရှိလိုသည့် မေးခွန်းများ မေးမြန်းရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြ သည်။ ရထားပြင်ဆင်ရေးအလုပ်ရုံတွင် လေ့လာမှုအပြီး၌ Ulan-Ude မြို့ ဘူတာရုံမှတစ်ဆင့် Irkutsk မြို့သို့ ရထားဖြင့်သွားရောက်သည်၊၊ သာမန်ခရီးသည် တင်ရထားမဟုတ်ဘဲ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ သမ္မတ ပူတင်အပါအဝင် နိုင်ငံ့အကြီးအကဲများကိုသာ စီစဉ်ပေးသည့် ရထားဖြစ်သည့်အတွက် အဆင့် အတန်းမြင့်လှသည်။ 

RZD “Russian Railways” မီးရထားလုပ်ငန်း

လမ်းခရီးရှိ RZD “Russian Railways” မီးရထားလုပ်ငန်း၏ RZD “International Railways” ကုမ္ပဏီတည်ရှိရာ Ulan-Ude ဘူတာသို့ ရောက်ရှိရာ General Director Mr. Sergey Stol-yarov နှင့်အဖွဲ့ဝင်များက ကြိုဆို၍ ဘူတာရုံအတွင်း လိုက်လံရှင်းလင်းပြသသည်။ ရှင်းလင်းတင်ပြမှုတွင် RZD “Russian Railways” ကုမ္ပဏီ၏ လျှပ်စစ်စွမ်းအင်၊ ဒီဇယ်စွမ်းအင်၊ ဓာတ်ငွေ့စွမ်းအင် အသုံးပြုသည့် စက်ခေါင်းများ၊ ကိုယ်ထည်တွဲများထုတ်လုပ်ခြင်းအပါအဝင် နည်းပညာဆိုင်ရာဆောင်ရွက် ထားရှိမှုများ၊ မြန်မာနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက် နိုင်မည့်အခြေအနေများကို ထည့်သွင်းရှင်းလင်းသည်။ နိုင်ငံတော်အကြီးအကဲကလည်း ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေနှင့် သိရှိလိုသည့် မေးခွန်းများကို မေးမြန်းသည်။

ဒီဇယ်၊ ဓာတ်ငွေ့ အစရှိသည့် လောင်စာအသုံးပြု ရထားပြေးဆွဲမှုထက် လျှပ်စစ်စွမ်းအင်အသုံးပြု သည့်ရထားများ ပြေးဆွဲနိုင်ရေး အလေးပေးနေသည်ကို အကြီးအကဲဆွေးနွေးမှု၊ မေးမြန်းမှုများတွင် တွေ့ရှိနိုင်သည်။ 

မီဒီယာအပေါ် အလေးအနက်ထား

၎င်းနောက် အကြီးအကဲလာရောက်မည့် အခြေအနေကို သိရှိထားကာ သတင်းလာရောက်ရယူသည့် Republic of Buryatia ပြည်နယ်မှ သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။ မေးမြန်းမှုများမှာ Buryatia ပြည်နယ်သို့ ရောက်ရှိစဉ် တွေ့မြင်ရသည့်အခြေအနေနှင့် အကြံ ပြုလိုသည့်အခြေအနေများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ပထဝီနိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်နိုင်မည့် လမ်းကြောင်းများအပေါ် သဘောထားအမြင်များ စသည်တို့အပြင် အခြားမေးခွန်းအချို့လည်းပါသည်။ ရရှိသည့်အချိန် နည်းပါးသည့်တိုင် အကြီးအကဲအနေဖြင့် အလေး အနက်ထားကာ ဖြေဆိုခြင်းဖြင့် မီဒီယာအပေါ် အလေးအနက်ထားမှုကိုပြသည်။ 

သတင်းမီဒီယာများနှင့် တွေ့ဆုံအပြီးတွင် ဦးတည်ရာဖြစ်သည့် Irkutsk ပြည်နယ် Irkutsk မြို့သို့ အထူးရထား ဆက်လက်ထွက်ခွာသည်။ လမ်းခရီးတစ်လျှောက်တွင် လှပသည့်ရှုခင်းများ၊ ကမ္ဘာ့အကြီးဆုံး သဘာဝရေချိုကန်ကြီးဖြစ်သည့် Baikal ရေကန်၏ ကမ်းစပ်တစ်လျှောက်ရှိ လှပ သည့်ရှုခင်းများက ရှုမငြီးဖွယ်။ အကြီးအကဲအနေဖြင့် သဘာဝရှုခင်းများကို စိတ်ပါဝင်စားသည်ထက် အထူးရထား၏ အခန်းများဖွဲ့စည်းထားရှိမှု၊ အပြင်အဆင်များ၊ မီးရထားလမ်းကြောင်းနည်းပညာများကို ရတန်သရွေ့သောအချိန်အတွင်း လေ့လာကြည့်ရှုသည်။ နံနက်နှောင်းပိုင်းမှစတင်သည့် အထူးရထားခရီးစဉ်သည် ဦးတည်ရာ Irkutsk မြို့ Passazhirskiy ဘူတာရုံသို့ ရောက်ရှိချိန်တွင် မွန်းလွဲပိုင်းသို့ပင် ရှိနေပြီဖြစ်သည်။ ဘူတာရုံတွင် Irkutsk ပြည်နယ်၏ အစိုးရအဖွဲ့အကြီးအကဲ Mr. Igor Ivanovich Kobzev နှင့် တာဝန်ရှိသူများက ကြိုဆိုပြီး ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ ခေါ်ဆောင်သည်။

ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ ရောက်ရှိစဉ်တွင် တွေ့ဆုံဆွေးနွေးမှုကို ပြုလုပ်သည်။ မြန်မာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တွင် အကြီးအကဲနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် နိုင်ငံတော် အဆင့်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တပ်မတော် အရာရှိကြီးများ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးနှင့် မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)တို့ ပါဝင်တက်ရောက်သည်။ Irkutsk ပြည်နယ် ဘက်တွင် အစိုးရအဖွဲ့အကြီးအကဲနှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ နယ်မြေဆိုင်ရာအကြီးအကဲ Ms. Kurbatova Lyudmila Anatolyevna နှင့် ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်သည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၈၀၀၀ ကျော် 

တွေ့ဆုံဆွေးနွေးမှုအား မြန်မာနိုင်ငံသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်သည်ကို စတင်ညွှန်းဆိုကာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုပုံဖော်ရင်း ဆွေးနွေးမှု ကိုစတင်သည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ဗဟိုချက်တွင်တည်ရှိပြီး ပြည်နယ်အတွင်း ကုန်ထုတ်လုပ် မှုအကြီးစားစက်ရုံ အများအပြားတည်ရှိနေမှု၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၈၀၀၀ ကျော် လည်ပတ် ဆောင်ရွက်နေမှုအခြေအနေများကို ဆက်လက်ဆွေးနွေးသည်။ ထိုသို့သောစက်ရုံများ၊ ရင်းနှီးမြှုပ်နှံ မှုများ အများအပြားတည်ရှိခြင်းကြောင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အရေးပါသည့် ပြည်နယ်တစ်ခု အဖြစ် ရပ်တည်နေသည်မှာ မထူးဆန်းလှသည်ဟု ထင်မြင်မိသည်။

မြန်မာနိုင်ငံနှင့် Irkutsk ပြည်နယ်တို့ကြား မဟာဗျူဟာမြောက် စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ကို အောင်မြင်စွာဆောင်ရွက်နိုင်မည့် အလားအလာကောင်းများ ရှိနေသည့်အခြေအနေကို ဆွေးနွေးမှုတွင် စီးပွားရေး လုပ်ငန်းရှင်များ စိတ်ဝင်စားမှု ပိုမိုမြင့်လာသည်ကို သတိပြုမိသည်။ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်မှုအခြေအနေ၊ မြေပေါ်မြေအောက် သယံဇာတများ ထုတ်လုပ်နိုင်မှု၊ သဘာဝအလှတရားများပြည့်စုံသည့်နိုင်ငံ ဖြစ်သည့်အတွက် ကမ္ဘာလှည့် ခရီးသွားများနှင့် ခရီးသွားလုပ်ငန်းတိုးတက်ဖွံ့ဖြိုးနိုင်မှု၊ ရင်းနှီးမြှုပ်နှံမှုများကို အောင်မြင်စွာဆောင်ရွက် နိုင်သည့်အခြေအနေ စသည့်အကြောင်းအရာများကို ဆွေးနွေးစဉ် လုပ်ငန်းရှင်များ၏ စိတ်ပါဝင်စားမှု အမြင့်ဆုံးဖြစ်လာသည်ကို မျက်နှာများတွင် အထင်းသားမြင်တွေ့ရသည်။ ကျန်းမာရေးကဏ္ဍအတွက် ဝန်ကြီးဌာနအချင်းချင်း၊ ဆေးရုံနှင့် ဆေးတက္ကသိုလ်များအချင်းချင်း ပညာရပ်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မှု၊ ဖလှယ်ဆောင်ရွက်နိုင်မှုများကို အမြင်ချင်းဖလှယ်၍ ဆက်လက် ဆွေးနွေးကြသည်။ ပန်းကိုလို၍ အပင်ကိုပျိုးခြင်းသာမက မြေဆီ၊ မြေဩဇာပါ ဖြည့်သွင်းနိုင်သည်ဟု ယူဆနိုင်မည့် ဆွေးနွေးမှုများဖြစ်သည်။ အနာဂတ်ခြေလှမ်းများအတွက် အစပျိုးခြေလှမ်းဆိုသည် ထက်ပင် ပိုသည်ဟုဆိုနိုင်မည်ထင်ပါသည်။ 

ဂုဏ်ပြုပန်းခွေချအလေးပြု

တွေ့ဆုံဆွေးနွေးမှုအပြီးတွင် အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ကာ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြသည်။ ထို့နောက် ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သည့် ဆိုဗီယက် စစ်သည်များအား ဂုဏ်ပြုထွန်းညှိထားသည့် မငြိမ်းသောမီး (Memorial Eternal Flame)နေရာသို့ သွားရောက်သည်။ အစိုးရအဖွဲ့ရုံးအနီးတွင်သာ ရှိသည့်နေရာဖြစ်၍ တစ်ခဏအတွင်းနှင့်ရောက်ရှိပြီး တိုင်းပြည်အတွက် အသက်ပေးလှူသွားသည့် စစ်သည်များကို ဂုဏ်ပြုပန်းခွေချအလေးပြုကြသည်။ အသက်ထက်မြတ်သည့်ဂုဏ်ကို ပိုင်ဆိုင်သွားခဲ့ရသူများကို အလေးအနက်ထားဂုဏ်ပြုခြင်းဖြင့် စစ်သည်ကောင်းပီသမှုကို အကြီးအကဲပြသည်။ 

ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စား လှယ်အဖွဲ့ကို Irkutsk ပြည်နယ် အစိုးရအဖွဲ့အကြီး အကဲက ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။ ဂုဏ်ပြုညစာစားပွဲတွင် ထူးခြားချက်တစ်ချက်လည်း ရှိသည်။ စက်တင်ဘာလ ၁၀ ရက်သည် Irkutsk ပြည်နယ်ထူထောင်မှု (၈၅)နှစ်ပြည့်မြောက်သည့် နေ့ဖြစ်ပြီး အထိမ်းအမှတ်အခမ်းအနားများကို စည်ကားစွာကျင်းပနေသည့် နေ့ရက်ဖြစ်သောကြောင့် ဖြစ်သည်။ ညစာစားပွဲမစတင်မီ အကြီးအကဲနှင့် ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲတို့က နှုတ်ခွန်း ဆက်စကားများ ကိုယ်စီပြောကြားကြသည်။ (၈၅) နှစ်ပြည့်မြောက်ခဲ့သည့် ပြည်နယ်ထူထောင်မှုကို အလေးထားဖော်ပြသည့် ဂုဏ်ပြုစကားများ၊ ခိုင်မာသည့်ရလဒ်ကောင်းများ ထွက်ပေါ်ခဲ့သည့် တွေ့ဆုံဆွေးနွေးမှုအခြေအနေများအပြင် Irkutsk ပြည်နယ် နောင်နှစ်ပေါင်းများစွာတိုင်သည်အထိ ဒေသခံများ အပါအဝင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ပြည်သူအားလုံး ကိုယ်၊ စိတ်၊ နှလုံးချမ်းမြေ့စေရန် ဆုမွန် ကောင်းတောင်းကြပြီး ညစာစားပွဲကို စတင်သည်။

ပြည်နယ်တည်ထောင်သည့် နေ့ထူး၊ နေ့မြတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စား လှယ်အဖွဲ့ ရောက်ရှိနေခြင်းဖြစ်သည့်အတွက် ဧည့်ခံဖျော်ဖြေသည့် သီဆိုဖျော်ဖြေမှုမှာ ပိုမိုမြူးကြွနေဟန်ရှိသည်။ အနုပညာရှင်များက ရိုးရာတေး သီချင်း၊ အကအလှများဖြင့် သီဆိုဖျော်ဖြေအပြီးတွင် အကြီးအကဲက ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ ဖျော်ဖြေရေးအဖွဲ့များက အချိုပေါ်သကာလောင်းသည့်နှယ် ပျော်ရွှင်ဝမ်းသာကြသည်။

ညစာစားပွဲအပြီးတွင် Irkutsk ပြည်နယ်အစိုးရ အဖွဲ့အကြီးအကဲက ထပ်မံဖိတ်ကြားခေါ်ဆောင်မှု တစ်ခုကိုပြုသည်။ တွေ့ဆုံရသည့်အချိန်ကာလတိုအတွင်း ရင်းနှီးချစ်ကြည်မှုကို ခိုင်မာစွာတည်ဆောက် နိုင်ခဲ့သည့်အတွက် သူနှင့်အတူ ပြည်နယ်ထူထောင်မှု (၈၅)နှစ်ပြည့်အထိမ်းအမှတ် မီးရှူး၊ မီးပန်း ပစ်ဖောက်ဂုဏ်ပြုမှုကို လိုက်ပါကြည့်ရှုရန် ဖိတ်ကြားသည်။ ကြည့်ရှုမှုကိုလည်း ပြည်သူလူထုနှင့်အတူ တကွကြည့်ရှုရန် စီမံထားပြီး ချစ်ကြည်ရင်းနှီးမှုကို ပုံဖော်ပြသလိုကြောင်း အညွှန်းစကားဖြင့်ဆိုသည်။ အချိန်ကာလအရ ညသန်းခေါင်အချိန်ရောက်ရှိနေသည့်တိုင် တစ်ဖက်အကြီးအကဲ၏အညွှန်းစကားဖြင့် ဖိတ်ကြားမှုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အပြုံးနှင့်လက်ခံ၍ လိုက်လံကြည့်ရှုအားပေးသည်။ မီးရှူး၊ မီးပန်း ပစ်ဖောက်ပြီး ချိန်တွင် သန်းခေါင်ယံအချိန်ပင်ကျော်သည်အထိ ဂုဏ်ပြုအားပေးပြီး တစ်နေ့တာခရီးစဉ်အား အဆုံးသတ်သည်။

သတင်းမီဒီယာများထက်တွင် မီးရှူး၊ မီးပန်း ပစ်ဖောက်မှုကို အကြီးအကဲမှ ကြည့်ရှုအားပေးနေသည့် သတင်းစာသားနှင့် ဓာတ်ပုံကိုသာ မြင်တွေ့နိုင်သည်။ ရုရှား- မြန်မာနှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်လေးစားယုံကြည်မှု၊ နားလည်မှုတို့ကိုမူ မမြင်နိုင်။ သို့သော် နှစ်နိုင်ငံလုံးရှိ အကြီးအကဲ များအပါအဝင် အပြုသဘောဆောင်သူတို့ကမူ တိတိကျကျပင် သိမြင်ခံစားနေလိမ့်မည်မှာ မလွဲဟု ယုံကြည်ရေးသားဖော်ပြအပ်ပါသည်။ ။