ချာရတီဖလားပြိုင်ပွဲကို ဇန်နဝါရီ ၅ ရက်တွင် ကျင်းပမည်

ဒီဇင်ဘာ ၂၄

 

၂၀၂၀ ရာသီကြိုပြိုင်ပွဲဖြစ်သည့် ချာရတီဖလားပြိုင်ပွဲကို ဇန်နဝါရီ ၅ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ၂၀၁၉ ရာသီ MNL အမှတ်ပေး ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ချန်ပီယံ ရန်ကုန်အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

 

မြန်မာနေရှင်နယ်လိဂ် ကော်မတီသည် ယင်းပြိုင်ပွဲကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၇ ရက်တွင် ကျင်းပမည့် လိဂ်ကော်မတီအစည်းအဝေးတွင် ကျင်းပမည့်ကွင်း၊ အချိန်နှင့် ကွင်းဝင်ကြေးများကို အတည်ပြုမည်ဖြစ်သည်။

 

ချာရတီဖလားပြိုင်ပွဲကို ၂၀၁၂ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး နှစ်စဉ်ကျင်းပခဲ့သည့် ပြိုင်ပွဲဖြစ်ကာ ရန်ကုန်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းသည် နောက်ဆုံးသုံးကြိမ်ဆက်တိုက် တွေ့ဆုံခြင်းလည်း ဖြစ်သည်။

 

ရန်ကုန်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းသည် ပြိုင်ပွဲတစ်လျှောက် လေးကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပြီး ပြီးခဲ့သည့် သုံးကြိမ်တွင် ရှမ်းယူနိုက်တက်အသင်းက နှစ်ကြိမ်အနိုင်ရကာ ရန်ကုန်အသင်းက တစ်ကြိမ် အနိုင်ရထားသည်။

 

၂၀၂၀ ခုနှစ်တွင် ကိုးကြိမ်မြောက် ကျင်းပမည်ဖြစ်ပြီး ပြီးခဲ့သည့် ရှစ်ကြိမ်တွင် ရန်ကုန်အသင်းက သုံးကြိမ်ဖြင့် အကြိမ်အများဆုံး ဗိုလ်စွဲထားကာ ဧရာဝတီနှင့် ရှမ်းယူနိုက်တက်အသင်းက နှစ်ကြိမ်စီ၊ မကွေးအသင်းက တစ်ကြိမ် ဗိုလ်စွဲထားသည်။

 

8

 

ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်အသင်းသည် ၂၀၁၉ ရာသီတွင် လေးကြိမ်တွေ့ဆုံခဲ့ပြီး ၂၀၁၉ ချာရတီဖလားပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက ပယ်နယ်တီတွင် အနိုင်ရကာ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ရန်ကုန်အသင်းက အချိန်ပို၌ အနိုင်ရခဲ့သည်။ အမှတ်ပေးပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက အဝေးကွင်း၌ အနိုင်ရကာ အိမ်ကွင်း၌ သရေကျခဲ့သည်။

 

ချာရတီဖလား ပြိုင်ပွဲတစ်လျှောက်တွင် ၂၀၁၂ ခုနှစ်၌ ဧရာဝတီအသင်းက ရန်ကုန်အသင်းကို ပယ်နယ်တီ အဆုံးအဖြတ် ခုနစ်ဂိုး-ငါးဂိုး၊ ၂၀၁၃ ခုနှစ်၌ ရန်ကုန်အသင်းက ဧရာဝတီအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ၂၀၁၄ ခုနှစ်၌ ရှမ်းယူနိုက်တက်အသင်းက ရန်ကုန်အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ ၂၀၁၅ ခုနှစ်၌ ဧရာဝတီအသင်းက ရတနာပုံအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ၂၀၁၆ ခုနှစ်၌ ရန်ကုန်အသင်းက ဧရာဝတီအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ၂၀၁၇ ခုနှစ်၌ မကွေးအသင်းက ရတနာပုံအသင်းကို သုံးဂိုး-ဂိုးမရှိ၊ ၂၀၁၈ ခုနှစ်၌ ရန်ကုန်အသင်းက ရှမ်းယူနိုက်တက်အသင်းကို ပယ်နယ်တီအဆုံးအဖြတ် ခြောက်ဂိုး-လေးဂိုး၊ ၂၀၁၉ ခုနှစ်၌ ရှမ်းယူနိုက်တက်အသင်းက ရန်ကုန်အသင်းကို ပယ်နယ်တီ အဆုံးအဖြတ် ငါးဂိုး-လေးဂိုးဖြင့် အနိုင်ရထားသည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်