ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံငွေ ငွေကျပ်သိန်း  ၂၁၀၀ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

ဝန်းသို  ၁၀  မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ပြည်သူပူးပေါင်းပါဝင် ဆောင်ရွက်မှုဖြင့် ပြည်သူများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်မည့်  ကျေးရွာဖွံ့ဖြိုး‌ရေးစီမံကိန်း(VDP)ရန်ပုံငွေ ငွေကျပ်သိန်း ၂၁၀၀ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ဝန်းသိုမြို့ရှိ  ဦးအောင်မြတ်ခန်း၌ ကျင်းပသည်။

 

a1

 

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်းနှင့် မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးနေမျိုးထွန်းတို့က အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းအကြောင်းနှင့် အခမ်းအနားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ‌ကျေးရွာလူထုအခြေပြု စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည့် ကျေးရွာများကို ချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာအား မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ပေးအပ်ခဲ့သည်။

 

ထို့နောက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း( VDP)ရန်ပုံငွေ ကျပ်သိန်း(၁၀၀)စီနှင့် ကျေးရွာဖွံ့ဖြိုး ရေးကော်မတီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အကူအညီဖြင့်ရေးဆွဲခဲ့သော ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း စာအုပ်တို့ကို ကျေးရွာ(၂၁)မှ တာဝန်ရှိသူများထံ လွှဲပြောင်း ပေးအပ်ခဲ့ကြသည်။

 

a2

 

ထို့နောက် ‌၂၀၁၈-၂၀၁၉ ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြသည့် ကျေးရွာများနှင့် ပြည်သူပူးပေါင်းပါဝင်မှု အကောင်းဆုံးနှင့် လုပ်ငန်းအကောင်အထည်ဖော်မှု အကောင်းဆုံကျေးရွာများကို ရွေးချယ်၍ဆုချီးမြှင့်ခဲ့ရာ ပထမဆု ကို ကင်းမြင်သာကျေးရွာ၊ ဒုတိယဆုကို မကျည်းကုန်းကျေးရွာ၊ တတိယဆုကိုသပြေသာကျေးရွာနှင့် ဂွေးကုန်းကျေးရွာတို့က ပူးတွဲရရှိခဲ့ကြကြောင်း သိရသည်။

 

ယခု ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီးမံကိန်းဖြင့် လမ်းလုပ်ငန်း (၁၇)ခု၊ တံတားလုပ်ငန်း(၁)ခု၊ ရေရရှိရေးလုပ်ငန်း(၁)ခု၊ မီးလင်းရေးလုပ်ငန်း(၁)ခု၊ ပညာရေး( စာသင်ကျောင်းဆောင်)လုပ်ငန်း(၁)ခု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ပြောသည်။

 

အခမ်းအနားကို တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် (၂)ဦး၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ယခုနှစ်စီမံကိန်းဆောင်ရွက်မည့်ကျေးရွာများ၊ ယခင်နှစ် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ် အကောင်အထည်ဖော်ခဲ့ကြသော ကျေးရွာများ၊ အသိအမှတ်ပြု ဂုဏ်ပြုဆုချီးမြှင့်ခံရသော ကျေးရွာများမှ ကော်မတီဝင်များ စုစုပေါင်း ၂၀၀ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

မွှေးကြူဇင်