ကျေးရွာနေပြည်သူများ မီးဘေးလုံခြုံရေး ကွင်းဆင်းအသိပညာပေး

ပွင့်ဖြူ ၊  ၁၈   ဇန်နဝါရီ     

           

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကံသာကြီးကျေးရွာနေ ပြည်သူများ မီးဘေးကြိုတင်ကာကွယ် နိုင်ရန်နှင့် မီးဘေးလုံခြုံစိတ်ချမှုရှိစေရန်အတွက် ပွင့်ဖြူမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက အသိပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သည်။

           

ထိုသို့ ဆောင်ရွက်ရာတွင် မီးသတ်တပ်ဖွဲ့ဝင်များက ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံ၍ မြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့် အချက်များကို အသိပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောပြီး တစ်အိမ်တက်ဆင်း သွားရောက်ကာ မီးဘေးလုံခြုံ စိတ်ချရမှု ရှိ/မရှိ၊ အရေးပေါ်မီးငြှိမ်းသတ်ရေးပစ္စည်းများ ဆောင်ရွက်ထားမှု ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးကြသည်။

           

ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး နယ်မြေအတွင်း သဘာဝဘေးအန္တရာယ်နှင့် ငလျင်ဘေး အန္တရာယ်များ ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်နိုင်ရေး အတွက် တပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ထားရှိပြီး ဇာတ်တိုက်လေ့ကျင့်မှုများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်သီဟ ထံမှ သိရသည်။

                                                                                                                                             

ရဲဝင်းနိုင်(ပြန်/ဆက်)