Kenya International ကြက်တောင်ပြိုင်ပွဲ ပထမအဆင့်တွင် သက်ထားသူဇာ အနိုင်ရ

၂၈ ဖေဖော်ဝါရီ

 

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် Future Series ပြိုင်ပွဲဖြစ်သော Kenya International 2020 ကြက်တောင်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းမှစ၍ ကင်ညာနိုင်ငံ၌ ကျင်းပရာ မြန်မာကြက်တောင် အားကစားမယ် သက်ထားသူဇာသည် ပထမအဆင့်တွင် အနိုင်ရပြီး ဒုတိယအဆင့်သို့ တက်ရောက်သွားသည်။

 

သက်ထားသူဇာသည် ပထမအဆင့်တွင် ပါကစ္စတန်ကစားသမား ပါလာဝါရှာနှင့် တွေ့ဆုံခဲ့ပြီး နှစ်ပွဲပြတ်အနိုင်ရခဲ့သည်။ သက်ထားသူဇာသည် လက်ရည်အသာဖြင့် ယှဉ်ပြိုင်ကစားကာ ၂၁-၁၂ မှတ်၊ ၂၁-၆ မှတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

 

သက်ထားသူဇာသည် ဒုတိယအဆင့်တွင် အိမ်ရှင်ကင်ညာကစားသမားနှင့် တွေ့ဆုံနေပြီး ဖေဖော်ဝါရီ ၂၉ ရက် (ယနေ့) ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကာ ယနေ့တွင် ဒုတိယအဆင့်နှင့် ကွာတားဖိုင်နယ်ကို တစ်ရက်တည်းကစားရမည်ဖြစ်သည်။

 

သက်ထားသူဇာသည် ယခုပြိုင်ပွဲ၏ လက်ရှိချန်ပီယံဖြစ်ပြီး ချန်ပီယံဆုကာကွယ်ရခြင်းဖြစ်သည်။ သက်ထားသူဇာ သည် လက်ရှိချန်ပီယံဖြစ်သောကြောင့် ဆီဒင်-၁ သတ်မှတ်ခံထားရပြီး ပထမအဆင့်မှ စတင်ကစားရခြင်းဖြစ်သည်။

 

သက်ထားသူဇာသည် Uganda International ပြိုင်ပွဲတွင် ချန်ပီယံဆုကာကွယ်ပြီးနောက် ယခုပြိုင်ပွဲတွင် ချန်ပီယံဆုထပ်မံ ကာကွယ်ရခြင်းဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်