ကျေးလက်သရေစာ ပဲသပြွမ်း(ပဲသားပြွမ်း)

အခုလို ချမ်းအေးတဲ့ ဆောင်းတွင်းအခါမျိုးဆိုရင် ငယ်ငယ်ကစားခဲ့ရတဲ့ သရေစာ ပဲသပြွမ်း(ပဲသားပြွမ်း)ကို သတိရလိုက်တာ။ မိမိတို့ကျောင်းသားဘဝက ဒုတိယအစမ်း စာမေးပွဲအပြီး ဒီဇင်ဘာ ခရစ္စမတ်ကျောင်း ရက်ရှည်ပိတ်တဲ့အခါ အဘိုးအဘွားတွေရှိရာ နယ်ဘက်ကို မိဘတွေက ပို့ထားလေ့ရှိပါတယ်။ ဆွေစုံမျိုးစုံတွေနဲ့ ရင်းရင်းနှီးနှီး ရှိအောင်လို့ဆိုတဲ့ ရည်ရွယ်ချက်များလည်း ရှိမယ်ထင်ပါရဲ့။ မိမိတို့ ကလေးတွေကလည်း နယ်ကညီအစ်ကို မောင်နှမ၊ ဒွေးတော်မိကြီး၊ ဦးလေး၊ ဦးကြီးတွေရဲ့ ဦးစားပေးခံရလို့ အပျော်ကြီး ပျော်ခဲ့ကြတာပေါ့။

 

မိမိဇာတိ မကျက်စု (၉) ရွာလေးက ပဲခူး သနပ်ပင်ချောင်းနှုတ်ခမ်းမှာ တည်ထားတာမို့ ဆောင်းတွင်းများဆို ချောင်းရေနဲ့ ဆောင်းလေကြောင့် အတော်ကိုအေးတာပါ။ မိမိတို့ ကလေးတစ်သိုက် စောင်ခြုံထဲကွေးလို့ကောင်းနေတုန်း အဘွားလုပ်သူက ငါ့မြေးတွေ ထကြတော့။ မုန့်လာစားကြလို့ နှိုးလိုက်ရင်ပဲ မိမိတို့တစ်တွေ “ဝုန်းခနဲ” နေအောင် စောင်ခြုံကြီး တွေနဲ့ထပြီး အဘွားရဲ့မီးဖိုနား ဝိုင်းကြတော့တာပါပဲ။

 

အဘွားကျွေးတတ်တဲ့ သရေစာက သူမနက်ဝေလီဝေလင်းကတည်းက ထပြီး ထိုးထားတဲ့ ပဲသပြွမ်းဆိုတဲ့ ကျေးလက်သရေစာပါ။ ခုခေတ်မှာတော့ အတော်များများ ကြားဖူးကြမယ်တောင် မထင်ပါဘူး။ အဘွားကညကတည်းက ကောက်ညှင်းနို့ဆီဘူး နှစ်လုံးလောက်နဲ့ ပဲကြီးတစ်ဘူးကို အင်တုံလေးတွေနဲ့ခွဲပြီး ရေစိမ်၊ ဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်တော့ အဘွားနိုးနှင့်နေပါပြီ။ ညကရေစိမ်ထားတဲ့ ပဲကြီးလေးတွေကို အခွံညှစ်၊ ကောက်ညှင်းဆန် ရေဆေးပြီး ဒယ်အိုးလေးထဲ ပဲကြီးနဲ့ရောပြီး ရေလက်တစ်ဆစ် လောက်ထည့်၊ ဆီတစ်ဇွန်း နှစ်ဇွန်းနဲ့ ဆား၊ နနွင်းလေး အနေတော်ခတ်ပြီး စလောင်းဖုံးဖုံးကာ ထင်းမီးဖိုလေးနဲ့ တည်ထားလိုက်တော့တာပါပဲ။

 

ဒယ်အိုးထဲက ပွက်သံကြားတော့ စလောင်းဖုံးလေးဖွင့်ပြီး ကောက်ညှင်းဆန်နဲ့ ပဲကြီး သမသွားအောင် မွှေပါတယ်။ ရေခန်းလောက်တဲ့အခါ အထက်အောက် နှံ့အောင်မွှေပြီး လှန်ပေးပြီး အဖုံးပြန်ဖုံးပါတယ်။ ကောက်ညှင်းဆန် ချိုးတူးနံ့လေးသင်းလာရင် ယောက်မနဲ့ အသာကော်ပြီး ကောက်ညှင်းဆန် နပ်-မနပ်ကို လက်လေးနဲ့ ဖျစ်ကြည့်ပါတယ်။ မာသေးတယ် ထင်ရင်ရေလေး အသာတောက်ပေးပါတယ်။

 

ဒယ်အိုးထဲက အငွေ့တွေလှိုင်လာပြီဆိုရင်တော့ အဖုံးဖွင့်၊ ဒယ်အိုးမကပ်အောင် ဒယ်ပြားလေးနဲ့ လှည့်လှည့်ထိုးပေးပါတယ်။ ဒယ်အိုးနဲ့ မုန့်သားကွာသွားတဲ့အခါ ဒယ်အိုး လက်ကိုင်နှစ်ဖက်ကို ကိုင်ပြီး “ဆတ်ခနဲ” လှန်ပေးလိုက်တော့ ဆီဝနေတဲ့ ကောက်ညှင်းချိုးသားက အပေါ်ကို အချပ်လိုက် ရောက်လာပါတော့တယ်။ ကောက်ညှင်း အပျဉ်လိုက်ကြီးကို ဖတ်ခနဲနေအောင် အထက်အောက်လှန်ပေးတဲ့ အဘွားရဲ့ကျွမ်းကျင်ပုံကို ဘယ်သူမှ လိုက်တုလို့မရပါဘူး။

 

တကယ်တော့ ပဲသပြွမ်းဆိုတဲ့ သရေစာက သားပြွမ်းဟင်းချက်သလို ကောက်ညှင်း ဆန်ကို ပဲကြီးရေစိမ်နဲ့ရောပြီး ထိုးထားတဲ့ ဆီထမင်းတစ်မျိုးပါ။ နို့ပေသိပဲကြီးရဲ့ ဆိမ့်တဲ့ အရသာက ကောက်ညှင်းနဲ့ရောပြီး ပျော်ဝင်နေတာမို့ ချိုဆိမ့်မွှေးပြီး စားတဲ့အခါ စီးစီးပိုင်ရှိလို့ အရသာထူးလှပါတယ်။ အခုခေတ်မှာတော့ စားဖူးတဲ့သူ အတော်နည်းလိမ့်မယ်ထင်ပါတယ်။ ပဲသြွပမ်းသရေစာက ထွေလီထွေလာ အမည်မများဘဲ လုပ်စားကြည့်ဖို့ရာလည်း မခက်ခဲတဲ့ ကျေးလက်သရေစာ တစ်မျိုးမို့ စမ်းကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ ...။ စံလွင် (ငါးဦးစီး)