ကျေးလက်လူငယ်များ ကွန်ပျူတာသင်တန်းသို့ World Vision အဖွဲ့မှ ကွန်ပျူတာများလှူဒါန်း

ကော့သောင်း ၊   ၁၉  ဒီဇင်ဘာ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် မလိဝမ်းကျေးရွာတွင် ကလေးငယ်များနှင့် လူငယ်လူရွယ်များအား သင်ကြားပို့ချပေးမည့် ကွန်ပျူတာသင်တန်းအတွက် လို့အပ်သည့် ကွန်ပျူတာများကို World Vision (ကော့သောင်း) အဖွဲ့ မှ ဒီဇင်ဘာလ ၁၈ ရက် နံနက်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာတွင် လူငယ်လူရွယ်များအား ကွန်ပျူတာပညာရပ်များကို အနာဂတ် အလင်းတန်း ကိုယ်ထူကိုယ်ထအဖွဲ့မှ ဖွင့်လှစ်သင်ကြား ပို့ချပေးလျှက်ရှိပြီး လှူဒါန်းပွဲတွင် နိုင်ငံတကာ INGO အဖွဲ့အစည်း တစ်ခုဖြစ်သည့် World Vision (ကော့သောင်း) အဖွဲ့မှ စီမံကိန်းမန်နေဂျာ ဒေါ်ဒီဘိုးရာက လှူဒါန်းမှုနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားကာ သင်ကြားမှုတွင် လိုအပ်သည့် ကွန်ပျူတာငါးစုံကို တာဝန်ရှိသူများသို့ ပေးအပ်လှူဒါန်းရာ သင်တန်းတာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

တိုးတက်ဖွံ့ဖြိုးလာသည့် ခေတ်စနစ်နှင့်အညီ ကွန်ပျူတာနည်းပညာရပ်များအား ကျေးလက်ဒေသ လူငယ်များအလွှာအထိ တတ်သိနားလည်ကြစေရန်ရည်ရွယ်ကာ ပညာဒါနအဖြစ် ကျေးရွာအတွင်းရှိ လူငယ်လူရွယ်များကို ကော့သောင်းမြို့၏ ပရဟိတ အဖွဲ့တစ်ခုဖြစ်သည့် အနာဂတ် အလင်းတန်း ကိုယ်ထူကိုယ်ထအဖွဲ့မှ သင်တန်းဆရာများက ပို့ချသင်ကြားပေးလျက်ရှိ ကြောင်းသိရသည်။

ကျော်စိုး (ကော့သောင်း)