ကျေးလက်ဟင်းတစ်ခွက် ကြက်သဟင်းရွက်

၁၁ သြဂုတ် 

 

တစ်မြန်နေ့က မနက်စောစောကြီး အင်းစိန်ဘက်မှာနေတဲ့ဂျီးဒေါ်(ကြီးတော်)ကြီးအိမ်ကိုပေါက်ချလာပါတယ်။လက်ထဲမှာလည်းကြိမ်ခြင်းကြီးဆွဲလို့ပါ။ ဂျီးဒေါ်ကြီးက အမေ့ရဲ့အစ်မအကြီးဆုံးဖြစ်ပြီး တူမကမွေးတဲ့ မြေးမကလေးနဲ့ အတူနေပါတယ်။ အခုအသက်၈၀အထိကို နားမထိုင်းခါးမကိုင်းဘဲ အင်းစိန်ကနေ YBS နှစ်ဆင့်စီးပြီး ကျွန်တော်တို့နေတဲ့ရေကျော်အိမ်ကို တစ်ယောက်တည်းရောက်ချလာတာပါ။

 

သူ့ခြံထဲမှာလည်း သီးပင်စားပင်အစုံကိုသူကိုယ်တိုင် အခုတိုင်စိုက်တုန်းပါ။ သူရောက်ချလာပြီဆိုရင် သူ့ခြံထွက် ဘူးသီး၊ ခရမ်းသီးကအစ ပင်စိမ်းနဲ့ရှမ်းနံနံအဆုံး သီးနှံစုံပါလာတတ်ပါတယ်။ ခုလည်း သူ့ခြံထဲကကြက်သဟင်း(ကြက်သားဟင်း)ရွက်တွေ ခူးလို့မနိုင်လို့ အိမ်နီးချင်းတွေဝေလို့မနိုင်လို့ဆိုပြီး လာပို့တာပါတဲ့။ ဂျီးဒေါ်ကြီးက အစားအသောက်အနေအထိုင် စည်းစနစ်ကျလို့ထင်ပါရဲ့ အခုအသက်တိုင် သွားနိုင်လာနိုင်နဲ့ဖျတ်ဖျတ်လတ်လတ်ရှိတုန်းပါ။

 

ငါးပိရည်စား၊ ငံပြာရည်သုံးပေမယ့်အမျိုးတွေရှိတဲ့ ဟင်္သာတနယ်ဘက်က ရေချိုကောင်လတ်ငါးပိကို ဆယ်ဝင်အိုးနဲ့သိပ်စားသူပါ။ ဝါးခြမ်းပြားလေးတွေနဲ့ ကုပ်နှိပ်ပြီးသိပ်ထားတဲ့ သူ့ငါးပိအိုးက လပြည့်ရက်ဆိုလျှံကျတဲ့အိုးတက်ရေကိုခပ်ပြီး ငံပြာရည်အဖြစသုံးပါတယ်။ ငါးခြောက်ဆိုလည်း ကိုယ်တိုင်ခွဲလှန်းပြီးစားပါတယ်။ ဒါကြောင့် အမျိုးတွေကသူ့ကွယ်ရာမှာ သူ့နာမည် ဒေါ်မျှင်ကို ကြီးကြီးမျှင်လို့ မခေါ်ကြဘဲ 'အော်ဂဲနစ်မျှင်'လို့ နာမည်ပြောင် ပေးထားကြပါတယ်။

 

သူ့ခြံထဲကယူလာတဲ့ ကြက်သဟင်း(ကြက်သားဟင်း)ရွက်ကို ကြားဖူးသူများပေမည့် စားဖူးကြသူတော့ နည်းလိမ့်မယ်လို့ထင်ပါတယ်။ ကြက်သဟင်းရွက်က ကျေးလက်ဒေသတွေမှာ ဟင်းချိုခတ်သောက်ရတဲ့ နာမည်ကြီးဟင်းချိုရွက်တစ်မျိုးပါ။ ကြက်သဟင်းရွက်လို့ဆိုတဲ့အတိုင်း ဟင်း ရွက်က စိမ်းဖန့်နေပြီး အမြင်လှရုံမက စားလို့ပါအရသာရှိလှတာကြောင့် ကြက်သားဟင်းနဲ့ ခိုင်းနှိုင်းထားတာများလားလို့ တွေးမိပါတယ်။ ဟင်းချိုရွက်တွေထဲမှာ ဘူးညွန့်၊ ဖရုံညွန့်ကနာမည်ကြီးပေမယ့်နူးညံ့ပြီး အရသာရှိတဲ့ နေရာမှာတော့ကြက်သဟင်းရွက် ကို မီမယ်မထင်ပါဘူး။

 

ဂျီးဒေါ်ကြီးချက်တဲ့ ကြက်သဟင်းရွက်ဟင်းချိုချက်ပုံကို တစ်မျိုးလုံးက အတုယူရပါတယ်။ ပထမဆုံး ကြက်သဟင်းရွက်ကို အရင်သင်ပြီး ရေဆေးပြီး စစ်ထားပါတယ်။ ဟင်းချိုအိုးကို ရေအနေတော်ထည့်တည်ပါမယ်။

 

အိုးထဲက ရေပွက်ပွက်ဆူမှ ဓားပြားရိုက်ထားတဲ့ကြက်သွန်ဖြူကိုထည့်ပြီး သူ့အိုးတက်ငံပြာရည်ခတ်ပါတယ်။ ပြီးရင် ဝါးညှပ်လေးနဲ့ အသင့်ကင်ထားတဲ့ ငါးပနော်ကင်ကို ဖဲ့ရွဲ့ပြီး ဟင်းခတ်အဖြစ်ထည့်ပါတယ်။ ဟင်းရည်ကိုအပေါ့အငန်မြည်းလို့ နည်းနည်းပေါ့တယ်ထင်ရင် ဆားလေးခတ်ပါတယ်။ ငံပြာရည်နဲ့ ဆားအငန်အရသာတူပေမယ့် ငံပြာရည်ကပေါ့ချို၊ ဆားကငန်ချိုမို့လို့ ဟင်းချိုအချိုလေးအောင် ဆားကူရတယ်လို့ဂျီးဒေါ်ကြီးက ပြောပါတယ်။

 

ဖိုပေါ်ကဟင်းရည်အရသာက စိတ်ကြိုက်ဖြစ်ရင် ဆီတစ်ပေါက်နှစ်ပေါက်လောက်နဲ့သင်ထားတဲ့ ကြက်သဟင်းရွက်ထည့်၊ တစ်ချက်နှစ်ချက်မွှေပြီး အိုးကိုချပါတော့တယ်။ ကြက်သဟင်းရွက်က နူးညံ့လှတာမို့ ဟင်းရည်ဆူဆူနဲ့ထိရင်ကို ပျော့ပျောင်းပြီး အကျက်မြန်ပါတယ်။

 

စိမ်းဖန့်နေတဲ့ ကြက်သဟင်းရွက်ရဲ့ အရောင်က ဟင်းချိုရေမှာပါကူးပြီး စိမ်းဖန့်ဖန့်လေးမို့မြင်ရုံနဲ့ကို သောက်ချင်စဖွယ်ပါ။ငါးကင်နံ့လေးသင်းနေတဲ့ ကြက်သဟင်းရွက် ဟင်းချိုပူပူလောလောလေးနဲ့ ငါးရံ့ခြောက်ကင် ဆီစိမ်နဲ့ဆို ခံတွင်းပျက်နေတဲ့နာလန်ထစ လူမမာများတောင် တောင်းသွင်းသလို ထမင်းဝင်တယ်လို့ ဂျီးဒေါ်ကြီးက ပြောပါတယ်။

 

စံလွင် (ငါးဦးစီး)