ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာစိုက်ပျိုးမွေးမြူရေး၊ သမဝါယမလုပ်ငန်းများနှင့် မြစိမ်းရောင်စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Multivitamin (EV,Solar Power Energy)

စက်မှုစီးပွားထူးချွန်ဆုရ အင်ဂျင်နီယာ (ထွန်း)

(ယမန်နေ့မှ အဆက်) 

မိမိတို့ အစပြုသုံးစွဲကြမည့် EV အရေအတွက်သည် အခြား EV များကို များစွာသုံးစွဲနေကြသည့် နိုင်ငံကြီး များကဲ့သို့ EV များစွာ စွမ်းအင်ဖြည့်တင်းပေးနိုင်သော Power Refilling Stations များ နေရာအနှံ့တွင် များပြားစွာတည်ဆောက်ပေးရန် မလိုအပ်ပါ။ 

လိုအပ်သည့် နေရာများ၌သာ စနစ်တကျ တည်ဆောက်သင့်

EV ယာဉ်အများစု ရပ်နားမည့် လိုအပ်သော နေရာများ၌သာ တည်ဆောက်ပေးခြင်းဖြင့် နောက်ဆုံး သုတေသနပြု အောင်မြင်လာသည့် (LiFe PO4 Batteries)၊ (Sodium ion Batteries)၊ (Solid State Batteries)၊ (Nano Diamond Batteries)၊ (Graphene Batteries)၊ (Borophene Batteries) များ ကဲ့သို့ Long Life Higher Energy Storage Batteries များနှင့် Self Charging (Quantum) Batteries များ၊ Fully Solar Energy စနစ် EV ယာဉ်များကို အသုံးများလာမည့် ခေတ်ကာလသို့ ရောက်သည့်အခါ များပြားစွာ တည်ဆောက်ထားခဲ့မိသည့် Power Refilling Station များအတွက် ရင်းနှီးထားခဲ့ရသည်များ ဆုံးရှုံးမှု မဖြစ်ရလေအောင် လိုအပ်သည့် နေရာများ၌သာ စနစ်တကျ စဉ်းစားသုံးသပ် စီမံဆောင်ရွက် ပေးသင့်ပါသည်။

ကျေးရွာများတွင် လယ်ယာမြေထွန်ယက်စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ရေး၊ ဆည်မြောင်းငယ်များ တည်ဆောက်ရေး၊ ပြည်သူများအတွက် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများနှင့် အထွေထွေသုံး ဈေးနှုန်းချိုသော EV ယာဉ်များ၏ ဘက်ထရီများကို အားဖြည့်သွင်းပေး နိုင်ရန်အတွက် Solar Energy Power Refilling Station ငယ်များ၊ EV ယာဉ်အုပ်စုအလိုက် စွမ်းအားဖြည့်သွင်းနိုင်မည့် နေရာများကို ကျေးရွာလူကြီးများ၊ သက်ဆိုင်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ပေးနေကြသည့် ဌာနဆိုင်ရာ ဦးဆောင်နေကြသူများ တိုင်ပင်ဆွေးနွေးကြပြီး သင့်လျော်သည့်နေရာများတွင် နိုင်ငံတော်အဖွဲ့အစည်းများ၏ အစီအစဉ်ဖြင့် စနစ်တကျ သတ်မှတ်တည်ဆောက်ပေးခြင်းဖြင့် အသုံးပြုသည့် ရွာသူရွာသားများ စရိတ်သက်သာ အဆင်ပြေနိုင်မည်ဖြစ်ပါသည်။

အမျိုးအစားများရွေးချယ်၍ ကန့်သတ်တင်သွင်းခွင့်ပေးသင့်

EV ယာဉ်များကို မြို့နယ်များနှင့် မြို့ကြီးများ၌ အစပြုသုံးစွဲလာရာတွင် ရေရှည် ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်းမှု အခက်အခဲ မဖြစ်စေရန်အတွက် ဝယ်ယူသုံးစွဲသွားနိုင်မည့် EV ယာဉ် အမျိုးအစားများ၏ system ကို စဉ်းစားရွေးချယ် သတ်မှတ်ပေးထားပြီး ထို System EV ယာဉ် Good Second Hand များကိုသာ အစပိုင်းတွင် ကန့်သတ်တင်သွင်းခွင့်ပေး၍ မိမိပြည်သူအများ လျင်မြန်စွာ ဝယ်ယူသုံးစွဲခွင့်ရနိုင် စေခြင်းဖြင့် မိမိနိုင်ငံတွင် EV ယာဉ်များဖြင့် ICE ယာဉ်များနေရာကို အစားထိုးပေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ICE ယာဉ်များတွင်အသုံးပြုရန် လိုအပ်သော လောင်စာဆီများကို နိုင်ငံတော်၏ FE ဖြင့် ဝယ်ယူဖြည့်တင်းပေးရမှုကို သိသာစွာ လျှော့ချသွားနိုင်မည် ဖြစ်ပါသည်။

ပြုပြင်ထိန်းသိမ်းရေး

EV ယာဉ်များ ပြည်တွင်း၌ ပေါ်ပေါက်အသုံးပြု လာသည်နှင့် တစ်ပြိုင်နက် ပြုပြင်ထိန်းသိမ်းရေး အတွက် ကျွမ်းကျင်နည်းပညာရှင်များကို လုံလောက်စွာ ပေါ်ထွက်လာစေအောင် တစ်ချိန်တည်း သင်ကြား ပြုစုလေ့ကျင့်ပေးထားရန် လိုအပ်မည်ဖြစ်သကဲ့သို့ EV ယာဉ်များ ပြုပြင်ရန်အတွက် လိုအပ်သော Spare parts & Components များကို အခက်အခဲမရှိ လွယ်ကူလျင်မြန်စွာ အဆက်မပြတ် ဝယ်ယူရရှိရေးကိုလည်း အလေးထားစီမံထားပေးရန် လိုအပ်ပါမည်။

EV ယာဉ်များနှင့် ပတ်သက်၍ မိမိပြည်သူများ သုံးစွဲရာတွင် လည်းကောင်း၊ ပြုပြင်ထိန်းသိမ်း ရာတွင်လည်းကောင်း အတွေ့အကြုံများစွာ ရရှိလာကြပြီးသည်နှင့် EV ယာဉ်များ ပြုပြင်ထိန်းသိမ်းမှုကိုလည်း ကျွမ်းကျင်လာကြမည့်အလျောက် မိမိတို့ ပြည်တွင်း၌ မထုတ်လုပ်နိုင်သေးသော Parts နှင့် Components များကို ဝယ်ယူတင်သွင်းပြီး မိမိပြည်တွင်း၌ CKD, SKD တပ်ဆင်ထုတ်လုပ်ခြင်းဖြင့် ပြည်သူများ ဈေးသက်သာစွာ ဝယ်ယူအသုံးပြုနိုင်ခွင့် ရစေမည်ဖြစ်သည်။ ထိုမှ တစ်ဆင့်တိုး၍ မိမိတို့နိုင်ငံနှင့် ရင်းနှီးစိတ်ချရသော အိမ်နီးချင်းနိုင်ငံကြီးများဖြစ်ကြသည့် အိန္ဒိယနိုင်ငံနှင့် အကျိုးတူ (SONO Fully Solar EV)ယာဉ်များ မိမိနိုင်ငံအတွင်း ထုတ်လုပ်နိုင်ရေးစီမံခြင်း၊ အရည်အသွေးမြင့် EV ယာဉ်အမျိုးမျိုး ထုတ်လုပ်ကာ ကမ္ဘာ့ဈေးကွက်ကို စိုးမိုးထားနိုင်သည့် အိမ်နီးချင်း တရုတ်နိုင်ငံနှင့် EV အမျိုးမျိုး မိမိနိုင်ငံတွင်း ထုတ်လုပ်နိုင်ရေးတို့ကိုလည်း နှစ်နိုင်ငံအကျိုးတူ အစီအမံများဖြင့် ဆောင်ရွက်သင့်ပါသည်။ သီးခြား အဖွဲ့နှစ်ဖွဲ့ ဖွဲ့စည်းကာ နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်၍ EV ယာဉ်များ/ Solar EV ယာဉ်များ တင်ပို့ရောင်းချနိုင်လျှင် မိမိနိုင်ငံ၏ စီးပွားရေး အလျင်အမြန် ဦးမော့စေမည်ဟု မြင်ပါသည်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဖြင့် လျှပ်စစ်ဓာတ်အား ပံ့ပိုးဖြည့်တင်းနိုင်ရေး

ထိုသို့ EV များ၊ Fully Solar EV များ ထုတ်လုပ်ရာတွင် ပူးပေါင်းပါဝင်ခွင့်ပြုနိုင်သော မိမိတို့နိုင်ငံ MSMEs လုပ်ငန်းများ၊ စက်ရုံကြီးငယ် တစ်ခုချင်းစီနှင့် စက်မှုဇုန်များ၏ ထုတ်လုပ်မှု လုပ်ငန်းများအတွက် လိုအပ်မည့် လျှပ်စစ်စွမ်းအားရရှိစေရန် နေရောင်ခြည်စွမ်းအင်၊ လေအားစွမ်းအင်၊ ရေအားစွမ်းအင်၊ ရေတံခွန်စီးဆင်းသည့်ရေကြောမှ Hydropower လျှပ်စစ်စွမ်းအင် ထုတ်ယူခြင်းအပြင် မိမိတို့ နည်းပညာရှင်များက ပြန်လည်ပြည့်ဖြိုး  စွမ်းအင်များကို  ဆက်စပ်ပေါင်းစပ်ကာ ဆောင်ရွက်ရပါမည်။ Wind Power & Solar Power Pumps Group Pumping System များ အသုံးချ၍ အောက်ခြေ မြေအနိမ့်မှရေကို အထက် မြေအမြင့်ရှိ ရေသိုလှောင်ကန်သို့ ရေစုပ်တင်ကာ ထိုအထက်မြေအမြင့် ရေသိုလှောင်ကန်မှ အောက်ခြေ မြေအနိမ့် ရေကန်၊ အင်းအိုင်၊ မြစ်ချောင်း များသို့ ရေပို့လွှတ်ပိုက်လိုင်းဖြင့် ပြန်လည်စီးဆင်းစေပြီး ထိုပိုက်လိုင်းတစ်နေရာတွင် ရေအားလျှပ်စစ်ထုတ် တာဘိုင်တပ်ဆင်၍ Open-loop Pumped Hydro-power ဖြင့် လျှပ်စစ်စွမ်းအားရစေအောင် စီမံပေးခြင်း ဖြင့် လည်းကောင်း၊ အောက်ခြေမြေအနိမ့်ရေကို အထက်မြေအမြင့်ရှိ ရေလှောင်ကန်သို့ ရေစုပ်တင် သိုလှောင်နိုင်သည့် သဘာဝမြေအနေအထားပေးသော နေရာတိုင်းတွင်လည်းကောင်း Wind Power & Solar Power Pumps Group Pumping System အသုံးပြုကာ Open-loop Pumped Hydropower စွမ်းအား ဖော်ဆောင်ပေးနိုင်သည့် အရပ်ဒေသတိုင်းတွင် လျှပ်စစ်စွမ်းအား ထုတ်ယူပေးကာ ပိုလျှံသော လျှပ်စစ်စွမ်းအားကို မိမိတို့ လက်ရှိ မဟာ ဓာတ်အားလိုင်းကြီးအတွက် လျှပ်စစ်ဓာတ်အား ပံ့ပိုးဖြည့်တင်းပေးနိုင်အောင် စီမံပေးနိုင်ခြင်းဖြင့် မြန်မာပြည်နေရာအနှံ့တွင် လျှပ်စစ်ဓာတ်အားရရှိစေ မည်ဖြစ်ပါသည်။ မြန်မာပြည်နေရာအနှံ့တွင် လျှပ်စစ် ဓာတ်အား ပြည့်ပြည့်ဝဝ အသုံးပြုခွင့်ရပါက ကဏ္ဍတိုင်း၏ ကုန်ထုတ်လုပ်မှုများကို စွမ်းအားပြည့် စွမ်းဆောင်နိုင်ခြင်းဖြင့် နိုင်ငံတော်ကြီး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေရေး ဖန်တီးနိုင်မည်ဖြစ်ပါသည်။

လယ်ယာစိုက်ပျိုးမွေးမြူရေး၊ ကျေးလက်ဖွံ့ဖြိုးရေး လမ်းများဖောက်လုပ်ရေး၊ အသေးစားဆည်မြောင်း လုပ်ငန်းအတွက် အသုံးပြုရန် လိုအပ်သော စက်ပစ္စည်း ကိရိယာများ လည်ပတ်နိုင်ရေးအတွက် လိုအပ်သည့် စွမ်းအားများကို ဆိုလာစွမ်းအင်ဖြင့် တိုက်ရိုက် ချိတ်ဆက်အသုံးပြုနိုင်သလို EV ယာဉ်များအတွက်မူ တစ်ဆင့်ခံ ဘက်ထရီများကို ဆိုလာစွမ်းအင် Charging စနစ် အသုံးပြုကာ လိုအပ်သည့်အခါတိုင်း ဈေးသက်သာစွာ  အားဖြည့်သွင်းပေးနိုင်အောင် ဆောင်ရွက်နိုင်ပါသည်။ အစဉ်ပြန်လည်ပြည့်ဖြိုးနေသော သဘာဝစွမ်းအင် နေရောင်ခြည်သည် ကျေးလက်ဒေသနေ တောင်သူလယ်သမားများအား ထိရောက်စွာ ထောက်ပံ့မှုပေးနိုင်ပါသည်။ 

Solar Panel များ ထုတ်လုပ်နိုင်ရေး

 Heavy Solar Panel များအပြင် တိုးတက်လာသော နည်းပညာအသစ်ဖြစ်သည့် ဈေးသက်သာပြီး နေရောင်ခြည်စွမ်းအင်ကို ဖမ်းယူနိုင်စွမ်း ပိုမိုကောင်းမွန် ၍ ပေါ့ပါးပါးလွှာသော (Thin Flexible Multiple Wafer Solar Sheet) များကို မိမိတို့ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန်အတွက်လည်း နည်းပညာကျွမ်းကျင်သော တိုင်းပြည်များနှင့် နှစ်နိုင်ငံ အကျိုးတူပူးပေါင်း ဆောင်ရွက်ကာ Solar EV များ၊ Fully Solar EV များကို လျှပ်စစ်မီးမရသေးသည့် နေရာများ၌ အသုံးပြုနိုင်ရန်နှင့် ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေးအတွက်ပါ အလျင်အမြန် စတင်အကောင်အထည်ဖော်၍ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် ထောင့်စုံမှ စွမ်းအားများ ရရှိအသုံးချနိုင်ရေး ဆောင်ရွက်သင့်ပါသည်။

Wind Power Generation System နှင့် Hydro Power Generation System တို့ကို မိမိတို့ လက်ရှိ သုံးနေသည့်အခြေအနေထက် တိုးတက်သည့် နောက်ဆုံးပေါ် နည်းပညာဖြင့် မိမိပြည်တွင်း၌ ထုတ်နိုင်ရန်လည်း စီမံဖို့လိုအပ်ပါမည်။

Solar Power Systems များတွင် ယနေ့ခေတ်မီ အသုံးပြုလာနိုင်နေကြသော Thin Flexible Multi- ple Wafer Solar Sheet များကို  နည်းပညာ ကျွမ်းကျင်စွာအသုံးပြု ထုတ်လုပ်နိုင်မည့် ခင်မင်ရင်းနှီးသော အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းပြီး မိမိတိုင်းပြည်အတွင်းထုတ်လုပ်၍ ပြည်တွင်းပြည်ပ ရောင်းချဖြန့်ဖြူးပေးနိုင်အောင်လည်း ဖော်ဆောင်ပေးသင့်သောကာလ ဖြစ်ပါသည်။

 (ဆက်လက်ဖော်ပြပါမည်)