ကျေးလက်ဒေသအခြေပြု သီးနှံအခြောက်ခံစက်များနှင့် သီးနှံသိုလှောင်ရုံများ တည်ဆောက်ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ 

နေပြည်တော်  ၅  နိုဝင်ဘာ

ဆန်စပါးနှင့် လယ်ယာထွက်ကုန်များ အရည်အသွေးမြှင့်တင်နိုင်ရေး၊ ရိတ်သိမ်းချိန်လွန်ကာလ သီးနှံများ၏ အရည်အသွေး ကျဆင်းမှုနှင့် လေလွင့်ဆုံးရှုံးမှု လျော့နည်းစေရေးတို့အတွက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က အဆိုပြုတင်ပြလာသော “ကျေးလက်ဒေသအခြေပြု သီးနှံအခြောက်ခံစက်များနှင့် သီးနှံ သိုလှောင်ရုံများ တည်ဆောက်ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ”ကို ယမန်နေ့  မွန်းလွဲပိုင်းက Web Conferencing စနစ်ဖြင့် ကျင်းပသည်။

ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် စီမံကိန်းဦးစီးဌာန ၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ ဒေသအသီးသီးတို့မှ တာဝန်ရှိသူများ က Zoom Application အသုံးပြု၍ ပါဝင်တက်ရောက်ကြသည်။
 
ဆွေးနွေးပွဲတွင် စီမံကိန်းအကောင်အထည်ဖော်ရေးအတွက် လိုအပ်သောရန်ပုံငွေနှင့်  ပြည်ပချေးငွေရရှိရေး အတွက် ဆောင်ရွက်ခြင်းအစီအစဉ်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ သဘောထားမှတ်ချက်များနှင့် အကြံပြုချက်များ၊ စီမံကိန်း၏ အကျိုးသက်ရောက်နိုင်မှု အလားအလာများ၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာဥပဒေများနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ချက်များ၊ တွေ့ကြုံရမည့် အခက်အခဲနှင့် စိန်ခေါ်မှုများ၊ ၄င်းစိန်ခေါ်မှုများတို့ကို လျှော့ချဖြေရှင်းမည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။

စိုက်ပျိုးရေးထွက်ကုန်များ၏ ရိတ်သိမ်းချိန်လွန်ဆုံးရှုံးမှုလျော့ချရန်၊ အရည်အသွေးမြှင့်တင်ရန်၊ အမျိုးသား ပို့ကုန်မဟာဗျူဟာအား အထောက်အကူပြုရန်နှင့် MSMEs လုပ်ငန်းရှင်များ၏ စွမ်းဆောင်ရည်တိုးတက်ရန် တို့အတွက် မျှော်မှန်းဆောင်ရွက်မည့် အဆိုပါစီမံကိန်းတွင် ဆန်စပါး၊ မြေပဲ၊ နှမ်း၊ အစေ့ထုတ်ပြောင်း၊ ပဲမျိုးစုံစသည့် သီးနှံများအတွက် သီးနှံအခြောက်ခံစက်များနှင့် သီးနှံသိုလှောင်ရုံများ တည်ဆောက်ရန် စီစဉ်ထားကာ နိုင်ငံတော်အစီအစဉ် မတည်‌ငွေ၊ တောင်သူအစုအဖွဲ့ထည့်ဝင်ငွေနှင့် အတိုးနှုန်းသက်သာသော နိုင်ငံတကာချေးငွေတို့ဖြင့် ဆောင်ရွက်သွားရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှု၊ နည်းပညာပူးပေါင်းမှုတို့ဖြင့်  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ပုဂ္ဂလိကကဏ္ဍ၏ ဦးဆောင်မှုဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ သိရသည်။

ဂျိုင်းလော(သတင်းစဉ်)